အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကို ရပ်တန့်ပစ်ရန် အားထုတ်နေချိန်တွင် ကမ္ဘာ့ ရေနံဈေးကွက်သည် အရှေ့အလယ်ပိုင်းမှ ခြိမ်းခြောက်မှုများကို အကြီးအကျယ် လျစ်လျှူရှုနေသည်။ လက်တွေ့တွင် အီရန် ရေနံဝယ်ယူမှုများအပေါ် အမေရိကန် အရေးယူပိတ်ဆို့ခြင်း ကင်းလွတ်ခွင့် အဆုံးသတ်တော့မည်ဟု ထရမ့်အစိုးရက ကြေညာလိုက်ပြီးနောက် ရေနံဈေး ၂ ရာခိုင်နှုန်းပင် ကျဆင်းသွားသောကြောင့် ဈေးကွက်သည် အရှေ့အလယ်ပိုင်းမှ ပဋိပက္ခ ခြိမ်းခြောက်မှုထက် အမေရိကန် အရန်ရေနံသိုလှောင်မှု မြင့်မားနေခြင်းကို ယုံကြည်သည့် သဘောဖြစ်နေသည်။
ထို ခြိမ်းခြောက်မှုသည် မဝေးကွာလှတော့ပေ။ ရေနံတင်ပို့ခြင်းမှ တားဆီးပိတ်ပင်လျှင် အီရန်နိုင်ငံက ဟော်လ်မွတ်ခ် ရေလက်ကြားကို ပိတ်ပစ်မည်ဟု အီရန်ရေတပ် အထက်တန်း အရာရှိတဦးက ဧပြီလ နှောင်းပိုင်းတွင် သတိပေးခဲ့သည်။ ကီလိုမီတာ ၂၀ ကျယ်သော ထိုရေလက်ကြားသည် အာရှအတွက် ရေနံအများစု အပါအဝင် ကမ္ဘာ့ ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသွားသော ရေလမ်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် လေယာဉ်တင် သင်္ဘောတစီးနှင့် ဗုံးကျဲလေယာဉ် အထူးတပ်ဖွဲ့တခုကို ထိုဒေသအတွင်းသို့ စေလွှတ်ခဲ့သော်လည်း ထိုလုပ်ရပ်သည် ရေလက်ကြားမှ လွတ်လပ်စွာ ဖြတ်သန်း သွားလာခွင့်အတွက် ဖြစ်သည်၊ သို့မဟုတ် အီရန်တော်လှန်ရေး အစောင့်တပ်၏ အခြား အမျိုးအမည် မဖော်ပြသော ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရေနံဈေးကွက်သည် ဆက်လက် တည်တည်ငြိမ်ငြိမ်ရှိနေပြီး ထိုထက် ပိုမို စိတ်ပူစရာ ကောင်းသော အကြောင်းအရာမှာ အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး ပဋိပက္ခသာ ဖြစ်နေပြီး ထိုပဋိပက္ခကြောင့် ရေနံ ဝယ်လိုအားအပေါ် ဆိုးကျိုးသက်ရောက်မှုသာ ဖြစ်သည်။
သို့သော် ဒုက္ခမီးသည် တငွေ့ငွေ့ တောက်လောင်နေကြောင်း ရေနံဈေးကွက် သုတေသီများက သတိ ပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့ရေနံ ရောင်းနိုင်အား ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် ၎င်း၏ မြင့်တက်နေသော ရေနံထုတ်လုပ်နိုင်စွမ်းကို အလွန်အကျွံ အားထားနေသည်ဟု နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ အမေရိကန် စွမ်းအင် ကျွမ်းကျင်သူ အေမီ မိုင်ယာ ဂျက်ဖ်က စိုးရိမ်မကင်း ဖြစ်နေသည်။
“အမေရိကန် ရေနံထုတ်လုပ်မှု တက်လာတာကြောင့် ရေနံ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ပိုမို အတင့်ရဲလာတယ်ဆိုတာ မေးစရာတောင် မလိုပါဘူး” ဟု သူက ပြောသည်။
၂၀၀၆ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံး ရေနံတင်သွင်းသူ ဖြစ်ခဲ့ပြီး တနေ့လျှင် စည်ပေါင်း ၁၂ သန်းခန့် ဝယ်သည်။ အမေရိကန် စွမ်းအင် သတင်းအချက်အလက် ဌာန၏ အဆိုအရ ပြည်တွင်းထုတ်လုပ်မှု အကြီးအကျယ် တိုးတက်ခြင်းနှင့် ပင်လယ်ကြမ်းပြင်မှ ရေနံနှင့် သဘဘာ၀ ဓာတ်ငွေ့ များကို ထုတ်လုပ်သည့် Fracking technology ကြောင့် အသားတင် တင်သွင်းမှုသည် သုညအထိ ကျဆင်း သွားသည်ဟု သိရသည်။ အမေရိကန်နိုင်ငံသည် ရေနံတင်ပို့သည့် ဈေးကွက်တွင် ပိုမို အရေးပါလာနေသည်။
အမေရိကန်၏ ရေနံထုတ်လုပ်မှုသည် ဆက်လက် တိုးတက်နေမည် ဖြစ်သော်လည်း ဈေးကွက်မှ ရောင်းလိုအား ထိခိုက်မှုကို ခံရနိုင်ဆဲဖြစ်ကြောင်း ဂျက်ဖ်က ပြောသည်။
“ဟာရီကိန်းတွေ၊ အဓိကကျတဲ့ ရေနံမြေတွေမှာ မတော်တဆ ဖြစ်တာတွေ ဒါမှမဟုတ် ပထဝီနိုင်ငံရေး ပဋိက္ခတွေဟာ ရေနံရောင်းလိုအားကို ရုတ်တရက် ထိခိုက်မှုတွေ ဖြစ်စေနိုင်ပြီး ဈေးကွက်မှာ ဈေးတွေ တက်တာလိုမျိုးတွေ ခံရနိုင်တော့ အစိုးရအနေနဲ့ ရေနံဈေးကွက်မှာ ရှုပ်ထွေးတဲ့ အရေးယူပိတ်ဆို့မှုတွေ အလွန်အကျွံ တပြိုင်နက်တည်း မချမှတ်ဖို့ ဂရုစိုက်သင့်တယ်” ဟု သူက သတိပေးသည်။
အီရန်သည် ဆော်ဒီအာရေးဗျပြီးလျှင် ဒုတိယအကြီးမားဆုံး ရေနံထုတ်လုပ်သည့် OPEC အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ထုတ်လုပ်မှု အမြင့်မားဆုံး အချိန်များတွင် တနေ့လျှင် စည်ပေါင်း ၃ သန်း တင်ပို့သည်။ အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့သည့် လွန်ခဲ့သောနှစ် ဧပြီလအထိ တနေ့လျှင် စည်ပေါင်း ၂.၈ သန်း တင်ပို့နေသည်။ လွန်ခဲ့သော နှစ်ကုန်တွင် တင်ပို့မှုမှာ စည်ပေါင်း တသန်းကျော် အထိ ကျဆင်းသွားသော်လည်း စည်ပေါင်း ၁.၇ သန်းအထိ ပြန်လည် တင်ပို့လာနိုင်ခဲ့သည်။ အမေရိကန် အရေးယူပိတ်ဆို့မှု ဆိုင်းငံ့သောကြောင့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တူရကီတို့သည် အီရန်ရေနံများကို ဝယ်ယူနိုင်ခဲ့သော်လည်း ယခုအခါ ထို ဝယ်ယူခွင့် ရပ်ဆိုင်းသွားပြီဖြစ်သည်။
အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က အရေးယူ ပိတ်ဆို့မှုများကို လိုက်နာမည်ဟုဆိုသည်။ တရုတ်နှင့် တူရကီတို့မှာမူ ဆန့်ကျင်မည့် သဘောမျိုးရှိနေသော်လည်း မည်သည့် အတိုင်းအတာအထိ ဆန့်ကျင်မည်ကို မသိရသေးပေ။ တရုတ်နိုင်ငံသည် ယခင်က အမေရိကန် အရေးယူပိတ်ဆို့မှုများကို ကုန်စည်ဖလှယ်သော စနစ်ဖြင့် ကျော်လွှားခဲ့သော်လည်း ဟွာဝေး၏ ဘဏ္ဍာရေး အရာရှိချုပ်ကို အီရန်အရေးယူပိတ်ဆို့မှု ချိုးဖောက်ရာတွင် အဓိက ကူညီသည်ဟူသော စွပ်စွဲချက်ဖြင့် ကနေဒါနိုင်ငံတွင် ဖမ်းဆီးလိုက်ခြင်းသည် ထိုသို့ လုပ်ဆောင်ခြင်း၏ အန္တရာယ်များကို မီးမောင်းထိုးပြနေသည်။
ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှု များသည် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကို နောက်ထပ် စည်ပေါင်း ၁ သန်း လျှော့ချနိုင်မည်ဟု သုတေသီများက ယုံကြည်နေကြသည်။
တခြားသော ရေနံထုတ်လုပ်မှု စိုးရိမ်ဖွယ်ရာ များလည်း ရှိသေးသည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းအထိ တနေ့လျှင် စည်ပေါင်း ၂ သန်း ပျမ်းမျှ ထုတ်လုပ်နေသော ဗင်နီဇွဲလား နိုင်ငံသည် ဖေဖော်ဝါရီလက ထုတ်လုပ်မှု စည်ပေါင်း ၁.၂ သန်းအထိ ကျဆင်းသွားပြီး ယခုအခါ ၈ သိန်းခန့်သာ ထုတ်လုပ်နိုင်တော့သည်။ ထိုသို့ ကျဆင်းမှုသည် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု၏ ထိရောက်မှုကိုသာမက ဗင်နီဇွဲလားနိုင်ငံ၏ အခြေခံ အဆောက် အအုံများ စွမ်းဆောင်ရည် ကင်းမဲ့မှုကိုလည်း ပြသသည်။
လစ်ဗျားနိုင်ငံ၏ ထုတ်လုပ်မှုမှာ တနေ့လျှင် စည်ပေါင်း ၁.၂ သန်းမှာလည်း ပြည်တွင်းစစ် အပြည့်အ၀ ပြန်လည်ဖြစ်မည့် အခြေအနေနှင့် နီးကပ်နေသောကြောင့် မရေမရာဖြစ်နေသည်။
ကမ္ဘာ့ ရေနံဈေးကွက်တွင် အနည်းငယ် နှေးကွေးသွားကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ နောက်ဆုံး သုတေသနအရ သိရှိရသည်။ ယခုနှစ် ပထမ ၃ လပတ်တွင် ကမ္ဘာ့ရေနံ သုံးစွဲမှုမှာ တနေ့လျှင် စည်ပေါင်း ၉၉.၅ သန်း ရှိပြီး ရောင်းလိုအားမှာ နေ့စဉ် ၉၉.၆ သန်းရှိသည်ဟု ထိုအဖွဲ့က ခန့်မှန်းသည်။
အီရန်ရေနံထုတ်လုပ်မှု ဆုံးရှုံးခြင်းကို ကာမိရန်အတွက် ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် အမေရိကန် ပြည်ထောင်စုက ဆော်ဒီအာရေဗျ နိုင်ငံကို ဖိအားပေးနေသော်လည်း ဆော်ဒီအာရေးဗျက ထိုသို့လုပ်မည်၊ မလုပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အီရန်နိုင်ငံက ထိပ်တန်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသော OPEC အဖွဲ့သည် ဈေးနှုန်းများကို ကျားကန်ပေးရန် အတွက် ထုတ်လုပ်မှုကို ထိန်းချုပ်နေသည်။ ဆော်ဒီအာရေးဗျ နိုင်ငံသည် ၎င်း၏ ထုတ်လုပ်မှုကို OPEC သဘောတူညီချက်အရ လိုအပ်သည်ထက်ပင် ပိုမိုလျှော့ချနေသည်။
အီရန်နှင့် ဗင်နီဇွဲလား နိုင်ငံများအပေါ် အရေးယူပိတ်ဆို့မှုကို ခွင့်ပြုရန် လုံလောက်သော ရေနံထုတ်လုပ်မှု စွမ်းရည်ရှိသည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ဆိုသော်လည်း ထိုစွမ်းရည်၏ အများစုသည် OPEC တွင်သာ ရှိနေပြီး OPEC က ထုတ်လုပ်မှု ဖြတ်တောက်သောအခါ ထိုစွမ်းရည်မှာ အလုပ်မဖြစ်တော့ကြောင်း ပြောသည်။
တိုးတက်သော နိုင်ငံများမှ ရေနံသုံးစွဲသူများ၏ အကျိုးစီးပွားကို ကိုယ်စားပြုသော IEA က ကမ္ဘာ့စီးပွားရေးသည် ထိခိုက်လွယ်နေဆဲ ဖြစ်ကြောင်းပြောပြီး OPEC နိုင်ငံများက ရေနံဈေး အလွန်အကျွံ ထိုးတက်အောင် လုပ်ဆောင်ခြင်းကို သတိပေးထားသည်။
ယခုနှစ် ထုတ်လုပ်မှု တင်းကျပ်ခြင်းကို ရေနံဈေးနှုန်းက တုံ့ပြန်လုပ်ဆောင်နေသည်။ နိုင်ငံတကာ ရေနံစိမ်းဈေး စံနှုန်းဖြစ်သော Brent ရေနံစိမ်းဈေးသည် ကမ္ဘာ့စီးပွားရေး အကျဘက်သို့ ဦးတည်သည့် လွန်ခဲ့သောနှစ်ကုန်က တစည်လျှင် ဒေါ်လာ ၅၀ သာ ရှိရာမှ တစည်လျှင် ၇၁ ဒေါ်လာသို့ ပြန်တက်လာသည်။
ဈေးနှုန်းမှာ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်က ရှိခဲ့သည့် တစည်လျှင် ဒေါ်လာ ၁၀၀ နှုန်းအောက် များစွာ နိမ့်ကျ နေသေးသည်။ ထိုစဉ်က တစည်လျှင် ဒေါ်လာ ၁၀၀ နှုန်းအထိ တက်ရခြင်းမှာ အိုဘားမားအစိုးရက ချမှတ် ခဲ့သည့် အီရန်နိုင်ငံအပေါ် ပထမဆုံး အရေးယူပိတ်ဆို့မှုများ၏ သက်ရောက်မှုများလည်း ပါဝင်သည်။
ထို အရေးယူ ပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံက ဟော်လ်မွတ်ခ် ရေလက်ကြားကို ပိတ်ဆို့ရန် ခြိမ်းခြောက်မှု များလည်း ဖြစ်စေခဲ့သည်။ ထိုအချိန်မှစတင်ပြီး အလေးအနက် မဟုတ်သော်လည်း ထိုခြိမ်းခြောက်မှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ အမေရိကန်၏ စစ်ရေးခုခံမှုကြောင့် အီရန်သည် ထိုရေလက်ကြားကို အချိန်ကြာကြာ ပိတ်ထားနိုင်မည် မဟုတ်ဟု ဂျက်ဖ်က ယူဆပြီး အခြား သုတေသီများကမူ အီရန်သည် ထိုရေလက်ကြားကို ကာလကြာမြင့်စွာ ပိတ်ထားနိုင်သည့်တိုင် ဆော်ဒီအာရေးဗျသည် ရေလက်ကြားမှ တင်ပို့နေသည့် ရေနံအများအပြားကို ပိုက်လိုင်းများဖြင့် လမ်းကြောင်းပြောင်းနိုင်မည်ဟု ယူဆကြသည်။
၂၀၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက အီရတ်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်စဉ်က ရေနံဈေးကွက်ကို အနှောင့်အယှက် မဖြစ်ခဲ့ဘဲ ထိုစဉ်မှစတင်ပြီး အမေရိကန်၏ ရေနံလုံလောက်မှုသည် ရေနံ၏ အစဉ်အလာ ပထဝီနိုင်ငံရေး အရေးပါမှုသည် တစုံတရာ အင်အား ချည့်နဲ့ သွားခဲ့သည်။ ၁၉၇၂ ခုနှစ်က အာရပ် ရေနံပိတ်ဆို့မှုနှင့် ၁၉၇၈ ခုနှစ် အီရန် တော်လှန်ရေးကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုမှာ ခေတ်ဟောင်းသမိုင်း အဖြစ် ကျန်ရစ်ပြီဖြစ်သည်။
သို့သော် ရေနံသည် ယခုအချိန်အထိ အကြီးမားဆုံး ကုန်စည်ဈေးကွက် ဖြစ်နေသေးပြီး နှစ်စဉ် ဒေါ်လာ ၂ ထရီလျံဖိုး ရှိကာ ဒုတိယ အကြီးမားဆုံး ကုန်စည်ဈေးကွက် ဖြစ်သည့် သံရိုင်းထက် ၁၀ ဆ ပိုမို ကြီးမားနေသည်။ ကမ္ဘာ့ ရေနံထုတ်လုပ်မှု တင်းကျပ်လာခြင်းနှင့်အတူ ကမ္ဘာ့စီးပွားရေးသည် အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့နှင့် ထရမ့် အစိုးရအကြား ပြင်းထန်လာသော ပဋိပက္ခတွင် လွှမ်းမိုးနေသော မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း အပေါ် များစွာ မူတည်နေပေသေးသည်။
( David Uren သည် စီးပွားရေး သုံးသပ်ဝေဖန်သူတဦးဖြစ်ပြီး The Australian သတင်းစာ၏ စီးပွားရေးကဏ္ဍ အယ်ဒီတာဟောင်းလည်း ဖြစ်သည်။ The Strategist တွင် ၎င်း ရေးသားသော Will US–Iran tensions disrupt the global oil market? ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် – အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ
ထရမ်၏ အခွန်စည်းကြပ်မှု အသစ် တရုတ် တုံ့ပြန်