နိုင်ငံတော်၏ အငြိမ်းစားဝန်ထမ်းများ၏ ပင်လစာများသည် တနှစ်ထက်တနှစ် မြင့်တက်လာခြင်းကြောင့် အခြား အသုံး လိုသော ကဏ္ဍများ၌ ဘတ်ဂျက် အသုံးပြုရာတွင် အခက်အခဲများ ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။
ရန်ကုန်မြို့ UMFCCI ရုံးချုပ်၌ ဧပြီ ၂၇ ရက်နေ့က ပြုလုပ်သော ၂၆ ကြိမ်မြောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း က “သူတို့ကို မပေးချင်လို့ ပြောတာမဟုတ်ပါဘူး။ သို့သော်လည်း ပင်စင်က တဖြည်းဖြည်း မြင့််လာတဲ့အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်က လျော့လာပြီး တခြားမှာ သုံးဖို့ နည်းလာတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ပင်စင်စားဦးရေမှာ တသန်းကျော်အထိ ရှိနေပြီး နိုင်ငံတော်၏ အခွန်ကောက်ခံရရှိမှု စုစုပေါင်း၏ ၆ ပုံ ၁ ပုံကို ပင်စင်လစာ ပေးနေရကြောင်း ဦးစိုးဝင်း က ဆိုသည်။
တနိုင်ငံလုံးရှိ ပင်စင်ခံစားခွင့် ပေးရသည့် ပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကျပ် ၇၀၀ ဘီလီယံကျော် အထိ ရှိပြီး ယခုနှစ်တွင် ပင်စင်လစာ ခံစားခွင့်ကို ထပ်မံတိုးမြှင့်ပေးမည်ဖြစ်၍ ကျပ် ၁၀၀၀ ဘီလီယံ ဝန်းကျင်ခန့် ရှိနိုင်သည်။
ယင်းအတွက်ကြောင့် အစိုးရက ပင်စင်အတွက်ရန်ပုံငွေ ( Provident Fund ) အစီအစဉ်တခု ထူထောင်ပြီး ဝန်ထမ်းက တာဝန်ထမ်းဆောင်နေချိန်တွင် ရရှိသော လစာမှ ရာခိုင်နှုန်းတခုကို ရန်ပုံငွေအတွက် ထည့်သွင် းရမည်ဖြစ်ပြီး အစိုးရကလည်း ရာခိုင်နှုန်းတခုကို သက်ဆိုင်ရာ ဝန်ထမ်းအတွက် ရန်ပုံငွေထည့်သွင်းပေးမ ည်ဖြစ်သည်။ ယင်းနောက် ဝန်ထမ်းအငြိမ်းစားယူချိန်တွင် ထည့်ဝင်စုဆောင်းထားသော ငွေကြေး ကို ပြန်လည်ထုတ်ယူနိုင်မည့် အစီအစဉ်မျိုးဖြစ်သည်။
NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် အငြိမ်းဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်ခြင်းကို နှစ်ကြိမ်ခန့် လုပ်ဆောင်ထားသည်။
အလယ်တန်းပြ ကျောင်းဆရာမ တဦး က “ဝန်ထမ်းတွေကို စုငွေသဘောမျိုး စုခိုင်းထားပြီး ပင်စင်ယူချိန်မှာ အတိုး ပြန်ထုတ်ပေးမယ့် သဘောကတော့ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အစိုးရထည့်ဝင်ပေးမယ့် ရာခိုင်နှုန်းကတော့ ဝန်ထမ်းထည့်တဲ့ ရာခိုင်နှုန်းထက် ပိုများဖို့တော့ လိုမယ်” ဟု ဆိုသည်။
NLD အစိုးရသက်တမ်းသုံးနှစ်အတွင်း၌ ဘဏ္ဍာနှစ်အလိုက် အခွန်ကောက်ခံမှုသည် ကျပ် ၆၀၀၀ ဘီလီယံကျော်ရရှိ လျက်ရှိသည်။
ဆက်စပ် ဖတ်ရှုရန်
အသက် ၈၅ အထက် ဘိုးဘွားများ လူမှုရေး ပင်စင် တိုးမည်