ကွန်ပျူတာ နည်းပညာများ အပေါ် အခြေခံပြီး အင်တာနက်ပေါ်၌ အရောင်းအဝယ် ပြုလုပ်ကြသော ငွေကြေး စနစ် တခု ဖြစ်သည့် ဒစ်ဂျစ်တယ် ငွေကြေး (Cryptocurrency) များသည် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ် ပြုထားခြင်း မရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook အကောင့်များနှင့် ဝဘ်ဆိုက် စာမျက်နှာများမှ တဆင့် ရောင်းဝယ်ခြင်း၊ လဲ လှယ် ခြင်း ဆောင်ရွက်နေကြသော Bitcoin (BTC)၊ Litecoin(LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) အစရှိသည့် ဒစ်ဂျစ်တယ် ငွေကြေးများသည် သုံးစွဲသူများ အတွက် ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ဗဟိုဘဏ်က ဆို သည်။
ဗဟိုဘဏ်မှ အကြီးတန်း အရာရှိ တဦးက“ကျမတို့က နိုင်ငံခြား သုံးငွေ လိုင်စင် မရှိဘဲနဲ့ အရောင်းအဝယ် လုပ်မယ် ဆိုရင် သူ့ကို နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အရ အရေးယူလို့ ရတယ်။ သို့သော်လည်း နိုင်ငံခြား သုံးငွေ အမျိုး အစား ထဲမှာ Cryptocurrency တွေ မပါတဲ့ အတွက် အရေးယူဖို့ ခက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“ဒါပေမယ့် အခု ဆိုရင် ကျမတို့ဆီ တိုင်ကြားမှုတွေ ရှိလာတဲ့ အတွက် ပြည်ထဲရေးဘက်ကို စိစစ် ခိုင်း ပြီး အများပြည်သူ အကျိုးစီးပွား တခုခု ဖြစ်ခဲ့တယ် ဆိုရင် ပြည်ထဲရေး ဘက်က တဆင့် အရေးယူမှုတွေ လုပ်သွား မယ်”ဟု ဆိုသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ယင်းသို့ ကိစ္စများကို တားဆီးခြင်း နှင့် အရေးယူမှုများ လုပ် ဆောင်နိုင်ရန် အတွက် ပြင်ဆင် ရေးဆွဲလျက် ရှိကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
လတ်တလောတွင် ဗဟိုဘဏ်သို့ တိုင်ကြားမှုများ၌ ငွေကြေး အမြောက်အမြား လိမ်လည်ခံထားရမှုများ မပါဝင်ကြောင်း နှင့် ပြည်တွင်း၌ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုများ လုပ်ကိုင်နေသော ကုမ္ပဏီများကို စောင့်ကြည့်မှု လုပ်ဆောင် နေ ကြောင်း ဗဟိုဘဏ်က ဆိုသည်။
စီးပွားရေး မူဝါဒ ရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက“Bitcoin တို့ဘာတို့ကတော့ မြန်မာနိုင်ငံနဲ့ မသင့်လျော် သေးပါဘူး။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ အတွေ့အကြုံတွေက အလွန် နည်းပါသေးတယ်။ ရှင်းရှင်း ပြောရရင် လက်မခံ သင့်သေးပါဘူး” ဟု ပြောသည်။
နိုင်ငံတကာတွင်လည်း အာမခံချက် အပြည့်အဝ မရှိသေးသည့် အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေး စနစ်နှင့် ပတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းများကို ဝေဖန်မှုများစွာ ရှိနေကြောင်း ၎င်းက ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အဆင့်မြင့် ကွန်ပျူတာ နည်းပညာ တခုဖြစ်သည့် BlockChain နည်း ပညာကို အခြေခံ၍ အသုံးပြုထားသော Cryptocurrency (ခေါ်) Digital Currency ဒစ်ဂျစ်တယ် ငွေကြေးကို ဂျပန် နိုင်ငံ အဖွဲ့တဖွဲ့က စတင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး နယ်ပယ်တွင် ပြောင်းလဲ သုံးစွဲလာခဲ့ ကြ သည်။
အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေးသည် အစိုးရများ၏ ထိန်းချုပ်မှု အောက်တွင် မရှိဘဲ ယင်းစနစ်ကို သဘောကျ လက်ခံ သည့် လူပုဂ္ဂိုလ် အချင်းချင်းသာ သုံးစွဲနေကြပြီး နိုင်ငံ အများစုတွင် ယင်းငွေကြေး စနစ် အသုံးပြုခြင်းကို တားမြစ်ခြင်း ပိတ်ပင် ထားခြင်းများ ပြုလုပ်ထားသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ငွေကြေး စနစ်ကို ရင်းနှီးမြှုပ်နှံမှု တခုပြုလုပ်ပြီး အကျိုးအမြတ်များများ ရရှိနိုင်မည်ဟု မက်လုံး ပေး ဆွဲဆောင်ခြင်း၊ လောင်းကစား ဆန်ဆန်၊ စတော့ ရှယ်ယာ ဆန်ဆန် ပြောဆိုကာ အများပြည်သူများထံသို့ ထိုးဖောက် ဝင် ရောက်လျက် ရှိသည်။
နိုင်ငံခြားသား ပါဝင်သည့် ပြည်ပနိုင်ငံ အခြေစိုက် ကုမ္ပဏီများသည် နည်းပညာ နားလည်သူများထက် ဗဟုသုတနည်း ပါးသော သူများကို အဓိက ပစ်မှတ်ထားကာ ဟောပြောပွဲများ၊ မက်လုံးပေး စည်းရုံးမှုများ လုပ်ဆောင်ပြီး အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။
အစိုးရ နှင့် မည့်သည့် အဖွဲ့အစည်းများကမှ ကျောထောက် နောက်ခံမရှိဘဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို ပြုလုပ်မည် ဆိုပါ က စနစ်တကျ လေ့လာကာ စဉ်းစား ဆင်ခြင်သင့်ကြောင်း ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။
ပြည်တွင်းတွင် ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုများကို လုပ်ကိုင်နေသော ကုမ္ပဏီ ၅ ခု ဝန်းကျင် ရှိနေကြောင်း သိရ သည်။