မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ် အတွင်းရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ ထိပ်တိုက် တွေ့ ဆုံမှု ညှိနှိုင်းရာတွင် ယာယီ ပြေလည်မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။
အောင်သပြေ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ ရာအိမ်မှူး ကိုမိုးလင်းက “ကျနော်တို့ အနေနဲ့ လက်ရှိ ပြဿနာတွေကို ပြေ လည်အောင် ဖြေရှင်းပေးမယ် ဆိုလို့ ဆန္ဒပြတာကို ရပ်နားပေးလိုက်ပါပြီ။ အခုလာပြီး ညှိနှိုင်းကြတဲ့ တာဝန်ရှိ လူကြီး မင်းတွေက သူတို့ရဲ့ အဆင့်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားမယ် ထင်လို့လည်း အခုလို ညှိနှိုင်းတာကို လက်ခံပြီး ရပ်နားပေးခဲ့တာပါ။ ဒါကိုမှ တာဝန်ယူ ဖြေရှင်းမပေးဘူး ဆိုရင်တော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။
ပုသိမ်ကြီး မြို့နယ် ဒဟတ်တော ကျေးရွာ အုပ်စု၊ အောင်သပြေ ကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ် မြေ စက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေး အတွက် အောင်သပြေ ကျေးရွာမှ ရွာသူရွာသားများက မေ ၁၄ ရက်၌ ကျေးရွာ အဝင်လမ်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။
ယင်းသို့ ဆန္ဒ ထုတ်ဖော်ရာတွင် ဒေသခံများက ကျေးရွာ အဝင်လမ်းမမှ နေ၍ ပိတ်ဆို့ကာ စီမံကိန်းကားကြီးများ မဝင်ရ ဟု ဆိုကာ ယာဉ်များ သွားလာခြင်းကို ခွင့်မပြုဘဲ တားဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှု အား ဖယ်ရှားပေးရန် ပြောဆိုရာမှ ဒေသခံများနှင့် တင်းမာမှု ဖြစ်ပေါ်ခဲ့သည်။
ဆန္ဒပြနေကြသည့် ဒေသခံများအား ယနေ့ (မေ ၁၅ ရက်) နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော် အင်အား သုံး၍ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် လူစုခွဲခဲ့ကြသည်။
အမှတ် ၃ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှုးချုပ် ဝင်းဗိုလ် က “ကျနော်တို့ အနေနဲ့ အခုလိုမျိုးတွေ မလုပ်ချင်ပါဘူး။ လမ်းပိတ်ဆို့ထားတယ် ဆိုရင် ရဲတပ်ဖွဲ့ အနေနဲ့ ရှင်းလင်းပေးရမှာပါ။ အဲဒါကြောင့် အခုလို ထိပ်တိုက် တွေ့ကြရတာပါ။ ထိပ်တိုက် မတွေ့ချင်လို့ ရှင်းပြပေးနေတာပါ။ စကားဝိုင်းကိစ္စကို စကားဝိုင်းမှာပဲ ရှင်းသင့်တာ။ မြေပြင် လုပ်တော့ မလိုလားအပ်တာတွေ ဖြစ်လာတယ်။ ကျနော်တို့ အနေနဲ့က လမ်းဖွင့်ပေးဖို့ကိုပဲ မေတ္တာရပ်ခံခဲ့ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ ရဲတပ်ဖွဲ့မှာ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ သူ့အဆင့် အတိုင်း ရှိပြီးသားပါ။ သူသည် ရာဇဝတ်ကြောင်းသော်လည်းကောင်း၊ အဓိကရုန်း သော်လည်းကောင်း ဖြစ်ပေါ်လာခဲ့မယ် ဆိုရင် ဒီလိုမှ မပစ်ခတ်လို့ ဆိုရင် ပိုဆိုးမယ့် အခြေအနေ ရှိတယ်ဆိုရင် အမိန့်အဆင့်ဆင့် အတိုင်း ရဲလုပ်ငန်းစဉ် အတိုင်း လုပ်သွားမှာပါ” ဟု ဆက်လက် ပြောသည်။
ထိုသို့ လူစုခွဲခဲ့ရာ ပစ်ခတ် ဖြိုခွင်းမှုအား Live လွှင့်နေသည့် မန္တလေး အခြေစိုက် Channel Mandalay TV သတင်းဌာန က သတင်းထောက် တဦးနှင့် ဒေသခံ ၃ ဦး ထိန်းသိမ်းခံခဲ့ရပြီး ရာဘာကျည်ဖြင့် ပစ်ခတ်မှုကြောင့် ၁၈ ဦး ဒဏ်ရာရရှိခဲ့ သလို ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
အောင်သေပြကျေးရွာ ဒေသခံ မယဉ်ယဉ်အောင် က “ကျမတို့ ခံစား နေရတာတွေကို သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပေမယ့် ရှင်းမပေးလို့သာ လုပ်ရတာပါ။ ဒီနေ့ မနက်အစောကြီး ရှိသေးတယ်။ ရဲတွေက အင်အား အလုံးအရင်းနဲ့ လာပြီး ကျမတို့ကို သေနတ်တွေနဲ့ ပစ်ပြီးတော့ကို ဖမ်းတာဆီးတာ တွေလုပ်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေလည်း ရခဲ့ကြပါတယ်။ အခုလို သေနတ် အချက် ၅၀ လောက်ပစ်ပြီး ဖမ်းတာဆီးတာမျိုး လုပ်တာကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ ဆိုတာ သိချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ် ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့်ကွက်ခဲ့သဖြင့် ရပ်နားထားခဲ့ပြီး လက်ရှိ NLD အစိုးရ လက်ထက်တွင် မန္တလေးတိုင်း အစိုးရ အဖွဲ့က ဥပဒေနှင့် ညီညွတ်မှု ရှိသည်ဟု ဆိုကာ ပြန်လည် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် က “ကျနော်တို့ ရွာမှာ လည်း ခဏခဏ လာဖူးပါတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်း အဲဒီလို အဆင့်ဆင့်မှာ ဒီကအဖွဲ့တွေနဲ့ အကြိမ် ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးပါပြီ။ နောက်တခုက အခုပြောနေတဲ့ ခွင့်ပြုချက်တွေ လွဲမှားနေတယ် ဆိုတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဥပဒေနဲ့ မညီဘူး ဆိုရင် ဘာမှလုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ စီမံ ကိန်းဘက်က ဥပဒေ ကျူးလွန်ရင် စီမံကိန်းဘက်ကို အရေးယူမယ်လို့ ပြောထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းသို့ ခွင့်ပြုပေးခဲ့ခြင်းကို ဒေသခံများ အနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ကန့်ကွက်စာများ ပေးပို့ တင်ပြခဲ့ရာမှ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ဆန္ဒဖော်ထုတ်မှုများ အထိ လုပ်ဆောင်ခဲ့ကြပြီး၂၀၁၈ ခုနှစ် နောက်ပိုင်းတွင်လည်း ကန့်ကွက်မှုများ၊ ဆန္ဒဖော်ထုတ်မှုများ ပိုမို ပြင်းထန်လာခဲ့ကြောင်း သိရသည်။
စီမံကိန်း တာဝန်ခံ ဦးဝင်းလှိုင် က “ကျနော်တို့ကတာ့ နိုင်ငံတော်က ခွင့်ပြုထားပြီးသား ဖြစ်တဲ့ အတွက် လုပ်ထုံး လုပ် နည်း အရ ဆက်လက်လုပ်နေပါတယ်။ ဒေသခံတွေက ကျနော်တို့ ကုမ္ပဏီကြောင့် နစ်နာတယ်ဆိုတဲ့ ကိစ္စက သူတို့ နစ်နာနေတယ်လို့ ပြောပေမယ့် ဘာတွေ နစ်နာပါတယ် ဆိုတာ ဒီနေ့အထိ မသိရဘူး။ ဒါကို ကျနော်တို့တင် မဟုတ်ပါ ဘူး၊ လက်ရှိ အစိုးရ ကိုယ်တိုင် ပါတယ်။ ဒါကို သူတို့ ဘာတွေ နစ်နာပါတယ်ဆိုတာ တိတိကျကျ သိဖို့လိုပါတယ်”ဟု ပြောသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုများကြောင့် ဒေသခံ တောင်သူ ၁၈ ဦးသည် လမ်းတံတား ဥပဒေ၊ ငြိမ်းစုစီ ဥပဒေများဖြင့် တရား စွဲဆိုခံထားရပြီး ယခုအခါ အချုပ်ဖြင့် အမှု ရင်ဆိုင်နေရသူ ၄ ဦးနှင့် ကျန်းမာရေး အာမခံဖြင့် အမှုရင်ဆိုင်နေရသူ တဦး ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့ ဘက်လိုက်မှု ရှိနေသည် ဟုဆိုကာ NLD ရုံးချုပ်သို့ တိုင်ကြားထားမှုများလည်း ရှိကြောင်း သိရသည်။
အောင်သေပြေ ဒေသခံ ဦးဝင်းသိန်း က “ကျနော်တို့ ကန့်ကွက်နေတာက ဒီဘိလပ်မြေ စက်ရုံ စီမံကိန်းဟာ ရွာစည်းရိုး နဲ့ ထိကပ်နေတဲ့ အပြင် စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန်တွေကြောင့် ရွာကို ထိခိုက် လာမှာ စိုးရိမ်တာကြောင့် ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြတာပါ။ နောက်ပြီး စီမံကိန်းကို ဆက်လက် လုပ်ကိုင်ခွင့်ပြု တာဟာ တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌတို့ ဘက်လိုက်မှု ရှိနေတယ်လို့ ထင်တာကြောင့် အရေးယူ ပေးဖို့ NLD ရုံးချုပ်ကို တိုင်ထားတာလည်း အခုထိ ဘာမှ ထူးခြားမလာပါဘူး” ဟု ပြောသည်။
ထို့အပြင် ဒေသခံများက စီမံကိန်းဝင်း အတွင်းရှိ ကားများနှင့် အဆောက်အအုံများအား မေ ၁၅ နံနက် ၈ နာရီကျော် အချိန်က ဝင်ရောက် မီးရှို့ခဲရာ ကား၂ စီး ဆိုင်ကယ် ၃ စီး မီးလောင်ခဲ့သလို အခြား ပျက်စီး ဆုံးရှုံးမှုများလည်း ရှိသည်။
အဆိုပါ စီမံကိန်းကို မြင့် ရင်းနှီးမြုပ်နှံ ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တရားဝင် ခွင့်ပြုချက်လည်း ရရှိထားသလို ယခုအခါ စီမံကိန်း အဆောက် အအုံများ စတင် ဆောက်လုပ်နေလျက် ရှိသည်။
You may also like these stories:
LPG ဓာတ်ငွေ့ သုံးစွဲသူ များပြားလာရေး အစိုးရ လုပ်ဆောင်မည်ဟု ဆို
ကြံ့ခိုင်ရေး လက်လျှော့ခဲ့ရတဲ့ ထွေ/အုပ် ကို NLD ဘယ်လို ထိန်းမလဲ
ဖြူးငလျင် ထိခိုက်ပျက်စီးမှု မရှိ
မြန်မာ့ ကော်ဖီ ဈေးကွက် ဖွံ့ဖြိုးမှု နောက်ကျနေ ဟု ဒုသမ္မတ ဆို