မြန်မာ့ ကော်ဖီသည် အရှေ့တောင် အာရှ ကော်ဖီစိုက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးမှု နောက်ကျနေသေးကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ့ ကော်ဖီ ဖိုရမ် ၂၀၁၉ တွင် ပြောသည်။
အရှေ့တောင် အာရှရှိ ကော်ဖီ စိုက်ပျိုးသော နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် တို့နှင့် နှိုင်းယှဉ်ပါက မြန်မာ့ ကော်ဖီသည် နည်းပညာ အားနည်းခြင်း၊ သတင်း အချက်အလက် ဖလှယ်မှု လိုအပ်ချက်များ ရှိနေခြင်း၊ ပြည်ပ ဈေးကွက် ဝေစု အားနည်းခြင်း တို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေဆဲ ဖြစ်ကြောင်းလည်း သူကဆိုသည်။
“ကော်ဖီက သွင်းကုန် အစားထိုး ပစ္စည်း သာမက နိုင်ငံခြား ဝင်ငွေ ရှာပေးတဲ့ သီးနှံ တခု ဖြစ်တဲ့အတွက် လုပ်နိုင်ရင် လုပ်နိုင် သလောက် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက မူဝါဒ ဆိုင်ရာနဲ့ ပုဂ္ဂလိ က ဘက်ကလည်း ဟန်ချက် ညီညီ အတူတကွ လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် သွားနိုင်ဖို့ လိုအပ်ပါ တယ်” ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ဟု ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကော်ဖီနှင့် ပတ်သက်၍ ဘိန်းအစားထိုး သီးနှံအဖြစ် ဘုရင်၏ စီမံကိန်းတခု အနေဖြင့် ချမှတ်ကာ မြောက်ပိုင်းဒေသများ ဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် စသည့် ပြည်နယ်များတွင် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်မှုများ ပြုလုပ်လျှက်ရှိပြီး၊ ဒွိုင်ချန်း၊ ဒွိုင်တုံး စသည့် တောင်တန်းများပေါ်တွင် အာရေဗီကာ ကော်ဖီစိုက်ပျိုး၍ တောင်တန်းသား များ၏ ဘဝကို လက်တွေ့လုပ်ဆောင်ပေးလျှက်ရှိသည်။
လက်ရှိ မြန်မာ့ ကော်ဖီ ကဏ္ဍ၌ တနိုင်တပိုင် ထုတ်လုပ်ခြင်းက အရေအတွက် အများဆုံး ဖြစ်၍ ထိုသူများ အတွက် ငွေကြေး၊ နည်းပညာတို့ ပံပိုးခြင်းဖြင့် အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်၂ နှစ် အတွင်း ထုတ်လုပ်မှု တိုးတက်လာခြင်း၊ ပြည်ပ ဈေးကွက်သစ် များ ပေါ်ထွက်လာခြင်း တို့သည်လည်း ဖွံ့ဖြိုးမှု အတွက် အလားအလာကောင်းများ ဖြစ်သည်ဟု ဒုသမ္မတ က ဆိုသည်။
ယခုနှစ် အတွင်း ကော်ဖီ ၁ တန်လျှင် ငွေကျပ်၂၅ သိန်းမှ သိန်း ၄၀ ဝန်းကျင် ဈေးနှုန်း ရှိပြီး ပြည်ပ တင်ပို့သည့် ပထမ တန်းစား ကော်ဖီမှာ သိန်း ၁၀၀ ဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေး အတက်အကျ မရှိသော်လည်း ဝယ်လိုအား ကျသွားကြောင်း ကော်ဖီစိုက် တောင်သူများ က ပြောသည်။
ရွာငံ မြို့နယ် ကော်ဖီ အသင်း ဥက္ကဋ္ဌ ဦးမောင်နုက “ကော်ဖီဈေးကွက် ကောင်းဖို့ မကောင်းဖို့ထက် ခိုင်မာဖို့ အရေးကြီး ပါတယ်။ အခုက သတ်မှတ်တဲ့ ဈေးကို မရှိဘူး။ ဝယ်သူ ဈေးကွက်ဖြစ်ပြီး သူ အဆင်ပြေသလို ဝယ်တယ်။ နောက်နှစ် အခြေအနေကို မှန်းရခက်တော့ တောင်သူအတွက် အာမခံချက် နည်းတယ်။ ဒါကြောင့် နိုင်ငံတော်ကနေ ဈေးကွက် ခိုင်မာအောင် လုပ်ပေးပြီး တောင်သူတွေကို ယုံကြည်မှု ရှိအောင် လုပ်ပေးစေချင်တယ်။ ဒါမှလည်း စိုက်ပျိုးရေးရဲ့ အခြေခံ ဖြစ်တဲ့ တောင်သူက စိုက်ချင်လာမယ်” ဟု ဧရာဝတီကို ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်ကလည်း ထိုသို့ ကော်ဖီဈေးကွက် ခိုင်မာ လာစေရန်နှင့် လိုအပ်ချက် များအား ဖြည့်ဆည်းနိုင်ရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကော်ဖီ ဆိုင်ရာ အသင်း အဖွဲ့များ၊ တောင်သူများ ပူးပေါင်းကာ ကော်ဖီ ကဏ္ဍ တိုးတက်ရေး ဦးဆောင်နိုင်မည့် “ကော်ဖီဘုတ် အဖွဲ့” ဖွဲ့စည်းသွား မည်ဟု ဆိုသည်။
လက်ရှိ မြန်မာ့ ကော်ဖီအား အိမ်နီးချင်း ထိုင်း၊ တရုတ် နိုင်ငံများ အပြင် အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံများသို့ နှစ်စဉ် တန်ချိန် ၁၀၀၀ ခန့် တင်ပို့လျက် ရှိကြောင်း အထက်ပါ ဌာနက သိရသည်။
ကော်ဖီကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂၀၁၇ ခုနှစ် မေလက နေပြည်တော်တွင် ပထမ အကြိမ် မြန်မာ့ ကော်ဖီ ဖိုရမ်ကို ကျင်းပခဲ့သည်။
ယခု ဒုတိယ အကြိမ်မြောက် ဖိုရမ်သို့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ကော်ဖီ လုပ် ငန်းရှင်များ၊ စိုက်ပျိုးသူ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်စပ်ဖတ်ရှု့ရန်
အာဆီယံစီးပွားရေးဆု၊ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ ရရှိ
ဈေးကွက်ဝင်လာသည့် ဘိန်းအစားထိုး မြန်မာ့ကော်ဖီ