ပြည်တွင်း ဈေးကွက်၌ စက်သုံးဆီ ဈေးနှုန်းနှင့် အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်းထားများ ဆက်တိုက် မြင့်တက်လျက် ရှိကြောင်း စုံးစမ်း သိရှိရသည်။
စက်သုံးဆီ ဈေးနှုန်းများသည် ပြီးခဲ့သည့် မတ်လဆန်းက ဈေးနှုန်းများထက် ယခုတွင် တလီတာလျှင် ကျပ် ၁၀၀ ဝန်းကျင် အထိ မြင့်တက်လာပြီး အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းများသည် တဒေါ်လာလျှင် ကျပ် ၂၀ မှ ၂၅ ဝန်းကျင် အထိ မြင့် တက် လာခဲ့ခြင်း ဖြစ်သည်။
စက်ဆုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြည်ပ ရေနံ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက“စက်သုံးဆီက နိုင်ငံခြားကနေ ဝယ်ရောင်းနေရတာ ဆိုတော့ နိုင်ငံခြားက ဝယ်ရတဲ့ ဈေးက တက်သွားတဲ့ အတွက် ဈေးတက်ရောင်းရတာပေါ့။ ဒါက သဘာဝပါ”ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လဆန်းတွင် Diesel (500ppm) တလီတာလျှင် ကျပ် ၉၂၀ မှ ဧပြီလ ၂၄ ရက်တွင် ၉၉၅ ကျပ်၊ Premium Diesel တလီတာလျှင် ကျပ် ၉၃၀ မှ ၁၀၀၅ ကျပ်၊ Octane 92 တလီတာ လျှင် ကျပ် ၇၃၀ မှ ၈၇၅ ကျပ် နှင့် Octane 95 တလီတာလျှင် ကျပ် ၈၂၅ မှ ၉၄၅ အထိ ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။
ယခုလပိုင်း အတွင်း၌ ရေနံ တင်ပို့သော နိုင်ငံများ အသင်း (OPEC) က ရေနံ ထုတ်လုပ်မှု လျှော့ချခြင်းနှင့် ရေနံ တင်ပို့ လျက် ရှိသော အီရန်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံက ပိတ်ဆို့ အရေးယူခံရမှုများကြောင့် ရေနံထွက်ရှိမှု ကျဆင်းလာပြီး ရေနံ တစည်ကို အမေရိကန် ဒေါ်လာ ၇၀ ကျော် အထိ ပြန်လည် မြင့်တက်လာပြီး လပိုင်းအတွင်း ရေနံ ၁ စည်လျှင် ၁၀ ဒေါ် လာကျော် အထိ တက်လာကြောင်း သိရသည်။
Max Energy မှ တာဝန်ရှိသူ တဦးက“ကမ္ဘာ့ ရေနံဈေးက ဆက်တိုက် တက်လာတာကြောင့် ဒီမှာလည်းဈေး ပြန်တက် လာတာ”ဟု ဆိုသည်။
ယခုလပိုင်း အတွင်း၌ စက်သုံးဆီ ဈေးနှုန်းများအပြင် အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း တဖြည်းဖြည်း ပြန် လည် မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် မတ်လ၌ အမေရိကန် ဒေါ်လာ တဒေါ်လာလျှင် ကျပ် ၁၄၉၀ ဝန်းကျင် ရှိခဲ့ရာမှ ယခု ဧပြီလ၂၄ ရက်တွင် အမေရိကန် ဒေါ်လာ တဒေါ်လာလျှင် ကျပ် ၁၅၂၅ ဝန်းကျင် အထိ ပြန်လည် မြင့်တက်လာကြောင်း ပုဂ္ဂလိက ဘဏ်များနှင့် ပြည်တွင်း ငွေလဲကောင်တာများမှ သိရသည်။
ပြည်တွင်း ရွှေဈေးနှုန်း ကျဆင်းခြင်းနှင့် သြင်္ကန်ကာလ အပြီး အမေရိကန် ဒေါ်လာ အရောင်းအဝယ်လိုက် နေခြင်းကြောင့် ဒေါ်လာဈေးနှုန်းသည် အနည်းငယ် ပြန်တက်လာခြင်း ဖြစ်ကြောင်း Fame Money Changer မှ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောသည်။
“အခုက သြင်္ကန်ကာလ ပြီးတော့ လုပ်ငန်းတွေ ပြန်စလာတော့ အရောင်းအဝယ် ကလည်း သွက်နေတယ်။ ပြီးတော့ ရွှေ ဈေးနှုန်းကလည်း ကျနေတော့ ဒီဘက်မှာ ဈေးပြန်တက်လာတာ”ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ပြည်တွင်း ရွှေဈေးနှုန်း ကျဆင်းနေခြင်းနှင့် ဒေါ်လာ ဝယ်လိုအား များနေခြင်းကြောင့် ဒေါ်လာ လဲလှယ် နှုန်းထားသည် ဆက်လက် မြင့်တက်နိုင်ခြေ ရှိကြောင်း သိရသည်။
စက်သုံးဆီ ဈေးနှုန်းသည်လည်း ကမ္ဘာ့ရေနံ ဈေးကွက် အခြေအနေအရ ရေနံဈေးနှုန်း မြင့်တက်နေခြင်း နှင့် ပြည်တွင်း ဒေါ်လာ လဲလှယ်နှုန်းသည်လည်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ယခု ရက်ပိုင်း အတွင်း၌ ထပ်မံမြင့်တက်နိုင်ခြေ ရှိသည်ဟု လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသည်။
UMFCCI ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး“ဒေါ်လာဈေးက အဝယ်လိုက်နေတဲ့ အချိန် ပြန်တက်တာပေါ့။ စက်သုံးဆီ ဈေးကတော့ အခြေအနေတွေ အများကြီး ရှိတာပေါ့။ မြန်မာနိုင်ငံမှာ များများ သိုလှောင်တဲ့ ကန်တွေ မရှိတော့ သူများ နိုင်ငံ တွေထက် ရိုက်ခတ်မှုက ပိုရှိနေတာ”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပို့ကုန်ထက် သွင်းကုန် ပိုများနေသည့် နိုင်ငံ ဖြစ်ခြင်းကြောင့် စက်သုံးဆီဈေးနှင့် ဒေါ်လာဈေး မြင့်တက် လာမှုကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများသည် အနည်းငယ် မြင့်တက်လာနိုင်သော်လည်း ယင်းအခြေအနေများသည် နှစ်စဉ် နီးပါး ဖြစ်နေခြင်းကြောင့် တလမှ၂ လခန့်သာ ဈေးနှုန်းများ မြင့်တက်မှု ရှိနေနိုင်ပြီး နောက်ပိုင်းတွင် ပြန်လည် အသား ကျသွားနိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာ မောင်မောင်လေးက ရှင်းပြသည်။