ရန်ကုန်တိုင်း အတွင်း ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်း ကဏ္ဍ၊ အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း များကို ဦးစားပေးအဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့် မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပမည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၉ အစီအစဉ် နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၂၅ ရက်နေ့က Corporative Business Centre (ဆရာစံ ပလာဇာ)တွင် ပြုလုပ် ခဲ့သည်။
ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် ဒေါ်နော်ပန်းသဉ္ဇာမျိုးက“နေရာတိုင်းလိုလိုမှာ ဒစ်ဂျစ်တယ် ပေးချေမှုတွေ ဖြစ်လာတော့မှာ ဖြစ်တဲ့ အတွက် ဒီနှစ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် သွားဖို့ ရှိတယ်”ဟု ပြောသည်။
ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းများတွင် မိုဘိုင်းလ် ငွေပေးချေမှုနှင့် အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းများ၊ အွန်လိုင်းမှ ကုန် ပစ္စည်း အရောင်းအဝယ် လုပ်ငန်းများနှင့် အခြား ဒစ်ဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ် စီးပွားရေး ကဏ္ဍ အပြင် အိမ် ခြံ မြေ လုပ်ငန်းများ၊ အခြေခံ ဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရန်ကုန်မြို့တွင် တည်ထောင်ထားပြီးသော စက်မှုဇုန်များ၌ ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားလုံး၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ရန်ကုန်တိုင်း ဒေသကြီးတွင် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)က သိရသည်။
DICA ၏ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး က“တကယ် ရင်းနှီးမြှုပ်နှံသူတွေ လာပြီး ရင်းနှီးမြှုပ်နှံ နိုင်အောင် ကျနော်တို့ ဘက် မှာလည်း ဖန်တီးပေးဖို့ လိုနေသေးပေမယ့် ဒီနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တဲ့ အပိုင်းတွေ လုပ်ထားပါတယ်”ဟု ပြော သည်။
လတ်တလောတွင် ရန်ကုန်မြို့၏ မြေဈေးနှုန်း ကြီးမြင့်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိမှု စသော အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အလယ်အလတ်နှင့် အသေးစား လုပ် ငန်းများသာ အများဆုံး ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ဧပြီလမှ ၂၀၁၉ မတ်လ အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ် ငန်းပေါင်း ၁၆၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ၂ ဘီလီယံကျော် အထိ ရှိပြီး ကုန်ထုတ် လုပ်ငန်းများက အများဆုံး ရင်းနှီး မြှုပ်နှံထားကြောင်း DICA ၏ စာရင်းများတွင် ဖော်ပြထားသည်။
အထည်ချုပ် လုပ်ငန်းရှင် တဦးက“ရင်းနှီးမြှုပ်နှံမှုတွေ များများ ဝင်လာဖို့ ဆိုရင် ဒီမှာ လုပ်ငန်း လုပ်ကိုင်ဖို့ကို လွယ်လွယ် ကူကူ နဲ့ လုပ်ကိုင်ခွင့် ရဖို့ လိုတယ်။ ဒီမှာက လုပ်ငန်းတခု လုပ်ဖို့ဆိုရင် ဝန်ကြီးဌာန တခုတည်းနဲ့ မပြီးဘူး။ ပြီးတော့ ဝန် ကြီး ဌာန တခုနဲ့တခု ချိတ်ဆက်ပြီး လုပ်တာလည်း အရမ်း အားနည်းနေသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကျော် အထိ ရှိခဲ့ပြီး တရုတ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။