စီးပွားရေး

အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

အာရပ်စော်ဘွားများ နိုင်ငံ ကမ်းလွန်တွင် တိုက်ခိုက်ခံရသော သင်္ဘောများတွင် ၎င်းတို့၏ ရေနံတင် သင်္ဘော ၂ စီး ပါဝင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက မေလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်ပြီး ထိုဖြစ်ရပ်သည် အမေရိကန် ပြည်ထောင်စုနှင့် အီရန်အကြား တင်းမာမှုတွင် ရေနံစိမ်း ပို့ဆောင်ရေး လုံခြုံမှုကို ထိခိုက်စေရန် အားထုတ်မှု ဖြစ်ကြောင်း ဖော်ပြသည်။

ကူးသန်းရောင်းဝယ်ရေး သင်္ဘော ၄ စီးသည် ဟော်လ်မွတ် ရေလက်ကြားမှ အထွက် လောင်စာဆီ ဖြည့်တင်းရာ အချက်အခြာ နေရာဖြစ်သည့် ဖူဂျိုင်ရာ စော်ဘွားနိုင်ငံအနီးတွင် တိုက်ခိုက်ခံရကြောင်း အာရပ် စော်ဘွားများ နိုင်ငံ (UAE) က မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ တိုက်ခိုက်မှု၏ သဘောသဘာဝနှင့် မည်သူက တိုက်ခိုက်သည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုပေ။

တိုက်ခိုက်ခံရသော သင်္ဘောများမှာ ဆော်ဒီသင်္ဘောလုပ်ငန်း ဘာဟရီပိုင် ရေနံတင်သင်္ဘော ၂ စီး၊ UAE အလံတင် လောင်စာဖြည့်သင်္ဘော တစီးနှင့် နော်ဝေးနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရေနံထုတ်ကုန်တင် သင်္ဘောတို့ ဖြစ်ကြောင်း UAE က မေလ ၁၃ ရက်နေ့က ကြေညာသည်။

၎င်းတို့၏ သင်္ဘောကို အမျိုးအမည် မသိ အရာဝတ္တုတခု ထိမှန်ကြောင်း နော်ဝေးသင်္ဘော၏ ပိုင်ရှင် သုမ်း သင်္ဘော စီမံခန့်ခွဲရေးက ပြောသည်။ ထိုသင်္ဘော ကိုယ်ထည်၏ ရေထိသော သတ္တုကိုယ်ထည် အတွင်းပိုင်း အထိ ပွင့်သွားသည်ကို Reuters သတင်းဌာန၏ ဓာတ်ပုံတွင် ပြသထားသည်။

ရေငုတ်သမားများသည် သင်္ဘောကို စစ်ဆေးနေကြောင်း မျက်မြင်သက်သေ တဦးကပြောသည်။ ဖူဂျိုင်ရာ ဆိပ်ကမ်းသည် ပုံမှန်အတိုင်း လည်ပတ်နေသည်ဟု UAE အစိုးရ သတင်းဌာနက ကြေညာသည်။

အရေးယူ ပိတ်ဆို့မှုများနှင့် ဒေသတွင်းတွင် အမေရိကန် စစ်ရေး တည်ရှိမှုတို့နှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနှင့် စကားစစ်ပွဲ ဆင်နွှဲနေသော အီရန်ကလည်း ထိုကိစ္စကို လက်ရှောင်သည်။

ထိုကိစ္စသည် စိုးရိမ်ပူပန် ထိတ်လန့်စရာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားပြီး စုံစမ်း စစ်ဆေးရန် တောင်းဆိုထားသည်။

ထိုဖြစ်ရပ်သည် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေး  ထိခိုက်လွယ်ကြောင်း ပြသနေသည်ဟု ဝါရင့် အီရန် လွှတ်တော် ကိုယ်စားလှယ် တဦးက မေလ ၁၂ ရက်နေ့တွင် ပြောကြားပြီး နောက်ကွယ်တွင် တတိယအင်အားစု တခု၏ အဖျက် လုပ်ရပ်ရှိကြောင်း သုံးသပ်သည်။

အီရန်နိုင်ငံသည် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်သည့် ထိပ်တန်းနိုင်ငံ ဖြစ်နိုင်သော်လည်း အမေရိကန် ပြည်ထောင်စုသည် ထိုသို့ကောက်ချက်ချနိုင်သည့် အထောက်အထား မရှိကြောင်း ထောက်လှမ်းရေး အသိုင်းအဝန်းနှင့် နီးစပ်သည့် အမေရိကန် အရာရှိတဦးက ပြောသည်။

“အခုဖြစ်တာက သူတို့ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း ဖြစ်နေတယ်” ဟု အမည် မဖော်လိုသော ထိုအမေရိကန် အရာရှိကပြောပြီး ထိုဖြစ်ရပ်ကို လက်ရှောင်ရန် ကြိုးစားသော အီရန်နိုင်ငံ၏ ပြောဆိုမှုသည် အခြေအနေ ရှုပ်ထွေးစေရန် အားထုတ်မှုဖြစ်သည့် သဘောမျိုး ပြောဆိုသည်။

ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများနှင့် နေတိုးအဖွဲ့ အကြီးအကဲတို့၏ အစည်းအဝေးတွင် မြင့်မားလာသော အီရန်ခြိမ်းခြောက်မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဆွေးနွေးကြောင်း အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဘရိုင်ယန် ဟွတ်ခ်က သတင်းထောက်များကို ပြောသည်။

ထိုဖြစ်ရပ်တွင် အီရန်နိုင်ငံ ပါဝင်ပတ်သက်သည် သို့မဟုတ် ပွမ်ပီယိုက အီရန်နိုင်ငံကို စွပ်စွဲခြင်းရှိမရှိကို ဟွတ်ခ်က ပြောကြားခြင်းမရှိပေ။ စုံစမ်းစစ်ဆေးမှုတွင် UAE က အမေရိကန် အကူအညီကို တောင်းခံ ထားကြောင်းနှင့် ထိုသို့ ကူညီရခြင်းကို အမေရိကန်အစိုးရက ဝမ်းမြောက်ကြောင်းလည်း သူက ပြောသည်။

UAE နိုင်ငံတွင်ပါဝင်သည့် စော်ဘွားနိုင်ငံ ၇ ခုအနက် တခုဖြစ်သော ဖူဂျိုင်ရာ ကမ်းလွန်ဖြစ်ရပ်ကို အမေရိကန် ရေကြောင်း စီမံအုပ်ချုပ်ရေးဌာနက အတည်မပြုသေးကြောင်းနှင့် သတိထားရန် လိုကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် အကြံပြုချက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ရေလမ်းကြောင်းမှ ဖြတ်သန်းသွားလာသည့် ရေနံတင် သင်္ဘောများ အပါအဝင် အမေရိကန် ကူးသန်းရောင်းဝယ်ရေး သင်္ဘောများကို ပစ်မှတ်ထားနိုင်ကြောင်း ရေကြောင်း စီမံအုပ်ချုပ်ရေး ဌာနက လွန်ခဲ့သောတပတ်က ပြောကြားခဲ့သည်။

UAE ဖြစ်ရပ်သည် ရေကြောင်း သယ်ယူပို့ဆောင်ရေး လုံခြုံမှုကို ထိခိုက်စေကြောင်းနှင့် ဒေသတွင်း နိုင်ငံများ အနေဖြင့် ပြည်ပသူလျှိုများ၏ မတည်မငြိမ် ဖြစ်စေသော လုပ်ရပ်များကို သတိထားရန်လိုကြောင်း အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အဲ့ဗတ် မိုဆာဗီက ပြောကြောင်း အစိုးရနှင့် တစိတ်တပိုင်း ပတ်သက်သည့် ISNA သတင်းဌာနက ဖော်ပြသည်။

ပစ်ခတ်ခံရသော နော်ဝေ သင်္ဘောကို အနီးကပ် မြင်ရစဉ်/Reuters

ပျက်ပျယ်လျက်ရှိသော နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီး ဝါရှင်တန်နှင့် အီရန်အကြားတွင် မရည်ရွယ်သော တင်းမာမှုများကြောင့် မမျှော်လင့်သော တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီး ဂျရမီ ဟန့်က ဘရပ်ဆဲလ်တွင် ပွမ်ပီယိုနှင့် ဆွေးနွေးပွဲ မတိုင်မီတွင် သတိပေးခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ၂၀၁၅ ခုနှစ် သဘောတူစာချုပ်မှ အမေရိကန် နိုင်ငံသည် လွန်ခဲ့သောနှစ်က နုတ်ထွက်ခဲ့သည်။ ထိုအချိန်မှ စတင်ပြီး အမေရိကန်နိုင်ငံသည် အီရန်အပေါ် အရေးယူမှုများ မြှင့်တင်ခဲ့ပြီး အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကို သုညအထိ လျှော့ချလိုသည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပိုမိုကျယ်ပြန့်သော လက်နက် ထိန်းချပ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် အီရန်နိုင်ငံကို ဖိအားပေးလိုပြီး ပင်လယ်ကွေ့သို့ လေယာဉ်တင် သင်္ဘောတစင်းနှင့် ဘီ-၅၂ ဗုံးကျဲလေယာဉ်များကို စေလွှတ်ထားသည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့များအပေါ် ခြိမ်းခြောက်မှုအတွက် အင်အားပြသခြင်း ဖြစ်သည်ဟု အမေရိကန် အရာရှိများက ဆိုသည်။

အမေရိကန် အကျိုးစီးပွားကို ပစ်မှတ်ထားပါက အီရန်အနေဖြင့် ပြင်းထန်စွာ ခံစားရမည်ဟု ထရမ့်ကလည်း မေလ ၁၃ ရက်နေ့တွင် ပြောသည်။

အမေရိကန် တပ်များ ချထားခြင်းသည် ခြိမ်းးခြောက်မှု မဟုတ်ဘဲ ပစ်မှတ်တခုသာ ဖြစ်ကြောင်းနှင့် ၎င်း၏ ရေနံတင်ပို့မှု ရပ်တန့်အောင် လုပ်သည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း အီရန်နိုင်ငံက ပြောသည်။

ကမ္ဘာ့ ရေနံသုံးစွဲမှု၏ ၅ ပုံတပုံသည် အရှေ့အလယ်ပိုင်းမှ အာရှ၊ ဥရောပ၊ မြောက်အမေရိကနှင့် အခြားအဓိက ဈေးကွက်များသို့ ရောက်ရန်  ဟော်လ်မွတ်ခ် ရေလက်ကြားကို ဖြတ်သန်းရသည်။ ထိုကျဉ်းမြောင်းလှသော ရေလမ်းသည် အီရန်နှင့် အာရေဗျ ကျွန်းဆွယ်ကို ပိုင်းခြားထားသည်။

အီရန်နိုင်ငံအား ထိုရေလက်ကြားကို အသုံးပြုခွင့် မပေးပါက ထိုနေရာကို ပိတ်ပစ်မည်ဟု အကြမ်းဖက် အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားသော အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က လွန်ခဲ့သောလက ခြိမ်းခြောက်ခဲ့သည်။

မေလ ၁၃ ရက်နေ့က ရေနံဈေးသည် တစည်လျှင် ၁ ဒေါ်လာ တက်ခဲ့သော်လည်း အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲ၏ အပျက်သဘော ဆောင်သော အလှည့်အပြောင်းက ရင်းနှီးမြှုပ်နှံသူများကို ခြောက်လှန့်လိုက်သောကြောင့် ဈေးပြန်ကျသွားခဲ့သည်။ စံအဖြစ် သတ်မှတ်ထားသော ဘရန့်ရေနံစိမ်းဈေးမှာ တစည်လျှင် ၃၉ ဆင့်ကျဆင်းပြီး ၇၀. ၂၃ ဒေါ်လာဈေးဖြင့် ဈေးပိတ်ခဲ့သည်။

UAE စီးပွားရေးဇုန်အတွင်း တိုက်ခိုက်ခံရသော သင်္ဘော ၂ စီးအနက်တစီးမှာ နိုင်ငံပိုင်လုပ်ငန်း Aramco ၏ အမေရိကန် ပြည်ထောင်စုမှ ဖောက်သည်များအတွက် ရက်စ်တန်ညူအာ ဆိပ်ကမ်းတွင် ဆော်ဒီရေနံတင်ရန် သွားစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီး ခါလစ်အယ်လ် ဖာလစ်က ပြောသည်။

တိုက်ခိုက်မှုကြောင့် ဆီယိုဖိတ်ခြင်း မရှိသော်လည်း သင်္ဘော၏ တည်ဆောက်ပုံပိုင်းကို အကြီးအကျယ် ထိခိုက်စေသည်ဟု သူက ပြောသည်။

ဒူဘိုင်းနှင့် အဘူဒါဘီ စတော့ဈေးကွက်များမှ မေလ ၁၃ ရက်နေ့က နှစ်ပေါင်းများစွာ အတွင်း တနေ့တာတွင် အကြီးမားဆုံး ကျဆင်းမှုနှင့် ကြုံပြီး ဒူဘိုင်းရှယ်ယာများ ၄ ရာခိုင်နှုန်း ကျဆင်းကာ ဆော်ဒီရှယ်ယာများ ၃.၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ဆွန်နီမွတ်စလင် မဟာမိတ်များ ဖြစ်ကြသော ဆော်ဒီအာရေဗျနှင့် UAE တို့က ရှီအိုက် အများစုဖြစ်သော အီရန်အပေါ် အမေရိကန် အရေးယူမှုများကို ထောက်ခံကြသည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ ရေနံ ထုတ်လုပ် ရောင်းချသော နိုင်ငံများ (OPEC) အဖွဲ့ဝင် ဖြစ်သော်လည်း ဒေသတွင်းတွင် ပြိုင်ဖက်များဖြစ်နေသည်။ အီရန်မှ ရေနံစိမ်း တင်သွင်းခွင့် ဆက်လက်ပေးသည့် အရေးယူခြင်း ဆိုင်းငံ့မှုကို အမေရိကန်ပြည်ထောင်စုက အဆုံးသတ် လိုက်ပြီးနောက် ဆော်ဒီနှင့် UAE တို့က ရေနံ မလုံလောက်မှုကို ပြန်လည် ဖြည့်ဆည်းပေးမည်ဟု အမေရိကန် ပြည်ထောင်စုက ဆိုခဲ့သည်။

ရေကြောင်း သွားလာမှု လွတ်လပ်မှုနှင့် ရေနံလုံလောက်မှုကို ယခုတိုက်ခိုက်မှုက ခြိမ်းခြောက်ခဲ့သည်ဟု ခါလစ်က ပြောသည်။

“ရေကြောင်းသွားလာမှု လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ရေနံတင် သင်္ဘောတွေ လုံခြုံဖို့၊ အခုလိုဖြစ်ရပ်တွေက စွမ်းအင် ဈေးကွက်အပေါ် ဆိုးကျိုးတွေနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့ နိုင်ငံတကာ အသိုင်းအဝန်းမှာ ပူးတွဲတာဝန်ရှိပါတယ်” ဟု သူက ပြောသည်။

ကိုးကား           Reuters 

Did you find apk for android? You can find new Free Android Games and apps.
Loading