အသက် အာမခံနှင့် အထွေထွေ အာမခံ လိုင်စင် ရယူထားသည့် ပြည်တွင်း ကုမ္ပဏီ ၈ ခုကို ကုမ္ပဏီ ၂ ခုစီ ခွဲထုတ်ရမည် ဖြစ်ကြောင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က သိရဖက်စပ်သည်။
လက်ရှိ အသက်အာမခံနှင့် အထွေထွေ အာမခံ ဝန်ဆောင်မှု နှစ်မျိုးစလုံး လုပ်ကိုင်ခွင့် ရရှိထားသော ပြည်တွင်း ကုမ္ပဏီ ၈ ခု ရှိပြီး ယင်းကုမ္ပဏီများ အနေဖြင့် အသက် အာမခံ ကုမ္ပဏီတခုနှင့် အထွေထွေအာမခံ ကုမ္ပဏီ ဟူ၍ သပ်သပ်စီ ပြန်လည် ပြောင်းလဲ ဖွဲ့စည်းရမည် ဖြစ်ကြောင်း အာမခံ လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်က ဧရာဝတီသို့ ပြော သည်။
၎င်းက“နိုင်ငံခြားနဲ့ ဖက်စပ် မလုပ်တဲ့ ကုမ္ပဏီတွေလည်း အကုန် ပြန်ခွဲရမှာ။ အရင်ကတော့ ကုမ္ပဏီ တခုအောက်ကပဲ လုပ် ခဲ့ တာပေါ့။ အခုက အသက်အာမခံနဲ့ အထွေထွေ အာမခံ ဆိုပြီး ကုမ္ပဏီ တခုစီ ပြန်လုပ်ရမယ်”ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို ပြီးခဲ့ သည့် လပိုင်းကတည်းက ပြောင်းလဲ ဖွဲ့စည်းကြရန် ညွှန်ကြားထားသည်။
ထိုသို့ ပြောင်းလဲ ဖွဲ့စည်းရန် အတွက် မတည် ရင်းနှီးငွေများ ပြောင်းလဲခြင်းနှင့် ကုမ္ပဏီ စာရင်းရှင်းလင်းခြင်း ကိစ္စများကို လုပ်ဆောင်လျက် ရှိကြောင်း ပြည်တွင်း အာမခံ လုပ်ငန်းများမှ သိရသည်။
IKBZ အာမခံ ကုမ္ပဏီ တာဝန်ရှိသူ ဦးနေမျိုးအောင် က“IKBZ အထွေထွေ အာမခံ လုပ်ငန်း ကုမ္ပဏီ လီမိတက် စာရင်း ရှင်းလင်း ဖျက်သိမ်းတယ် ဆိုတာက လုပ်ငန်းတွေ ရပ်တာ မဟုတ်ဘူး။ အသက် အာမခံ ကုမ္ပဏီနဲ့ အထွေထွေ အာမခံ ကုမ္ပဏီ ဆိုပြီး သပ်သပ် ပြန်ဖွဲ့ဖိုပါ”ဟု ဧရာဝတီသို့ ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဧပြီလ အတွင်း၌ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်း ကုမ္ပဏီများ အပါ အဝင် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၅ ခုအား ပြည်တွင်း၌ အသက် အာမခံ ဝန်ဆောင်မှုကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ခွင့်ပြု ခဲ့သည်။
ယင်းသို့ ခွင့်ပြုပေးလိုက်ပြီး နောက်ပိုင်း ပြည်တွင်း အာမခံ ကုမ္ပဏီများကိုလည်း ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ် ထားသော နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ အာမခံ ဈေးကွက်တွင် မြန်မာ့ အာမခံ လုပ်ငန်းနှင့် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီပေါင်း ၁၁ ခုက အာမခံ ဝန် ဆောင်မှုများ လုပ်ကိုင်လျက် ရှိပြီး အသက် အာမခံနှင့် အထွေထွေ အာမခံ ဝန်ဆောင်မှုများ လုပ်ကိုင်နိုင်သည့် အထွေထွေ အာမခံ လိုင်စင် ရယူထားသော ပုဂ္ဂလိက ကုမ္ပဏီ ၈ ခု ရှိသည်။
ထို့ပြင် အသက်အာမခံ ဝန်ဆောင်မှုသာ လုပ်ကိုင်နိုင်သည့် အသက်အာမခံ လိုင်စင်ရ ကုမ္ပဏီ ၃ ခု ရှိပြီး ယခုလို ပြန်လည် ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ခြင်းကြောင့် ပြည်တွင်း ပုဂ္ဂလိကအာမခံ ကုမ္ပဏီ အရေအတွက် ၁၉ ခု အထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
နိုင်ငံခြား ကုမ္ပဏီ ၅ ခုကို အသက်အာမခံ လုပ်ငန်း စတင်ခွင့်ပြု
နိုင်ငံခြား ကုမ္ပဏီ ၉ ခုခန့် ပြည်တွင်း အာမခံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မည်