ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် စက်မှုဇုန်တွင် ဟောင်ကောင်၊ ထိုင်ဝမ် စီးပွားရေး လုပ်ငန်းစု တခုက အမေရိကန် ဒေါ် လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၉ တွင် တိုင်း အစိုးရ အဖွဲ့နှင့် ကုမ္ပဏီတို့ကြား စီမံကိန်း အတွက် သဘောတူ လက်မှတ် ရေးထိုးသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
၎င်းက“ကျမတို့ရဲ့ ရှိပြီးသား စက်မှုဇုန်တွေက လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဆောက်ထားတာ ဖြစ်တဲ့ အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကြီးကြီးတွေက စက်မှုဇုန် အသစ်မှာပဲ လုပ်ချင်ကြတာ များတယ်”ဟု ဆိုသည်။
ထန်းတပင်တွင် စက်မှုဇုန် လုပ်ဆောင်မည့် မြေဧကအားဖြင့် ဧက ၁ ထောင်ကျော် ရှိပြီး စက်မှုဇုန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အပိုင်း အလိုက် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန်မှ အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် လူဦးရေ ၁ သိန်းခွဲကျော် အထိ ရရှိနိုင်မည် ဟု ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ဆိုထားသည်။
ရန်ကုန်မြို့ရှိ အကောင်အထည် ဖော်ထားပြီး ဖြစ်သော စက်မှုဇုန်များသည် လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း၊ ရေ ဆိုး စွန့်ထုတ်မှု စနစ်များ အားနည်းခြင်း၊ လျှပ်စစ်မီး ရရှိမှု မလုံလောက်သည့် ပြဿနာများ ရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများသည် သီလဝါ အထူး စီးပွားရေးဇုန်ကဲ့သို့ အသစ် အကောင်အထည်ဖော် ထားသော စက်မှုဇုန်များတွင် သာ ရင်းနှီးမြှုပ်နှံလိုကြကြောင်း ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသူများ အတွက် လိုအပ်ချက်များ ရှိနေသော မြေယာ ကိစ္စ၊ လျှပ်စစ် ဓာတ်အား ရရှိရေး အပါအဝင် လိုအပ်ချက်များကို အကူအညီပေးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍ အလိုက် လုပ်ဆောင်လျက် ရှိကြောင်းလည်း တိုင်းအစိုးရ အဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
စီးပွားရေး ပညာရှင် ဦးလှမောင်က “ကိုယ့်ဘေးနားမှာ ရှိတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်သွားတဲ့ နိုင်ငံတွေ အကုန်လုံးက တရုတ်က အစပေါ့၊ အထူး စီးပွားရေး ဇုန်တွေပဲ အကောင်အထည် ဖော်ကြတာ စက်မှုဇုန်က သူ့အောက်မှာပဲ ထည့် လိုက်ကြတာ ဘယ်သူမှ စက်မှုဇုန် လေးတွေ လျှောက် မလုပ်ကြဘူး” ဟု ပြောဆိုသည်။
တိုင်းပြည် စီးပွားရေး အတွက် အမှန်တကယ် အထောက်အကူ ပြုနိုင်မည့် စီးပွားရေး ဇုန်များသာ အကောင်အထည်ဖော် သင့်ပြီး နေရာ အနှံ့အပြားတွင် စက်မှုဇုန်များ လိုက်ဖော်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ် ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန် အထိ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းနှင့် လျှပ်စစ်မီး အလုံအလောက် မရရှိခြင်းကြောင့် စက်မှုဇုန်များရှိ လုပ်ငန်းများသည် လည်ပတ်ရန် အခက်အခဲများ ရှိနေကာ မြေကွက်များသာ အရောင်းအဝယ် လုပ်ဆောင်နေပြီး လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန်များလည်း ရှိနေကြောင်း ပြောဆိုကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီးပွားရေး လုပ်ငန်းများ ပီပီပြင်ပြင် ဖြစ်လာစေရန် အတွက် ဟုဆိုကာ ရန်ကုန်မြို့ စည်ပင် နယ်နိမိတ်တွင် မပါဝင်သော ကိုကိုးကျွန်း အပါအဝင် ၁၂ မြို့နယ်တွင် ဧက ၁၀၀၀ ခန့်စီရှိသော စက်မှု ဇုန် များ ထူထောင်မည်ဟု ပြောကြားထားသည်။