လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိအောင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသော်လည်း ဘတ်ဂျက်ရရှိမှုက အခက်အခဲဖြစ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၅၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
လက်ရှိနွေရာသီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဓာတ်အားထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၃၅၀၀ ခန့်သာ ရှိသော်လည်း နိုင်ငံ၏ ဓာတ်အားသုံးစွဲမှုမှာ (demand ) မဂ္ဂါဝပ် ၃၉၀၀ ခန့်အထိ တိုးလာလာသဖြင့် မဂ္ဂါဝပ် ၄၀၀ ခန့် လိုအပ်ချက်ဖြစ်နေရကြောင်း ယင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနက ပြည်သူများ၏ ဓာတ်အား တိုးမြင့်သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ခန့်မှန်းသော်လည်း ယခုနှစ်တွင် တိုးမြင့်သုံးစွဲမှုက ၁၉ ရာနှုန်းအထိ ဖြစ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်ကဏ္ဍသည် နှစ်ရှည်ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်၍ တနှစ် ဘတ်ဂျက်ဖြတ်တောက်ခံရလျှင် စီမံကိန်းသည် နောက်တနှစ်သို့ ရွေ့သွားရကြောင်း၊ ၂ နှစ် ၃ နှစ် ဖြတ်တောက်ခံရပါက စီမံကိန်းသည်လည်း နောက်သို့ ရွေ့သွားရပြီး မျှော်မှန်းကာလတွင် လျှပ်စစ်ဓာတ်အား မထုတ်နိုင်တော့ဘဲ ဓာတ်အားလိုအပ်မှုများ ဖြစ်လာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဧပြီလ ၂၉ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် နွေရာသီကာလ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်မားသော ရန်ကုန်မြို့နှင့် နယ်မြို့များ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေပြီး အလှည့်ကျဖြင့် မီးပေးနေရမှုများ ရှိနေသည်။
နိုင်ငံတော်အနေဖြင့် စီမံကိန်းများ စီမံချက်များ ရေးဆွဲဆောင်ရွက်နေသော်လည်း ဘတ်ဂျက်ရရှိမှု အခက်အခဲကြောင့် လိုအပ်သော ဓာတ်အားကို ဖြည့်တင်းရန် အခက်အခဲဖြစ်နေရသည်ဟု ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြည်သူ့လွှတ်တော်တွင် ဒုဝန်ကြီး ပြောဆိုခဲ့သည့်အတိုင်း ဆိုသည်။
“နိုင်ငံတော်ရဲ့ ကန့်သတ်ချက်အရ သတ်မှတ်တဲ့အချိန်မှာ သတ်မှတ်တဲ့ ငွေမရတော့ တဖြည်းဖြည်း ရွေ့လာခဲ့တာပေါ့။ ရွေ့ ရွေ့လာခဲ့တော့ အခုက လိုနေတာတွေကို ဖြည့်ဖို့ ချက်ချင်းလုပ်လို့ မရတာတွေ အများကြီးလေ။ ဓာတ်အားထုတ်လုပ်မှုက အနည်းဆုံး လေးငါးနှစ် အချိန်ယူပြီး လုပ်ရတာကိုး ။ အဲဒါကြောင့် အဓိက လိုနေတာက အဲဒါပါပဲ”ဟု ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
မီးပြတ်တောက်ခြင်းကို နွေရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေရပြီး မီးရရှိမှ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုဘဝ အဆင်ပြေမည်ဖြစ်သည့်အတွက် ပြည်သူများက မီးပြတ်တောက်မှုကို မလိုလားကြောင်းနှင့် လာမည့် နွေရာသီကာလ မီးပြတ်တောက်မှုကို ကုစားနိုင်ပေးရန် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ဧပြီလ ၂၉ရက်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။
“ရင်းနှီးမြုပ်နှံသူ ခေါ်သင့်ရင်ခေါ်ရမယ်။ ရေအားချည်း လုပ်နေလို့ မရဘူး။ ရေအားက နွေရာသီရောက်ရင် ဒုက္ခရောက်တယ်။ ဆိုလာ၊ ဂက်စ်စတဲ့ တခြားနည်းလမ်းတွေ နဲ့ Cover ဖြစ်အောင် လုပ်နိုင်ဖို့ မေးတာပါ။ နွေရာသီတိုင်း ဒီပြဿနာ မဖြစ်အောင်၊ ဖြေရှင်းနိုင်မေးတာပါ”ဟု ဦးနေမျိုးထက်က ဧရာဝတီကို ပြောသည်။
ဆက်လက်ပြီး “ လျှပ်စစ်ဝန်ထမ်းတွေ မနားမနေလုပ်နေတာကို အသိအမှတ်ပြုပါတယ်။ ကျနော်ပြောချင်တာက သူတို့မှန်းထားတဲ့ မဂ္ဂါဝပ်တွေကို မထုတ်နိုင်ဘူးဆိုတာ ဘတ်ဂျက်နဲ့တော့ ဆိုင်မယ်။ ဘတ်ဂျက်မရရင် ရင်းနှီးမြုပ်နှံသူတွေကို ဘယ်လိုခေါ်မလဲ၊ တနည်းနည်းနဲ့ ပြည်သူတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပေါ်လစီကို ၂၀၂၀ နွေရာသီကို တနှစ်အချိန်ရပါတယ်။ အဲဒါကို ဒီနှစ်နွေလိုမဖြစ်အောင် သုံးသပ်ပြင်ဆင်ဖို့ တိုက်တွန်းချင်တာပါ”ဟု ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တောင်းခံဘတ်ဂျက်များနှင့် ပတ်သက်ပြီး လွှတ်တော်တွင် စီမံကိန်းလုပ်ငန်းများကို ဖြတ်တောက်ခြင်း မပြုလုပ်ဘဲ နှုန်းထားကိုသာ ဖြတ်တောက်ခဲ့ခြင်းသာ ရှိကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က ပြောသည်။
“လွှတ်တော်ကဖြတ်တာကတော့ နှုန်းတွေ များနေတဲ့အပေါ်မှာ ဖြတ်တာပါ၊ နှုန်းဆိုတာ အဆောက်အဦဆောက်မယ်။ သိန်း ၃ထောင်ကျမယ်။ ကျနော်တို့တွက်ချက်တယ်။ သိန်း ၃ထောင်မကျနိုင်ဘူးဆိုရင် ၂၅၀၀ ပေါ့ အဲဒီလိုပါ။ လုပ်ငန်းအပေါ်မှာ ဖြတ်ချတာ မရှိပါဘူး” ဟု ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က ပြောသည်။
သို့ရာတွင်မူ အစိုးရ၏ ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ရှိသည့်ဘဏ္ဍာငွေမှ ဝန်ကြီးဌာနအားလုံးကို ခွဲဝေပေးရခြင်းဖြစ်၍ ဖြတ်တောက်ခြင်းမျိုး ရှိကြောင်း ၎င်းက ဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလများတွင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်များကို အခြေခံသော ထုတ်လုပ်မှုပုံစံ ( Base Load Generation ) အဖြစ် မောင်းနှင်ခဲ့ြပီး လိုအပ်သည့် ဓာတ်အားကို ရေအားလျှပ်စစ်စက်ရုံများက ထုတ်လုပ်သည့် ပုံစံဖြင့် လည်ပတ်ခဲ့ကြောင်း ဆိုသည်။
ယင်းသို့ပြုလုပ်ခြင်းဖြင့် တမံများတွင် ရေပိုမိုသိုလှောင်ထားပြီး နွေရာသီကာလတွင် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အား ပိုမိုထုတ်လုပ်၍ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့ရာတွင် ပြည်သူများ၏ တောင်းဆိုချက်အရ ဆည်များ၏ သိုလှောင်ရေအမြင့်ကို လျှော့ချပေးခဲ့ရခြင်း၊ နွေစပါးအတွက် ပျိုးထောင်ရေနှင့် အောင်ရေအတွက် ရေထုတ်လွှတ်ပေးခဲ့ရခြင်းကြောင့် ယခင်နှစ်များထက် လျှပ်စစ်ပိုမိုထုတ်ပေးနိုင်ခဲ့သော်လည်း နွေရာသီလျှပ်စစ်လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟု လျှပ်စစ်ဒုဝန်ကြီးက လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။
လျှပ်စစ်ဓာတ်အားပြည့်မီနိုင်ရန် အတတ်နိုင်ဆုံး အထူးကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း သိုလှောင်ထားသည့် ဆည်ရေများ ကျဆင်းသွားပြီဖြစ်၍ ယခု နွေရာသီကာလတွင် မျှတခွဲေ၀ သုံးစွဲသည့် အစီအစဉ်ဖြင့် ပြည်သူများကို လျှပ်စစ်ပေးနေရကြောင်း ၎င်းကဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခေတ်မီသဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး နည်းလမ်းများဖြင့် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ကာ လျှပ်စစ်ထုတ်လုပ်လိုသော်လည်း ပြည်သူများ၏ ကန့်ကွက်မှုကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းလည်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
“ လုပ်ထားပြီးသား အလုပ်တွေက ဆက်လုပ်ရင် ရဖို့က အများကြီး ရှိတယ်။ သို့ပေမယ့် ဟိုနားမှာ လုပ်ရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ် ဒီနားလုပ်ရင် ထိခိုက်မယ်။ နောက်ပိုင်း နည်းပညာတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်လုပ်နေတာတွေ အများကြီးရှိတယ်။ ပြည်သူတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောသည်။
လျှပ်စစ်ဓာတ်အားအတွက် ရေအားလျှပ်စစ်အပြင် ဆိုလာ၊ အယ်လ်အန်ဂျီ၊ ကျောက်မီးသွေးတို့ဖြင့် ထုတ်နိုင်သော်လည်း ဆိုလာနှင့် အယ်လ်အန်ဂျီဓာတ်ငွေ့ရည်တို့မှာ ဈေးနှုန်းကြီးမြင့်ကြောင်း၊ ကျောက်မီးသွေးကိုလည်း ပြည်သူများနှင့် အဖွဲ့အစည်းများ ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် လျှပ်စစ်တိုးမြင့်ထုတ်လုပ်ရေးအတွက် အဟန့်အတားဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က သုံးသပ်သည်။
“နွေရာသီမှာက မီးရအောင် တခြားဟာတွေ LNG တို့ ကျောက်မီးသွေးတို့ ကြိုးစားနေတယ်လေ။ ကျောက်မီးသွေးကျတော့လည်း ကန့်ကွက်နေကြတော့ ထင်သလောက် ခရီးမပေါက်ဘူးပေါ့”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၄ သန်းကျော်ကိုသာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်၍ ရာခိုင်နှုန်းအရ ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်တွင် တိုးမြင့်သုံးစွဲမှုက ၁၉ ရာနှုန်းအထိ ဖြစ်ခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း လေ့လာမှုများ အရ မြန်မာနိုင်ငံ အတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး၂ နာရီခန့်သာ အသုံးပြုခွင့် ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံး ရရှိသည့် နိုင်ငံဖြစ်သည် ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က ပြောဆိုထားသည်။