စီးပွားရေး

အိုင်ဗရီကို့စ် ပြဿနာကြောင့် ပြည်ပ ဆန်တင်ပို့မှု မထိခိုက်နိုင်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ရက်ပိုင်းက အိုင်ဗရီကို့စ် နိုင်ငံတွင် အရည်အသွေး မပြည့်မီ ဟုဆိုကာ မြန်မာနိုင်ငံက တင်ပို့သည့် ဆန်များ ဖျက်ဆီး ခံရခြင်းကြောင့် ပြည်ပဆန် တင်ပို့မှုကို မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောသည်။

အဆိုပါ အိုင်ဗရီကို့စ် နိုင်ငံတွင် မြန်မာ့ဆန် တင်ချိန် ၁၈၀၀၀ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူ များက ဧပြီလ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သည်။

ဦးရဲမင်းအောင်က“ကျနော်တို့ ဆီက ဆန်ဝယ်ယူနေတဲ့ Buyer တော်တော်များများက ဒီဖြစ်စဉ် အပေါ် ကောင်းကောင်း သဘောပေါက်တဲ့ အတွက် ပြည်ပ တင်ပို့တဲ့ အပိုင်းမှာ သက်ရောက်မှု မရှိနိုင်ဘူး”ဟု ဆက်လက် ပြောဆိုသည်။

ယင်းကိစ္စသည် မြန်မာ့ဆန်များ၏ အရည်အသွေးနှင့် သက်ဆိုင်မှု မရှိဘဲ ပြည်တွင်း ကုမ္ပဏီများထံမှ ဝယ်ယူပြီး အာဖရိ က နိုင်ငံများကို သွားရောက် ရောင်းချသော စင်ကာပူ ကုမ္ပဏီ Olam International နှင့် သက်ဆိုင်မှု ရှိပြီး ယင်းအပြင် ပြည်ပ ဆန်ကုန်သည်များနှင့် မြန်မာ့ဆန်များကို ဝယ်ယူနေသည့် နိုင်ငံခြား ဆန်ကုမ္ပဏီများက အချိန်ကြာမြင့်စွာ ထားခြင်း နှင့် မိုးရေစိုပါက ဆန်များသည် ယင်းသို့ ပျက်စီးမှု ရှိသည်ကို သိရှိထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အာဖရိက ဈေးကွက်ရှိ စားသုံးသူများ အနေဖြင့် မြန်မာ့ဆန်များအပေါ် သတင်း အချက်အလက် တိတိ ကျကျ မရရှိဘဲ စိုးရိမ်မှုများ ရှိနေမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ဆန်များကို ဈေးနှုန်းနည်းပါးခြင်းနှင့် မြန်မာ့ဆန် အရသာနှင့် အရည်အသွေးကိုသာ နှစ်ကြိုက်သည့် အာဖရိက နိုင်ငံများ ရှိနေခြင်းကြောင့် အာဖရိက ဈေးကွက်သို့ မြန်မာ့ဆန်များ ပုံမှန်အတိုင်း တင်ပို့နေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက“အာဖရိက ဈေးကွက်ကို အဲဒီသင်္ဘော နောက်မှာ နောက်ထပ် သဘောၤ ၁၅ စင်းလောက်တောင် ထပ်သွားနေတာ မြန်မာ့ဆန်တွေ အရည်အသွေး မမီရင် ကျန်တဲ့ သင်္ဘော တွေမှာကျတော့ ဘာလို့ မဖြစ်လဲ”ဟု ပြောဆိုသည်။

ပြည်ပ ဆန်တင်ပို့မှု ပိုမို ကောင်းမွန်လာစေရေး အတွက် အစိုးရ အနေဖြင့်လည်း G to G တင်ပို့နိုင်မည့် ကိစ္စများ ဆောင် ရွက်နေခြင်းနှင့် မြန်မာ့ဆန် အရည်အသွေး စံချိန်စံညွှန်းနှင့် ပတ်သက်မှုများကို ဆန်စပါး အသင်းချုပ် အနေဖြင့် အထူး အလေးပေး ဆောင်ရွက်နေကြောင်း သိရသည်။

ဦးအောင်သန်းဦးက“အဲဒီ တင်ဆောင်သွားတဲ့ သင်္ဘောကလည်း အားနည်းချက်တွေ အများကြီး ရှိတယ်။ ဒီလို အချိန် ၈လ ၁၀ လလောက် ထားထားမှတော့ ဆန်အရည်အသွေးက အနည်းနဲ့ အများတော့ ပျက်စီးမှာပဲ။ သူတို့ မိုးမိပြီး ရေစို ထား သေးတယ်”ဟု ဆိုသည်။

မြန်မာ ဆန်တင်ပို့မှုသည့် ပြည်တွင်း စားသုံးမှု၏ ပိုလျှံသော ဆန်များကို တင်ပို့ခြင်းဖြစ်ကာ ပြည်တွင်း ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကိုသာ ပြည်ပကို တင်ပို့လျက် ရှိခြင်းကြောင့် မြန်မာ့ဆန်များ ယခုလို ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြည်တွင်း စားသုံးသူများ အနေဖြင့် စိုရိမ်းမှုများ မရှိကြရန် ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိအချိန်တွင် ယင်းသင်္ဘောပေါ်သို့ တင်ဆောင်ခဲ့သော မြန်မာ့ဆန်များကို အရည်းအသွေး စိစစ်ပေးသော ထိုင်း ကုမ္ပဏီ၏ စစ်ဆေးချက်များတွင်လည်း မြန်မာ့ဆန် အရည်အသွေး မပြည်မီခြင်းမျိုးမရှိဘဲ တင်ပို့နိုင်သည့် စံချိန်စံညွှန်း များနှင့်သည့် ကိုက်ညီမှုရှိခြင်းကိုလည်း စုံစမ်းသိရပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သိရသည်။

စင်ကာပူ ကုမ္ပဏီ Olam International က အာဖရိကနိုင်ငံ Guinea နိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၀၀ ရောင်းချရန် အတွက် ပြည်တွင်း ကုမ္ပဏီ သုံးခုထံမှ ဆန်များဝယ်ယူသွားပြီး အဆိုပါ Guinea နိုင်ငံက အရည်အသွေး မပြည့်မီဟု ဆိုကာ ဆန်တန်ချိန် လေးထောင်ကိုသာ ဝယ်ယူခဲ့ခြင်းကြောင့် ကျန်ဆန်တန်ချိန်များကို အခြား အာဖရိက သုံးနိုင်ငံကို အချိန် ကြာမြင့်စွာ လှည့်လည်ရောင်းခဲ့ပြီး လက်ခံဝယ်ယူသည့် နိုင်ငံ မရှိခြင်းကြောင့် နောက်ဆုံးတွင် အိုင်ဗရီကို့စ် နိုင်ငံ တွင် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဆန်တန်ချိန် ၂၂၀၀၀ ကို ဝယ်ယူခဲ့သည့်မှာ ၂၀၁၈ ခုနှစ် သြဂုတ်လ က ဖြစ်ပြီး ဖျက်ဆီးခံရသည့်နေ့မှာ ဧပြီလ ၁၇ ရက်နေ့ ဖြစ်ခြင်းကြောင့် ဆန်များ သင်္ဘောဝမ်းဗိုက် အတွင်း သိုလှောင်ထားမှုသည် အချိန်ကာလ ၈ လကျော်နေပြီ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးအောင်ထူးက“စီးပွားရေး ကုမ္ပဏီတွေက သူ့အကျိုး စီးပွား အတွက် စီးပွားရေးလုပ်ကြပေမယ့် မြန်မာ့ဆန်ကို နာမည်ပျက်စေခဲ့ပါတယ်”ဟု မှတ်ချက်ပြု ပြောဆိုထားသည်။

၂၀၁၈ ဧပြီလ မှ ယခု ၂၀၁၉ ဧပြီလပိုင်း အထိ မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၂ ဒသမ ၂ သန်း အထိ တင်ပို့ထားပြီး အများစုမှာ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများကို ရောင်းချလျက် ရှိကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

ဖျက်ဆီးခံ မြန်မာ့ဆန် ပြဿနာ တဆင့် ပြန်ရောင်းသည့် ကုမ္ပဏီသာ တာဝန်ရှိဟု ဆို 

အိုင်ဗရီကို့စ်က ဖျက်ဆီးလိုက်သည့် မြန်မာ့ဆန် ပြဿနာ စုံစမ်း စစ်ဆေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading