စီးပွားရေး

တရုတ်မှ လျှပ်စစ် ဓာတ်အား ဝယ်မည်

လာမည့် ၂ နှစ်အတွင်း မမျှော်မှန်းနိုင်သော ဓာတ်အားမလုံလောက်မှုများကို ဖြည့်ဆည်းရန်အတွက် မြန်မာ အစိုးရသည် တရုတ်နိုင်ငံပိုင် လုပ်ငန်းတခုမှ လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူရန် စီစဉ်နေသည်။

အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံသည် တနိုင်ငံလုံးတွင် အပူချိန်လွန်စွာ ပြင်းထန်ပြီးနောက် ရေအားလျှပ်စစ် စက်ရုံများတွင် ရေမလုံလောက်မှုကြောင့် လျှပ်စစ်ဓာတ်အား ပုံမှန်ပြတ်တောက်မှုဖြင့် ရင်ဆိုင်နေရသည်။

ရေအားလျှပ်စစ်သည် မြန်မာနိုင်ငံ၏ အဓိက လျှပ်စစ်စွမ်းအင် ရင်းမြစ်ဖြစ်ပြီး သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးမှာ ဒုတိယနှင့် တတိယ အဓိက လျှပ်စစ်စွမ်းအင် ရင်းမြစ်များဖြစ်သည်။ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) ၏ အဆိုအရ မြန်မာနိုင်ငံသည် ဧပြီလအထိ လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ် မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ ထိုမလုံလောက်မှုသည် ၂၀၂၀ ခုနှစ်သို့ ရောက်သောအခါ ၁၅၈၈ မဂ္ဂါဝပ် အထိ မြင့်မားလာမည်ဟု မျှော်လင့်ရသည်။

“၂၀၂၁ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကျနော်တို့ ခန့်မှန်း တွက်ချက်ထားပြီးပါပြီ။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံကနေ ဓာတ်အား ဝယ်ယူဖို့ စီစဉ်တာဖြစ်ပါတယ်” ဟု MOEE ၏ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

MOEE သည် ကွမ်ကျိုး အခြေစိုက် နိုင်ငံပိုင် လုပ်ငန်းဖြစ်သော China Southern Power Grid မှ လျှပ်စစ် ဓာတ်အား ဝယ်ယူမည်ဖြစ်သည်။ ထိုလုပ်ငန်းသည် အကြီးမားဆုံး လျှပ်စစ်ဓာတ်အား လုပ်ငန်းများအနက် တခုဖြစ်ပြီး ဗီယက်နမ်၊ လာအို၊ ဟောင်ကောင်၊ မက္ကာအိုနှင့် တရုတ်နိုင်ငံမှ ပြည်နယ်အများအပြားသို့ လျှပ်စစ်ဓာတ်အား ၈၉၀.၂ တယ်ရာဝပ် (ထရီလျံဝပ်) ဖြန့်ချိပြီးဖြစ်သည်။

“ဒီဝယ်ယူမှု အစီအစဉ်ဟာ ရပ်ဝန်းနဲ့လမ်း အစီအစဉ် (BRI) နဲ့ဆက်စပ်နေပါတယ်။ China Southern Power Grid က MOEE နဲ့ ပူးတွဲလေ့လာမှု တချို့ လုပ်ဆောင်ပြီး ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ပြောသည်။ ရပ်ဝန်းနဲ့လမ်း အစီအစဉ် (BRI) သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော နိုင်ငံတကာ အခြေခံ အဆောက်အအုံ သေနင်္ဂဗျူဟာ ဖြစ်သည်။

MOEE ၏ အဆိုအရ လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုန်ဒိုင်မှ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မိုင်းနဲနှင့် ဟိုပုန်း၊ ကယားပြည်နယ် လွိုင်ကော်နှင့် ပဲခူးတိုင်းမှ ဘုရားကြီးသို့ ပေးပို့မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ သို့သော် MOEE သည် ထိုစီမံကိန်း၏ ကုန်ကျစရိတ် အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။

ထိုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား အပြန်အလှန်ကုန်သွယ်ရေး စီမံကိန်းဖြစ်ကြောင်း ဦးတင်မောင်ဦးက ပြောသည်။

“ကျနော်တို့ လျှပ်စစ်ဓာတ်အားလိုရင် တရုတ်နိုင်ငံကဝယ်မယ်။ အနာဂတ်မှာ ကျနော်တို့က ရေအားလျှပ်စစ် ဆည်တွေ ပိုမိုတည်ဆောက်နိုင်လို့ ဓာတ်အားအပိုတွေရှိလာရင် ကျနော်တို့ကလည်း ပြန်ရောင်းမယ်” ဟု သူပြောသည်။

နိုင်ငံလူဦးရေ၏ ၄၄ ရာခိုင်နှုန်းသည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီးဖြစ်ကြောင်း လွန်ခဲ့သောတပတ်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် MOEE ဒုတိယဝန်ကြီး ဦးထွန်းနိုင်က ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ အချိန်အလိုက် လျှပ်စစ်ဓာတ်အား ရရှိရေး သတ်မှတ်ချက်များ ရှိကြောင်းMOEE ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ ဝန်ကြီးဌာနသည် ၂၀၂၀-၂၁ တွင် နိုင်ငံလူဦးရေ၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၆ တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀-၃၂ တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ရည်မှန်းထားသည်။

အမျိုးသား လျှပ်စစ်ဓာတ်အားစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နှင့် မွန်ပြည်နယ်များမှ ကျေးရွာပေါင်း ၅၉၀ တွင် ထရမ်စဖော်မာများနှင့် ဓာတ်အားလိုင်းများ တပ်ဆင်ရေးအတွက် MOEE အောက်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် ဧပြီလ ၃၀ ရက်နေ့တွင် ကုမ္ပဏီ ၆ ခုနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်မှစတင်ပြီး တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဖြစ်သော China Electric Power Equipment and Technology Co. Ltd ၊ China Southern Power Grid Co. Ltd နှင့် ၎င်း၏ လုပ်ငန်းခွဲ Yunnan International Co. Ltd တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျှပ်စစ်ဓာတ်အား ကွန်ရက်နှင့် မြန်မာ မဟာဓာတ်အားလိုင်းကို ဆက်သွယ်ရန် သီးခြား အဆိုပြုချက်များ ပြုလုပ်ခဲ့ကြသည်။ ထို အဆိုပြုချက်များတွင် နယ်စပ်ဒေသ မူဆယ်မှ မန္တလေးတိုင်း မိထ္ထီလာကို ဆက်သွယ်ပြီး ယူနန်ပြည်နယ်မှ ဓာတ်အားပေးမည့် ဗို့အားမြင့် ဓာတ်အားလိုင်းနှင့် လက်ရှိဓာတ်အားလိုင်းကို မူဆယ်မှတဆင့် ယူနန်နှင့် မိထ္ထီလာကို ဆက်သွယ်သည့် စီမံကိန်းများပါဝင်သည်။

( Nan Lwin Gov’t to Buy Electricity from China to Cover Shortfall ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်တိုးလာနေတဲ့ လျှပ်စစ်ပမာဏ ပြည့်မီဖို့ မလွယ်ဟု ဝန်ကြီးဌာန ဆို

အမြန်ဆုံး ဘယ်လို မီးပေးနိုင်မလဲ (သို့မဟုတ်) မြန်မာ့ ပြည့်မြဲစွမ်းအင် အမြင်

Loading