ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာခြင်းကို စိတ်မပူကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အစိုးရ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် လက်လီ/လက်ကား လုပ်ငန်းများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအား ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ပြည်တွင်း လုပ်ငန်းရှင်များက နိုင်ငံခြားက လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မည်ဟု ဖြစ်ပေါ်လာတိုင်း မြေ ယာ ကိစ္စ၊ အဆောက်အအုံ ကိစ္စများနှင့် ပတ်သက်ပြီး စိတ်ပူပန်နေမှုများ ရှိနေကြကြောင်း ၎င်းက ဆိုသည်။
ဦးဖြိုးမင်းသိန်းက“ကျနော်တို့ နိုင်ငံမှာ နိုင်ငံခြား လက်လီဆိုင် (Retail)တွေ လာဖွင့်ဖို့ ကိစ္စကို ကုမ္ပဏီကြီးတွေက မလုပ်နိုင် ပါဘူး။ ဘာလို့ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး လည်ပတ်မှု စနစ်ကို အပြင်က လာလုပ်တဲ့သူတွေက အဲ့ဒီ စနစ်မျိုးကို မလုပ် နိုင်ကြပါဘူး”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး“အရင် စက်သုံးဆီဆိုင်တွေကို နိုင်ငံခြား ကုမ္ပဏီတွေကို ပေးလုပ်မယ့် အချိန်တုန်းကလည်း ရန်ကုန် မှာ ပွက်လော ရိုက်အောင် ဖြစ်သွားတယ်။ အခု ဘာသံမှ မထွက်ဘူး”ဟု လည်း ပြောဆိုသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း စက်သုံးဆီ လုပ်ငန်းများတွင် စင်ကာပူ ကုမ္ပဏီ တခုနှင့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့၏ Yangon Petrol ကုမ္ပဏီတို့က ဝင်ရောက် ရင်းနှီး မြှုပ်နှံနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်တင်စုလှိုင်က ပြည်တွင်း လက်လီ လုပ်ငန်း များ အနေဖြင့် စီးပွားရေး အရင်းအနှီး ရရှိနိုင်ရန် ခက်ခဲခြင်း၊ ချေးငွေများ အပေါ် ပေးသည့် အတိုးနှုန်းမြင့်မားခြင်းနှင့် မြေ ဈေးနှုန်း ကြီးမြင့်ပြီး မြေနေရာ ရှားပါးသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ပြောဆိုသည်။
၎င်းက ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများအား အစိုးရပိုင် မြေနေရာများကို သက်သာသည့် ဈေးနှုန်းဖြင့် ငှားရမ်းပေးသည့် အခွင့်အရေးမျိုးပေးထားပြီး ယင်းအခွင့်အရေးမျိုးကို ပြည်တွင်း လုပ်ငန်းရှင်များကိုပါ တန်းတူ ပေးကာ စနစ်တကျ ယှဉ်ပြိုင်ခွင့်ပေးရေး စီစဉ်ပေးရန်လိုကြောင်း အကြံပြုသည်။
ဦးဖြိုးမင်းသိန်းက“ပြည်တွင်း လက်လီဆိုင်တွေက Supply Chain (ကုန်စည် သိုလှောင် ဖြန့်ချိ လုပ်ငန်းစဉ်) တခုလုံး မကိုင် နိုင်ရင် ကျနော် တို့ ပြည်သူတွေ အနေနဲ့ ကုန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်နေရဦးမှာပါ။ ဈေးကြီးနေတဲ့ အခြေအနေနဲ့ လူထုကို ဆက် ရောင်းနေမယ်။ Supply Chain တခုလုံးကို ကိုင်ပြီး ဝင်လာမယ့်သူကို ဒါဟာ စိန်ခေါ်မှုပဲ ဒါကို ဟန့်တားမယ် ဆိုရင် စားသုံး သူ ကိုပဲ ကျနော်တို့ ကြည့်ရပါလိမ့်မယ်”ဟု ပြောဆိုသည်။
ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရန် အဓိက ရင်ဆိုင်နေရသည့် ကိစ္စမှာ ဘဏ္ဍာရေး အခြေအနေဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ လိုအပ်သော အရင်းအနှီး အတွက် အတိုး နှုန်း သက်သာစွာဖြင့် ရရှိကြသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များက အရင်းအနှီး ချေးငွေကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြင့် ရရှိခြင်းကြောင့် တန်းတူ ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က“အင်အားကြီးတယ်၊ အတွေ့အကြုံရှိတဲ့ သူတွေကို ဒီကလူတွေက ယှဉ်ပြိုင်ဖို့ အင်အား ရှိအောင်တော့ အမြဲပြုပြင်ပြောင်းလဲ ဖို့တွေ လုပ်ထားဖို့ လိုတယ်။ ဒီအတိုင်း နေနေရင် နောက်မှာပဲ ကျန်နေခဲ့မှာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် လက်လီလက်ကား ရောင်းချခွင့် လုပ်ငန်း မှတ်ပုံတင်ကတ် ခွင့်ပြုပေးထားသည့် ပြည်ပ ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ ၄ ခု ရှိပြီး မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်း ဆောင်ရွက်သည့် ဖက်စပ် ကုမ္ပဏီ ၃ ခုနှင့် မြန်မာနိုင်ငံသား ကုမ္ပဏီ ၄ ခုကို ခွင့်ပြုပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။