ရန်ကုန် စတော့ အိတ်ချိန်း၏ ၃ နှစ်ကျော် သက်တမ်းတွင် နိုင်ငံခြားသား ရှယ်ယာ ဝယ်ယူခွင့်ကို မကြာမီ ခွင့်ပြုသွားရန် ရှိကြောင်း ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) ထံက သိရသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်ကို SECM ဘက်မှာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း များ ပြီးစီး၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနက ခွင့်ပြုပါက စတင် လုပ်ကိုင်နိုင်ပြီဖြစ် ကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
၎င်းက“ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ဖို့ပဲ ကျန်တော့တာပါ။ ဒီလာမယ့် မေလကုန်နဲ့ ဇွန်လထဲလောက်မှာ ခွင့်ပြုတော့မှာ ပါ”ဟု ဆိုသည်။
၂၀၁၈ သြဂုတ်လက စတင် အသက်ဝင်လာသော မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ အသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်သည့်တိုင် မြန်မာ ကုမ္ပဏီ အဖြစ်သာ သတ်မှတ်မည် ဖြစ်ခြင်းကြောင့် ရန်ကုန်စတော့ အိတ် ချိန်း တွင်လည်း နိုင်ငံခြားသားများက ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။
စတော့အိတ်ချိန်း စာရင်းဝင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) ၏ စီမံကိန်း ဒါရိုက်တာ ဦးသူရိန်အောင်က“ကျနော်တို့လည်း ဒီခွင့်ပြုမယ့် ကိစ္စ ကို တော်တော် မျှော်လင့်နေပါတယ်။ သူတို့ဝင်လာရင် ဈေးကွက် လည်း နည်းနည်း ပြန်သွက်လာနိုင်တာပေါ့”ဟု ဆိုသည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပါက ဈေးကွက် ပိုမိုသွက်လာခြင်းနှင့် စာရင်းဝင် ကုမ္ပဏီများက လုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် အတွက် အရင်းအနှီးများ ရရှိလာနိုင်မည်ဟု စတော့အိတ်ချိန်းနှင့် စာရင်းဝင် ကုမ္ပဏီများက မျှော်လင့်ထားကြကြောင်း သိရသည်။
ရန်ကုန် စတော့အိတ်ချိန်း၏ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက“မြန်မာက ရင်းနှီးမြှုပ်နှံသူတွေရဲ့ သဘော က Trade လုပ်မယ့်သူထက် ဝယ်ထားပြီး ကိုင်ထားမယ်၊ ပြီးရင် နှစ်စဉ် အမြတ်ဝေစု ထိုင်စားမယ်ပေါ့။ အဲ့ဒီလို လူမျိုးတွေကပဲ ပိုများတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အဓိက လုပ်ကိုင်သော အများပိုင် ကုမ္ပဏီတခုသည် ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်နိုင်ရန်အတွက် စိစစ်မှုလုပ်ဆောင်လျက်ရှိပြီး ယခုနှစ်အတွင်း စာရင်းဝင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခင်က ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရန် ပြင်ဆင်ထားခဲ့သော ကုမ္ပဏီတချို့သည်လည်း လက်ရှိ ဈေးကွက်အေး နေ ခြင်း ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ခွင့်ပြုမည့် အစီအစဉ်ကို စောင့်ဆိုင်းပြီးမှသာ စတော့အိတ်ချိန်းသို့ ဝင်ရောက် မည့် အခြေအနေများလည်း ရှိကြောင်း သိရသည်။
ရန်ကုန် စတော့ အိတ်ချိန်းတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ကို တဆင့်ချင်းသာ ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဆိုသည်။
FMI နှင့် MTSH များ၏ ရှယ်ယာများ ဝယ်ယူထားသော ဦးပြည့်ဖြိုးမောင်က“ကျနော်ကတော့ အရမ်း မထင်ဘူးဗျ။ တဦး ချင်း ရင်းနှီးမြှုပ်သူတွေလောက် အထိပဲ စမှာဆိုတော့ စခွင့်ပြုပြုခြင်းတော့ ဈေးကွက် နည်းနည်း ပြန်လှုပ်လာမယ်၊ ပြီးရင် ဒီအတိုင်းပဲ ပြန်ငြိမ်သွားမယ် ထင်တယ်”ဟု ဆိုသည်။
လက်ရှိ အချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ FMI အများပိုင် ကုမ္ပဏီ၊ MTSH၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) နှင့် တယ်လီကွန်း ကုမ္ပဏီ (TMH) တို့က ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိသည်။
မေလ ၁၇ ရက်က FMI ရှယ်ယာ တစု ကျပ် ၁၀၅၀၀၊ MTSH ရှယ်ယာ တစု ကျပ် ၃၁၀၀၊ MCB ရှယ်ယာတစု ကျပ် ၇၃၀၀၊ FPB ရှယ်ယာတစု ကျပ် ၂၁၅၀၀ နှင့် TMH ရှယ်ယာတစု ကျပ် ၂၉၅၀ ပေါက်ဈေး ရှိကြောင်း ရန်ကုန် စတော့ အိတ်ချိန်း ၏ စာရင်းများအရ သိရသည်။
လတ်တလောတွင် ရန်ကုန် စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများသည် စတော့အိတ်ချိန်းဝင်ရောက်ချိန် က ဈေးနှုန်းများသို့ ကျဆင်းလျက်ရှိပြီး အကျ ဈေးနှုန်များ၌ပင် ရှိနေကြောင်း သိရသည်။
You may also like these stories:
ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် တိုးတက်ရေး အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းမည်
ပင်စင်လစာ ပေးရတာများ၍ အခြားကဏ္ဍများအတွက် ဘက်ဂျက် အခက်အခဲရှိဟုဆို
အထွေထွေ အာမခံ ကုမ္ပဏီ ၈ ခု လုပ်ငန်း ၂ ခုစီ ခွဲထုတ် လုပ်ကိုင်ရမည်
အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်