အကြမ်းဖက်မှုအလွန် သီရိလင်္ကာ ခရီးသွားလုပ်ငန်း အထိနာလျက်ရှိ
သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က လူ ၂၅၀ ကျော်သေဆုံးခဲ့ရသော ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံပေါ်တွင် နေရောင်နှင့် သဲသောင်အလှ ခံစားလိုသူ ကမ္ဘာလှည့်ခရီးသွားများက ခရီးစဉ် ပယ်ဖျက်ခြင်း၊ ရှောင်ကွင်း သွားလာခြင်းများ ရှိနေ၍ သီရိလင်္ကာ ခရီးသွားလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံအရှုံးပေါ်ကာ အထိနာလျှက်ရှိသည်။
သီရိလင်္ကာရှိ လူသိနည်းသော အစ္စလာမ္မစ်အုပ်စုများအနက် သံသယဖြစ်ဖွယ် အသေခံဗုံးခွဲသူများသည် အီစတာ တနင်္ဂနွေနေ့က နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဇိမ်ခံဟိုတယ် များကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ဝတ်ပြု ဆုတောင်းနေသူများ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ၎င်းတို့မိသားစုများ သေဆုံး ခဲ့ရသည်။
အစ္စလမ်နိုင်ငံတော် (IS) အုပ်စုက ယင်း တိုက်ခိုက်မှုများသည် ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။
နောက်ထပ် တိုက်ခိုက်မှု ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ကမ္ဘာတလွှားမှ ဟိုတယ်နှင့် လေကြောင်းခရီးစဉ် ကြိုတင် စာရင်းပေးမှုများ ပယ်ဖျက်ခဲ့ကြသဖြင့် သီရိလင်္ကာ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP) ၏ ၅ ရာခိုင်နှုန်း ရှိသော ခရီးသွားလုပ်ငန်း အထိနာသွားခဲ့ရသည်။
“ဒါဟာ စီးပွားရေးအတွက်ရော၊ ခရီးသွားလုပ်ငန်း အတွက်ပါ အကြီးအကျယ် ထိုးနှက်ချက် တခုဖြစ်ပါတယ်။ စီးပွားတက်ဖို့အတွက် ခရီးသွားလုပ်ငန်းမှာ အတိုက်အခိုက် မခံရခင်က ပုံစံမျိုး ပြန်ဖြစ်ဖို့ အရေးကြီးနေပါတယ်” ဟု သီရိလင်္ကာသမ္မတ မိုင်ထရီပါလာ စိရိစီနာက အင်တာဗျူးတခု၌ ဖြေကြားခဲ့သည်။
ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ဗုံးကွဲမှုများအပြီး ဟိုတယ် ကြိုတင်မှာကြားမှု များမှာ ပျမ်းမျှ ၁၈၆ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း ခရီးသွား အတိုင်ပင်ခံလုပ်ငန်း ForwardKeys ထံမှ ရရှိသည့် အချက်အလက် များအရ သိရသည်။ ကြိုတင် စာရင်းပေးမှုများထက် ပယ်ဖျက်မှုများက ပိုများနေကြောင်း ၁၀၀ ရာခိုင်နှုန်းကျော် ထိုးကျသွားသည့် ကိန်းဂဏန်းများက ပြသနေသည်။
နိုင်ငံတဝန်းရှိ ဟိုတယ်များတွင် စာရင်းပယ်ဖျက်မှုပေါင်း ပျမ်းမျှ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး မြို့တော် ကိုလံဘိုတွင် ဆိုးဆိုးရွားရွား အထိနာခဲ့ရကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဗျူရို ဥက္ကဋ္ဌ ကီရှူဂုမ်းက ရိုက်တာသို့ ပြောသည်။
“တချို့ လေကြောင်းလိုင်းတွေဆို ပုံမှန် မပြေးဆွဲတော့ဘူး။ ဝန်ထုပ်ဝန်ပိုး တခုလို ဖြစ်ပြီး စိတ်ပူနေကြတယ် ဆိုတာ သေချာပါတယ်” ဟု ဂုမ်းက ပြောသည်။

၁၆၀၀ ကီလိုမီတာ (မိုင် ၁၀၀၀) ရှည်လျားသည့် ကမ်းရိုးတန်း ပိုင်ဆိုင်ထားသော သီရိလင်္ကာနိုင်ငံအတွက် တမီလ် ခွဲထွက်ရေးသမားများနှင့် ဖြစ်ပွားခဲ့သော ဆယ်စုနှစ်များစွာ ကြာခဲ့သည့် ပြည်တွင်းစစ် ၂၀၀၉ ခုနှစ်က အဆုံးသတ်ခဲ့ မှုကြောင့် ခရီးသွားလုပ်ငန်းမှာ ထိုးတက်လာခဲ့သည်။
ယမန်နှစ်က နိုင်ငံခြားငွေကြေး ဈေးကွက်သည် သီရိလင်္ကာနိုင်ငံတွင် တတိယအကြီးဆုံးနှင့် တိုးတက်မှု အမြန်ဆုံး ရင်းမြစ်တခု ဖြစ်ခဲ့သည်။
အဆုံးအဖြတ် ပေးသည့် မူဝါဒနှင့် လုံခြုံရေး အစီအမံများသည် စီးပွားတိုးတက်မှုကို အထောက်အကူပြုပြီး လုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေး အတွက် အရေးပါလိမ့်မည် ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ပြောသည်။
ယခုအခါ ကမ်းခြေများရှိ ဇိမ်ခံဟိုတယ်များ၏ စီးပွားရေးမှာ အရှုံးများဖြင့် ရင်ဆိုင်နေရသည်။
ကိုလံဘိုတောင်ဘက် ကမ်းခြေတခု ဖြစ်သော ဘန်တိုတာတွင် တည်းခိုနေထိုင်မှု နှုန်းထားများမှာ ထိုးကျ သွားခဲ့ကြောင်း ဟိုတယ် မန်နေဂျာများနှင့် အင်တာဗျူးများအရ သိရသည်။
ဘန်တိုတာ ကမ်းခြေရှိ အခန်း ၇ ခန်းဖြင့် လုပ်ကိုင်နေသော ဝါရာဟီနာ ကမ်းခြေဟိုတယ်မှ အသက် ၅၄ နှစ်ရှိ ဆမန်မလီကိုလုံးက ၎င်း၏ ဟိုတယ်ခန်း နှုန်းထားမှာ တညလျှင် သီရိလင်္ကာ ရူပီ ၁၀,၀၀၀ ဖြစ်ကြောင်း ပြောပြသည်။ ယခင်ကဆိုလျှင် ၎င်း၏ ဟိုတယ်တွင် ကြိုတင်စာရင်းပေးသူဖြင့် ပြည့်နှက် နေခဲ့သော်လည်း အီစတာ တနင်္ဂနွေနေ့ ပေါက်ကွဲမှုသတင်း ထွက်ပေါ်လာပြီးနောက် ဧည့်သည်အားလုံးက စာရင်း ပယ်ဖျက်သွား ခဲ့ကြကြောင်း ကြာသပတေးနေ့တွင် ၎င်းက ရိုက်တာသို့ ပြောပြသည်။
“ကြိုတင် စာရင်းပေးထားတာ မရှိတော့ဘူး။ ဒီတပတ်၊ နောက်လ၊ အောက်တိုဘာလ အထိတောင်မှ သူတို့အားလုံးက စာရင်း ပယ်ဖျက်သွားကြပြီ” ဟု ၎င်းက ပြောပြသည်။ ၎င်းနှင့် စကားပြောရင်း ၎င်း၏ လူသူကင်းမဲ့ နေသော ကမ်းခြေ စားသောက်ဆိုင်တွင် စားပွဲထိုးများက ဖန်ခွက်များ ပြောင်လက်အောင် ပွတ်တိုက်ခြင်း၊ စားပွဲများ ခင်းနေခြင်း ပြုနေကြသော်လည်း မည်သည့် ခရီးသွားဧည့်သည် အရိပ်အယောင်မျှ မတွေ့ရပေ။
မကြာမီကာလအထိ ကြိုတင်စာရင်းပေးမှုများ မရရှိတော့လျှင် ၎င်း၏ဝန်ထမ်း ၁၆ ဦးကို အိမ်ပြန်လွှတ် ရတော့မည် ဖြစ်ကြောင်း ကိုလုံးက ပြောသည်။
“အရင်တုန်းကတော့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ လုံးဝခြားနားသွားပြီလေ” ဟု ၎င်းက ပြောကြားခဲ့သည်။
(Reuters သတင်း Deserted beaches, empty rooms: Sri Lanka tourism takes a hit after bombings ကို ဘာသာပြန်သည်။)