အစိုးရ ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် တာဝန် ထမ်းဆောင်နေကြသည့် အမှုဆောင် အရာရှိချုပ် (CEO) များသည် ဘဏ်လုပ်သက် အနည်းဆုံး ၁၀ နှစ် ရှိရမည်ဟူသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်က ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုများ ရှိနေကြောင်း သတင်း ရရှိသည်။
ဘဏ်များအနေဖြင့် အတွေ့အကြုံ မရှိဘဲ ပညာတတ်ရုံသက်သက်ဖြင့် ဘဏ်၏ အရေးကြီးဆုံးရာထူးတခုကို ခန့်အပ် နေခြင်းသည် မဖြစ်သင့်ကြောင်း၊ အတွေ့အကြုံမရှိဘဲ Board of Director အဖွဲ့သို့ ဝင်ထိုင်ပြီး ဆုံးဖြတ်ချက်များ ချမှတ် နေပါက အလွဲလွဲအမှားမှား ဖြစ်နိုင်သဖြင့် ပရော်ဖက်ရှင်နယ် ဆန်သူများ ဘဏ်လုပ်ငန်းသို့ ရောက်ရှိလာစေရန် ယခု အမိန့် ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
“ပညာတတ်ရုံသက်သက် ဘာအတွေ့အကြုံမှ မရှိတဲ့ လူတယောက်ကို CEO လုပ်ခွင့်ပေးမလား။ ဒီပိုက်ဆံတွေက ပြည်သူ တွေက အပ်ထားတဲ့ ပိုက်ဆံတွေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုရင်တော့ ကြိုက်တဲ့လူခန့်။ ပြည်သူပြည်သား အပ် ထား တဲ့ ပိုက်ဆံကို Drive လုပ်မယ့် သူတွေကို ပရော်ဖက်ရှင်နယ် ဖြစ်တဲ့သူတွေကို လုပ်စေချင်တယ်”ဟု ၎င်းက မေလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခြင်း ဖြစ်သည်။
ဘဏ်လောကတွင် CEO ဖြစ်သူကို လုပ်သက် ၁၀ နှစ် ရှိရမည်ဟု မတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် သတ်မှတ်ချက်ကြောင့် အငြင်းပွားမှုတချို့ ရှိနေကြောင်း၊ နိုင်ငံခြားမှ လူငယ်များ ပြန်ရောက်လာပြီး လုပ်လို့ မရဘူးလား ဆိုသည့် မေးခွန်းမျိုးနှင့် အတွေ့အကြုံကို အရမ်း ဦးစားပေးနေသည် ဆိုသည့် သဘောမျိုး ပြောဆိုလာမှုများ ရှိကြောင်း လည်း ဘဏ် တာဝန်ရှိသူများက ပြောသည်။
“ရအောင်ရှာပါ။ ၁၀ နှစ်ဆိုတာ ဘာမှ မရှိပါဘူး။ တယောက်က အသက် ၂၀၊ ၂၅ မှာ မာစတာတွေ PhD တွေ ရပြီးရင် ၃၅ နှစ်မှာ CEO လုပ်လို့ ရမှာပါ။ ကျနော် အသက် ၇၁ နှစ် ရှိပြီ။ အခုမှ ဗဟိုဘဏ်မှာ ဒုဥက္ကဌ ဖြစ်တယ်။ Second Man ပဲ ရှိသေးတယ်။ ကိုယ်က ပိုက်ဆံရှိလို့ ဘဏ်ထောင်ထားတယ်။ ပြီးတော့ ကိုယ့်သားကို MD ခန့်လိုက်တယ်ဆိုရင် ဒီဘဏ်ကြီးကို ဘယ်လို လုပ်မလဲ”ဟု ဗဟို ဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက မေးခွန်းထုတ်သည်။
ဗဟိုဘဏ်၏ ညွှန်ကြားချက်သည် အစိုးရ ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သဖြင့် မြန်မာ နိုင်ငံတွင် ဘဏ်လုပ်ငန်း အတွေ့အကြုံ ၁၀ နှစ်ရှိသည့် CEO ဘယ်နှဦး ရှိသလဲဆိုသည့် မေးခွန်းရှိကြောင်း၊ ထို့ပြင် အချိန် ၁ နှစ်သာပေး၍ လက်ရှိ ပြည်တွင်း ဘဏ်အများစု၏ CEO များမှာ လုပ်ငန်း အတွေ့အကြုံ ၁၀ နှစ် မရှိကြ ကြောင်း နေပြည်တော် စည်ပင်ဘဏ် လီမိတက် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။
“အဲဒီ အမိန့်မှာ ၁ နှစ်ပြည့်သွားရင် ညွှန်ကြားချက်မှာ ပါတာက ၁၅ ရက်အတွင်း အလုပ်ဖြုတ်ရမယ်လို့ ပါတယ်။ စည်းကမ်းနှင့် မကိုက်ညီပါက ၁၅ ရက်အတွင်း တာဝန်မှ ရပ်စဲရမည်လို့ ပါတယ်။ ဘဏ်ဆိုတာက ဗဟိုဘဏ် ညွှန်ကြား ရင် အတိအကျ လိုက်နာရတာလေ။ ဘဏ်တွေက သူတို့ရဲ့ CEO တွေကို အလုပ် ထုတ်ရတော့မှာလားပေါ့”ဟု ဦးရဲမင်းဦး က ပြောဆိုသည်။
၎င်းက ဆက်၍ “ကျနော်တု့ိဘဏ်ဆိုရင် ကျနော်ရယ် ကျနော့် CEO ရယ်က ကိုက်တယ်။ ဒါပေမယ့် တခြားဘဏ်တွေ ဆိုရင် မကိုက်ဘူး။ မကိုက်ရင် မကိုက်တဲ့ ဘဏ်တော်တော်များများက ဘာလုပ်ရမလဲပေါ့။ ဘဏ်မှာ အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ်၊ ၁၀ နှစ်၊ ၁၅ နှစ် အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ် ဘယ်နှယောက် ခန့်ရမယ်ဆိုတာမျိုး ဆိုရင် ပိုပြီးတော့ လက်တွေ့ကျ တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရာထူးကြီးနဲ့ အသေ သတ်မှတ်လိုက်တာက နည်းနည်း လှုပ်ရ၊ ရှားရ ခက်လိမ့်မယ်”ဟုလည်း ပြောသည်။
ပြည်တွင်းဘဏ် တချိုတွင် ပိုင်ရှင်များ၏ သားသမီးများသည် ဘဏ်တွင် အဓိကကျသည့် ရာထူးကြီးများကို ရယူ ထား ရာ ဘဏ်ဆိုသည်မှာ အများ ပြည်သူ၏ အပ်ငွေနှင့် ရပ်တည်သည့် စီးပွားရေး လုပ်ငန်းတခု ဖြစ်ပြီး ယင်းလုပ်ငန်းတွင် ငါ့သမီး၊ ငါ့သား၊ ငါယုံကြည် ရသူကို CEO ခန့်မည်ဆိုပါက မူဝါဒပိုင်းဆိုင်ရာအရ လုံးဝ မှားယွင်းနေကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။
“လိုအပ်လို့ ဗဟိုဘဏ်က ထုတ်ပြန်တာ ဆိုပေမယ့် လက်တွေ့ဆန်ဖို့ လိုတယ်။ ဖြစ်ပေါ်လာမယ့် အကျိုးဆက်က အကျိုး ထက် အပြစ်များနေရင်တော့ နည်းနည်း ချင့်ချိန်ဖို့တော့ လိုမယ်။ ဒီ ၂ ချက်ကြားထဲမှာ ဗဟိုဘဏ်က ဟန်ချက် ညီဖို့ လိုတယ်။ သူတို့ ထိန်းကျောင်းတဲ့ အတိုင်း မလိုက်နာရင် ဘဏ်တွေကို အရေးယူရမှာ။ အရေးယူလိုက်ရင် မြန်မာ ပြည်က ကောလာဟလကလည်း ဘဏ်တခု ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုရင် တကယ် စိတ်ပူစရာ အဲဒါက။ လုပ်သင့်တာ မှန်ပေ မယ့် အချိန်မှန်ရဲ့လားဆိုတာ အရေးကြီးတယ်”ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်များ ဖွံ့ဖြိုးလာသည်မှာ ၁၀ စုနှစ် တခု ဝန်းကျင်သာ ရှိသေးပြီး ယခင် တပ်မတော် အစိုးရ သည် ၎င်းနှင့်နီးစပ်သူ ခရိုနီများကို ဘဏ်လုပ်ငန်းများ လုပ်ပိုင်ခွင့် ပြုခဲ့ရာ ကမ္ဘောဇဘဏ်သည် လုပ်ပိုင်ခွင့် အစောဆုံး ရရှိခဲ့သည့် ဘဏ်တခု ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်၏ အကြံပေး ဦးသန်းလွင်က ဗဟိုဘဏ်၏ ထုတ်ပြန်ချက်ကို သဘောတူကြောင်း၊ ယခင်က Board of Director ကို အနည်းဆုံး ၇ နှစ် ရှိရမည်ဟု သတ်မှတ်ခဲ့ဖူးပြီး ယခု CEO မှာ တဘဏ်လုံး၏ ဘတ်ဂျက်ကို ကိုင်တွယ် ဆောင်ရွက်ရသူ၊ ဘဏ်တခုလုံး၏ ကောင်းမွေ၊ ဆိုးမွေ အကုန် ၎င်း၏ လက်ထဲတွင် ရှိနေ၍ အတွေ့အကြုံ မရှိဘဲ ခန့်အပ်၍ မရကြောင်း ပြောသည်။
ဦးသန်းလွင်က“အမှန်က ၁၀ နှစ် ဆိုတာတောင် နည်းသေးတယ်။ အတွေ့အကြုံ ဒီထက်ပိုများရင်တောင် ကောင်းသေး တယ်။ အခုဘဏ်တချို့ ဆိုရင် ကိုယ့်သားသမီးတွေကိုပဲ ခန့်ထားတာမျိုေးတွ ရှိတယ်။ အသက်ငယ်ငယ်လေးတွေ ရှိ သေးတယ်။ အတွေ့အကြုံလည်း သိပ်ရှိတာ မဟုတ်ဘူး။ ရာထူးကြီးကြီးတွေ ပေးထားတာလေ။ အခု အမိန့်အရ ဆိုရင် အဲဒီခေတ်ကတော့ ကုန်ပြီပေါ့ဗျာ”ဟု ပြောဆိုသည်။
၎င်းက ဆက်၍ “အဲဒါမျိုးလေးတွေတော့ ဆင်ခြင်ဖို့ လိုတယ်။ CEO ကို နိုင်ငံခြားသားတွေ ခန့်တာကို သူတို့ လက်ခံ တယ်။ အန်ကယ်တို့ ကမ္ဘောဇဘဏ်မှာဆိုရင် CEO ကို နိုင်ငံခြားသားကို ခန့်ထားတာ။ ဒီပုဂ္ဂိုလ်ကလည်း ၁၀ နှစ် တောင် မကဘူး။ ဒါပေမယ့် လခတော့ ကောင်းကောင်း ပေးထားရတယ်”ဟုလည်း ရှင်းပြသည်။
ဘဏ်တခုကို မည်သူ ပိုင်ပိုင် ကိစ္စ မရှိသော်လည်း ၎င်းသည် Ownership (ပိုင်ရှင်) ဖြစ်ကြောင်း၊ သို့သော် Management (စီမံခန့်ခွဲမှု) ကိုမူ ပရော်ဖက်ရှင်နယ် ဖြစ်အောင် သပ်သပ် လုပ်ရမည် ဖြစ်ကြောင်း၊ ယခု အမိန့်မှာ နောက်တနှစ်တွင် စတင် အသက်ဝင်မည် ဖြစ်ရာ ယင်းအချိန် ရောက်ပါက ယခု စည်းကမ်းနှင့် မကိုက်ညီသူကို CEO၊ MD တို့ ခန့်ခွင့် မရှိတော့ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဌ ဦးစိုးသိန်းက ပြောသည်။
“၁၀ နှစ် အတွေ့အကြုံရှိတဲ့သူကို မရရင် ဘယ်လိုလုပ်မလဲ။ ရအောင် ရှာပါ။ တင်ပြလာရင်လည်း ကျနော်တို့က ကြည့် မယ်။ ကိုက် ကြိုက်တဲ့သူတော့ ကိုယ်တင်လို့ မရတော့ဘူး။ မရခဲ့ရင်လည်း ရတဲ့အထဲက အကောင်းဆုံး ဖြစ်တဲ့ဟာကို ကျနော်တို့ စဉ်းစားရမယ်”ဟုလည်း ၎င်းက ဆိုသည်။
နေပြည်တော် စည်ပင်ဘဏ် တာဝန်ရှိသူ ဦးရဲမင်းဦးကမူ ကိုယ့်နိုင်ငံ၏ အခြေအနေကိုလည်း ကြည့်သင့်ကြောင်း၊ ဘဏ် များတွင် CEO၊ MD များကို ၁၀ နှစ် အတွေ့အကြုံ ရှိရမည်ဟု သတ်မှတ်ပါက ဗဟိုဘဏ် ဒု ဥက္ကဌများကိုလည်း နှစ် ၂၀ အတွေ့အကြုံ ရှိရမည်ဟု သတ်မှတ်ရန် စဉ်းစားသင့်ကြောင်း အကြံပြုသည်။
“ကျနော်တို့က မလိုက်နာဘူးလို့ ပြောခွင့်မရှိဘူး။ လိုက်နာရတော့မယ်။ ဒါကြီးက လက်တွေ့ ဖြစ်ပါ့မလားပေါ့။ ကျနော် နဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် တချို့ဘဏ်တွေ ဒုက္ခရောက်တော့မှာ မြင်နေတယ်။ ချက်ချင်း လုပ်လိုက်တာကို ပြောချင် တာ။ ဘဏ်တွေဘက်က တောင်းဆိုတာက နောက်ထပ် ၃ နှစ်ပေးပါ။ ၃ နှစ်ပြည့်ရင် ဒီအမိန့်ကို အသက်ဝင်ပါလို့ တောင်းဆို ဖူးတယ်။ အမိန့်ထွက်လာတဲ့ အချိန်မှာ ၃ နှစ် မဟုတ်ဘဲ တနှစ်ဖြစ်နေတာပေါ့”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၄ ခု၊ နိုင်ငံပိုင်ဘဏ် ၄ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခုရှိသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာဘဏ် ၅ ခု တိုးလာခဲ့ပြီး လက်ရှိတွင် ဘဏ်လုပ်ငန်း၌ ဦးဆောင်နေသည့် ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်နှင့် CB ဘဏ်တို့ ဖြစ်ကြသည်။
ယင်းဘဏ်များ၏ ပိုင်ရှင်များမှာ အစိုးရ အဆက်ဆက်နှင့် နီးစပ်ခဲ့သူများ ဖြစ်ပြီး နိုင်ငံတွင် အချမ်းသာဆုံး လူများလည်း ဖြစ်သလို ၎င်းတို့၏ ဘဏ်များသည် ဘဏ်အားလုံး ပိုင်ဆိုင်မှု၏ ၅၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ချေးငွေ အားလုံး၏ ၆၄ ရာခိုင်နှုန်း၊ အပ်ငွေ အားလုံး၏ ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြသည်ဟု မြန်မာ ဘဏ္ဍာရေး ဝန်ဆောင်မှု အစီရင်ခံစာ Myanmar Financial Services Report အရ သိရသည်။
သို့သော် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ဘဏ်စာရင်း ရှိသည်ဟု ဆိုသည်။