မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး စင်ကာပူနှင့် ပူးပေါင်းထားသည့် Adani က ရန်ကုန် အလုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာ ဆိပ်ကမ်းတခုကို အကောင်အထည်ဖော်ရန် ရှိနေသည်။ လာမည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ကုန်သေတ္တာ အဝင်အထွက် တိုးတက်လာလိမ့်မည်ဆိုသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။
၅၄ ဧက ကျယ်ဝန်းသည့် မြေပေါ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်ဆိုင်သည့် ၆၃၀ မီတာ(၂၀၆၇ ပေ) ရှိသော ဆိပ်ကမ်းနှင့်အတူ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၂ (AIPT) ကို အကောင်အထည်ဖော်ရန်၊ လုပ်ငန်းဆောင် ရွက်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန် ဧပြီလ နှောင်းပိုင်းတွင် Adani Myanmar က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက် ရရှိခဲ့သည်။ MIC ၏ အဆိုအရ လုပ်ပိုင်ခွင့်ရသော ကာလမှာ ကနဦး အနေဖြင့် နှစ် ၅၀ ဖြစ်သည်။
“စီးပွားရေးနဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုးလာတာနဲ့ အမျှ မြန်မာနဲ့ ရန်ကုန်မှာ ကုန်သေတ္တာ အဝင်အထွက်က တိုးပွားလာလိမ့်မယ် လို့ ကျနော်တို့ အလွန်ပဲ မျှော်လင့်ထားပါတယ်။ လာမယ့် နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ GDP က ၆.၅ ရာခိုင်နှုန်းကနေ ၇ ရာ ခိုင်နှုန်း တိုးတက်လာဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်” ဟု Adani Yangon International Terminal Co. Ltd., ၏ အမှုဆောင် အရာရှိချုပ် Sunil Seth က ဧရာဝတီသို့ ပြောသည်။
ဆိပ်ကမ်း အကောင်အထည်ဖော်ရာတွင် စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရှိလိမ့်မည်ဟု Adani က မျှော်မှန်းထားသည်။ တည်ဆောက်ရေး လုပ်ငန်းများကို အဆင့် ၂ ဆင့် ခွဲထားသည်။
အဆင့် (၁) ကို စက်တင်ဘာလတွင် စတင်ရန် မျှော်မှန်းထားပြီး ပြီးဆုံးရန် ၁၂ လ ကြာမြင့်မည် ဖြစ်သည်။ ပြီးဆုံးသည့်အချိန်တွင် အမြင့်ဆုံးအနေဖြင့် ပေ ၂၀ နှင့် ညီမျှသော ယူနစ် ၁၅၀၀၀၀ (တနေရာလျှင် ပေ ၂၀ ကုန်သေတ္တာ တလုံးစာနှင့် ညီမျှသည်။ TEU ဟုလည်း သိကြသည်) ကို ကိုင်တွယ်နိုင်မည် ဖြစ်သည်။ အဆင့်(၂) ကို နောက်ထပ် ၅ လ သို့မဟုတ် ၆ လ တွင် စတင်ရန် မျှော်လင့်ထားပြီး ဆိပ်ကမ်းက အမြင့်ဆုံးအဖြစ် ၈၀၀၀၀၀ TEU ကိုင်တွယ်သွားနိုင်လိမ့်မည် ဖြစ်သည်။
“ကျနော်တို့က ဒီဆိပ်ကမ်းကို အကောင်းဆုံး နည်းပညာ ယူဆောင်လာပါမယ်။ ကုန်သေတ္တာ အရေအတွက် မြင့်မြင့်မားမား ကိုင်တွယ်ပေးနိုင်ဖို့နဲ့ သင်္ဘောတွေ ကုန်တင်ကုန်ချ မြန်မြန်ဆန်ဆန်ပြီးမြောက်ပြီး ပြန်လည်ထွက်ခွာနိုင်ဖို့က ကျနော်တို့ရဲ့ အဓိက ဦးစားပေးဖြစ်ပါတယ်” ဟု Sunil Seth က ပြောသည်။
(အခြေခံအဆောက်အဦး တည်ဆောက်ရေး၊ ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ သင်္ဘောလုပ်ငန်းနှင့် ရထားတို့ကို အဓိက လုပ်ကိုင်သည့်) အိန္ဒိယ အခြေစိုက် Adani Group ၏ ဝင်ငွေက ဒေါ်လာ ၁၁ ဘီလီယံကျော်သည်။
ရန်ကုန်တွင် ဆိပ်ကမ်း အနည်းဆုံး ၁၂ ခုရှိထားပြီး ဖြစ်သော်လည်း ဆိပ်ကမ်း အတင်အချ အဝင်အထွက်က ပြီးခဲ့သည့် ၄ နှစ် အတွင်းတွင် ၁၃ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့သည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ အဆိုအရ သိရသည်။
မတ်လတွင် မြန်မာနိုင်ငံက ပို့ကုန်မြှင့်တင်ရန် အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကျု ချမှတ်ခဲ့သည်။ အခြားအရာများနှင့် အတူ အဓိက အားဖြင့် စိုက်ပျိုးရေးထွက်ကုန်၊ ရေလုပ်ငန်းထွက်ကုန်၊ သစ်တောထွက်ကုန်၊ သတ္တုတွင်း ထွက် နှင့် အထည်ချုပ်လုပ်ငန်းထွက်ကုန်များ ပါဝင်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဧပြီလ ၂၆ ရက်နေ့ အထိ မြန်မာနိုင်ငံ၏ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် ဒေါ်လာ ၁၉.၉ ဘီလီယံ ရရှိထားသည်။ ပြီးခဲ့သည့်နှစ် အလား တူ ကာလ ထက်စာလျှင် ဒေါ်လာ သန်း ၇၀၀ တိုးလာခြင်း ဖြစ်သည်။ လာမည့်လများအတွင်းတွင် ကုန်သွယ်ရေး ပမာဏက ဒေါ်လာ ၃၁.၁ ဘီလီယံ(ပို့ကုန် တန်ဘိုး ဒေါ်လာ ၁၅.၃ ဘီလီယံနှင့် သွင်းကုန်တန်ဘိုး ဒေါ်လာ ၁၅.၈ ဘီလီယံ) အထိ ရောက်ရှိရန် ဝန်ကြီးဌာနက မျှော်လင့်ထားသည်။
“စိုက်ပျိုးရေး ကုန်ပစ္စည်းတွေ၊ ဆန်၊ အထည်ချုပ်၊ ဖိနပ်နဲ့ အသေးစား စက်ပစ္စည်း အစရှိတဲ့ ဧရိယာတွေမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်က လက်ရှိ အဆင့်အတန်းထက် တိုးလာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု Sunil Seth ကပြောသည်။
ဆက်စပ်ဖတ်ရှုရန် – အိုင်ဗရီကို့စ် ဆန်ပြဿနာကြောင့် ပြည်ပ ဆန်တင်ပို့မှု မူဝါဒ ပြန်သုံးသပ်ရန် လိုအပ်လာဟု ဆို
ယူနန် ပြည်နယ်နှင့် ကုန်စည်ဖလှယ် စနစ် ကျင့်သုံးရန် လက်မှတ်ထိုး