စီးပွားရေး

မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက် ရှိသည့် YBS ယာဉ်လိုင်းများရှိ ယာဉ်အစီးရေ အားလုံး၏ ၁၀ ရာခိုင်နှုန်း ခန့်မှာ သဘာဝ ဓာတ်ငွေ့ (CNG) အလုံအလောက် မရရှိခြင်းကြောင့် မပြေးဆွဲနိုင်ကြကြောင်း သတင်း ရရှိသည်။

YBS ယာဉ်လိုင်း တချို့သည် CNG ဓာတ်ငွေ့ အလုံအလောက် မရခြင်းနှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရမှုများကြောင့် အခက်အခဲများ ဖြစ်နေကြောင်းလည်းYBS ယာဉ်လိုင်း တာဝန်ရှိသူများက ပြောဆိုသည်။

Omni Focus ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက “ကျနော်တို့မှာ ယာဉ် လိုင်း ၆ လိုင်း ရှိတယ်။ အရင် က ပုံမှန်ရက်ဆိုရင် ကား အစီးရေ ၁၈၀ ကနေ ၂၀၀ ဝန်းကျင်လောက် ပြေးဆွဲနေတာ အခုတော့ အစီးရေ ၁၄၀-၁၅၀ ပြည့် အောင် မနည်း လုပ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ YBS ယာဉ်လိုင်းများမှ ယာဉ်များသည် CNG ဆိုင်များတွင် စုပြုံ စောင့်ဆိုင်းနေကြခြင်း၊ CNG ဆိုင်များတွင်လည်း မီးပျက်နေသဖြင့် ဓာတ်ငွေ့ မပေးနိုင်ခြင်း တို့ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက လျှပ်စစ်မီးကို ရန်ကုန်မြို့ရှိ မြို့နယ် အလိုက် အလှည့်ကျ ဖြန့်ဖြူး ပေးလျက် ရှိရာတွင် CNG ဆိုင်များလည်း အပါအဝင် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်နေချိန်တွင် မီးစက်များဖြင့် CNG ဖြန့်ဖြူးပေးရာတွင် ယခင်လို အပြည့်အဝ ပေးရန် ခက်ခဲလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ CNG ဖြန့်ဖြူး ဌာန၏ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ဧရာဝတီသို့ ပြောဆိုသည်။

၎င်းက “မီးစက်နဲ့ ဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် မပေးနိုင်ဘဲ ၇၅၊ ၈၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တယ်” ဟု ဆိုသည်။

ယခု မေလ အတွင်းတွင် နေ့စဉ် YBS ခရီးသည် ယာဉ်အစီးရေပေါင်း ၃၅၀၀ ကျော်ကိုသာ CNG ဓာတ်ငွေ့ ဖြည့်တင်းပေး လျက် ရှိပြီး ယင်း ပမာဏသည် လျှပ်စစ်မီး ပုံမှန် ရရှိနေသော မတ်လနှင့် နှိုင်းယှဉ်ပါက ယာဉ် အစီးရေ ၁၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ဦးလှဝင်းဌေးက ရှင်းပြသည်။

ထိုသို့ CNG ဆိုင်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် YBS ယာဉ်များ ဓာတ်ငွေ့ ဖြည့်ရာတွင် သတ်မှတ် ဓာတ်ငွေ့ ပေါင် အပြည့် ရရှိရန် ခက်ခဲခြင်းနှင့် ဂတ်စ်ဆိုင်များတွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် သတ်မှတ် အ ခေါက်ရေ အပြည့် ပြေးဆွဲပေးရန် ခက်ခဲလျက် ရှိကြောင်း ယာဉ်လိုင်းတချို့က ဆိုသည်။

YBS 7 ယာဉ်လိုင်း တာဝန်ခံ ဦးမျိုးနိုင်က “အခုက ကားအကြီးတွေ အရေအတွက်ကလည်း များလာတယ်။ ကား အကြီး တစီးက ဂတ်စ် အပြည့် ဖြည့်ဖို့ကို နာရီဝက် ဝန်းကျင်လောက် ကြာတယ်။ တချို့ဂတ်စ် ဆိုင်တွေက ၂၄ နာရီ မဖွင့်တော့ တာလည်း ပါတယ်” ဟု ဆိုသည်။

YBS ၂၁၊ ၃၉၊ ၄၁ ယာဉ်လိုင်းများ ပြေးဆွဲပေးနေသည့် Power Eleven ကုမ္ပဏီ၏ ကိုတရုတ်လေးကလည်း “ကျနော်တို့ လိုင်းမှာတော့ CNG အခက် အခဲကြောင့် ယာဉ်တွေ မထွက်နိုင်တာတော့ မဟုတ်ဘူး။ ပုံမှန် ပြေးဆွဲနေတဲ့ အခေါက်ရေ အတိုင်း မပြေးဆွဲ နိုင်တော့တာ” ဟု ပြောသည်။

YBS ယာဉ်လိုင်းများသည် လျှပ်စစ်မီး ပုံမှန် ရရှိနေသောကာလများတွင် တနေ့လျှင် ယာဉ်တစီးသည် အခေါက်ရေ လေးခေါက်မှ ငါးခေါက် ဝန်းကျင် ပြေးဆွဲကြပြီး လတ်တလောတွင် တနေ့လျှင် နှစ်ခေါက်မှ သုံးခေါက် ဝန်းကျင်သာ ပြေးဆွဲနိုင် လျက် ရှိကြောင်း သိရသည်။

လျှပ်စစ်မီးပျက်သဖြင့် မီးစက်နှင့် ဂတ်စ် ဖြည့်ရာတွင် သတ်မှတ် ဓာတ်ငွေ့ Pressure အပြည့်အဝ မရရှိခြင်းကြောင့် ခရီးစဉ် ပြေးဆွဲရသော အခေါက်ရေမှာ ယခင်ကထက် အကြိမ်ရေ လျော့နည်းခြင်းနှင့် ယာဉ်ပေါ်တွင် အဲကွန်း အပြည့် အဝ မဖွင့် ပေးနိုင်သည့် အနေအထားမျိုးလည်း ရှိကြောင်း ယာဉ်လိုင်း တာဝန်ခံများက ဆိုကြသည်။

ထို့ပြင် CNG ဆိုင် တချို့၌ စက်တစုံတရာ ချို့ယွင်းမှု ဖြစ်သဖြင့် ဆိုင်ပိတ်ရသောကြောင့် ယင်းမြို့နယ်ရှိ ယာဉ်လိုင်းများ လည်း ရပ်နားလိုက်ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

ယင်းသို့ ယာဉ်လိုင်းများ ရပ်နားလိုက်ရခြင်းကြောင့် အောက်ဆိုက် ကားများ ပြေးဆွဲကြကာ ခရီးသည်များ အတွက် ငွေ ကြေးကုန်ကျမှုများခြင်း၊ သွားလာရ ခက်ခဲခြင်းများလည်း ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက ဆိုသည်။

ယခု ရက်ပိုင်း အတွင်း၌ YBS ကားများကို အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းနှင့် ခရီးသည်များ ပြုံတိုးစီးနေရသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း ဆူးလေတွင် အလုပ်လုပ်ကိုင်ပြီး လှိုင်သာယာနှင့် တောင်ဒဂုံသို့ ပြန်ကြရသည့် ဘတ်စ်ကား အသုံးပြုသူများကလည်း ပြောသည်။

ခရီးသည် တဦးက “တနာရီလောက် နေမှ တစီး ရောက်လာတယ် လာရင်လည်း ခရီးသည်က အပြည့်ပဲ ဆိုတော့ နောက် တစီးလည်း လာဖို့ မသေချာ၊ စောင့်လည်း မစောင့်နိုင်တော့လို့ ငပိသိပ် ငါးချဉ်သိပ် တိုးဝှေ့ပြီး လိုက်စီးရတာပဲ” ဟု ဆို သည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့၌ CNG ဂတ်စ် ဆိုင်ပေါင်း ၄၁ ဆိုင် ရှိပြီး ၁၀ ဆိုင်မှာ တက္ကစီ သီးသန့်ဆိုင်များ ဖြစ်ကာ ကျန်ဆိုင်များထဲမှ ဆိုင်၂၀ မှာ ၂၄ နာရီ ဖွင့်လှစ်ခြင်းနှင့် ကျန် ၁၁ ဆိုင်မှာ ၈ နာရီ နှစ်ဆိုင်းဖြင့် ၁၆ နာရီ ဖွင့်လှစ် ရောင်းချ ပေးလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန၊ ရေနံနှင့် သဘောဝ ဓာတ်ငွေ့ လုပ်ငန်းက သိရသည်။

ဦးလှဝင်းဌေး က “ဒီပြဿနာက မီးပြန်မှန်သွားရင် ပြန် ပြေလည်သွားမယ်လို့ ထင်ပါတယ်။ နောက်တခုက ဒီဘက်က နည်း ပညာနဲ့ လူနဲ့ ပေးမယ်၊ ယာဉ်လိုင်းတွေ ဘက်က ကိုယ်ပိုင် ဂတ်စ် ဖြန့်ဖြူးရေး ဆိုင်လိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ် ဆို ရင် ပြေလည် သွားနိုင်တယ်” ဟု ဆိုသည်။

လတ်တလော၌ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီက ကိုယ်ပိုင် ဂတ်စ်နှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကာ ယင်းယာဉ် လိုင်းများမှ ယာဉ်များကို ယာဉ်ရပ်နား စခန်းတွင်သာ ဂတ်စ် ဖြည့်သွင်းခြင်းများ လုပ်ဆောင်လျက် ရှိပြီး Omni Focus ကုမ္ပဏီကလည်း ထိုသို့ လုပ်ဆောင်ရန် ဝန်ကြီးဌာနသို့ တင်ပြ ဆွေးနွေးထားကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်မည်ဆိုပါက အမေရိကန် ဒေါ်လာ ၁ သန်းခန့် ရင်းနှီး မြှုပ်နှံရမည် ဖြစ်ကြောင်း ယာဉ်လိုင်း တာဝန်ရှိ သူများက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က “ YRTA ဘက်ကတော့ ၂၄ နာရီ ဖွင့်တဲ့ ဂတ်စ်ဆိုင်တွေ တိုးဖွင့်ပေးဖို့ရယ် YBS သီးသန့် ဂတ်စ် ဆိုင်တွေ လုပ်ပေးကို တင်ပြထားတာတွေ ရှိတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း ပုံမှန် ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်တွင် အစီးရေ ၄၀၀၀ ကျော်ရှိကြောင်း YRTA က သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading