ဂျပန် ကုမ္ပဏီ အများစု အပါအဝင် နိုင်ငံခြား ကုမ္ပဏီ ၉ ခုခန့်က ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် လုပ်ငန်း ဖက် စပ် လုပ်ကိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၉ ခု ရှိပြီး နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မည့် ကုမ္ပဏီ ၉ ခုခန့် ရှိနေကြောင်း သိရသည်။
Global World Insurance ကုမ္ပဏီ၏ ဒါရိုက်တာ ဦးစိုးဝင်းသန့်က“အခုက အထွေထွေ အာမခံ အတွက် ကုမ္ပဏီ တခု၊ အသက် အာမခံ အတွက် ကုမ္ပဏီတခု သပ်သပ်စီ ခွဲခိုင်းတော့ တချို့ ကုမ္ပဏီ တွေက အသက်ကိုပဲ ဖက်စပ် လုပ်မယ့် ကုမ္ပဏီ ရှိသလို နှစ်မျိုး စလုံးကို ဖက်စပ် လုပ်မယ့် ကုမ္ပဏီတွေလည်း ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မှုကြောင့် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများလည်း ဖွံ့ဖြိုး တိုး တက်နိုင်လာမည် ဖြစ်သလို အများ ပြည်သူများနှင့် တိုက်ရိုက် အကျိုးရှိစေမည့် အာမခံ ဝန်ဆောင်မှု အသစ်များ ဖြစ် လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ဖက်စပ် လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများထဲတွင် Tokio Marine Holding၊ Nippon Life Insurance၊ Mitsui Sumitimo Insurance၊ Sompo Holdings အစ ရှိသည့် ဂျပန် ကုမ္ပဏီများ ပါဝင်ပြီး ထိုင်း ကုမ္ပဏီများနှင့် ကိုရီးယား ကုမ္ပဏီ များလည်း ပါဝင်သည်။
နိုင်ငံခြား အာမခံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရန် ပြင်ဆင်နေကြသည့် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှာ Global World Insurance၊ CB Insurance၊ AYA Insurance၊ IKBZ ၊ First National Insurance ၊ Grand guardian Insurance ၊ Capital Life Insurance ကုမ္ပဏီများ ဖြစ်ကြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဧပြီလ အတွင်း၌ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်း ကုမ္ပဏီများ အပါ အဝင် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၅ ခုအား ပြည်တွင်း၌ အသက်အာမခံ ဝန်ဆောင်မှုကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့် စတင် ခွင့်ပြု ခဲ့သည်။
ယင်းသို့ ခွင့်ပြုပေးလိုက်ပြီး နောက်ပိုင်း ပြည်တွင်း အာမခံ ကုမ္ပဏီများကိုလည်း ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ် ထားသော နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများသည် ပြည်တွင်း အာမခံ ကုမ္ပဏီများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ထည့်ဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်က“အခုကတော့ ဘယ်နှခု ဖက်စပ် လုပ်မလဲ ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ အခုမှ EOI တင်ခိုင်းထားတုန်းပဲ ရှိနေသေးတယ်။ စိစစ်တာတွေကတော့ ဇူလိုင်ထဲမှာ အပြီး လုပ်မယ် ဆိုတော့ ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လ လောက်မှ ခွင့်ပြု ပေးသွားမယ်”ဟု ပြောသည်။
ထိုင်း ကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်မည့် CB Insurance ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဟန်က“တခြား အာမခံ ထုတ် ကုန်တွေမှာတော့ ထူးထူးခြားခြား သိပ် မရှိနိုင်ပေမယ့် ကျန်းမာရေး အာမခံလိုမျိုးမှာတော့ ထူးထူးခြားခြားတွေ ပြောင်းလဲ လာနိုင်တယ်”ဟု ဆိုသည်။
လက်ရှိ အချိန်တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက မီးအာမခံ၊ ခရီးသွား အာမခံ၊ ကား အာမခံ၊ ကျန်းမာရေး အာမခံ၊ အသက် အာမခံများ အပါအဝင် အာမခံ အမျိုးအစားပေါင်း ၁၅ ခုကျော်ကို လုပ်ကိုင်လျက် ရှိသည်။
ပြည်တွင်း အာမခံ ဈေးကွက်တွင် အသက် အာမခံ ဝန်ဆောင်မှုကို လူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်သာ စိတ်ဝင်စားမှု ရှိပြီး အထွေထွေ အာမခံ ဝန်ဆောင်မှုတွင် ကား အာမခံ၊ မီးအာမခံ ဝန်ဆောင်မှုများကိုသာ အများပြည်သူများ အနေဖြင့် အများ ဆုံး အာမခံထားလေ့ ရှိကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက သိရသည်။