တရုတ်နိုင်ငံ အခြေစိုက် နည်းပညာနှင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီး တခုဖြစ်သည့် Huawei နှင့် Google ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ခြင်းသည် ပြည်တွင်း၌ ဈေးကွက် ထိခိုက်မှု ရှိနိုင်ကြောင်း ပြောဆိုကြသည်။
ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် Huawei ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် Android OS စနစ်၊ ဂိမ်း များနှင့် App များ ဒေါင်းလုပ် ပြုလုပ်နိုင်သော Google Play Store၊ Gmail၊ Youtube အစရှိသည့် Google Apps နှင့် Services များ နောက် ပိုင်းတွင် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
UNIQUE အိုင်တီနှင့် မိုဘိုင်းလ် အရောင်း စင်တာ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဆန်းဦးက“လက်ရှိ သုံးနေတဲ့ သူတွေ အတွက်ကတော့ အရမ်းကြီး မရိုက်ခတ်နိုင်ဘူး။ ဒါပေမယ့် အခုမှ အသစ်ဝယ်မယ့်သူ ဆိုရင်တော့ Huawei ဆိုရင် ဒါတွေ မရနိုင်တော့ဘူး ဆိုပြီး နည်းနည်း စဉ်းစားစရာတွေ ဖြစ်လာမှာပေါ့။ ဈေးကွက်မှာတော့ နည်းနည်း လာထိခိုက်နိုင်တယ်” ပြောဆိုသည်။
ယနေ့တွင် Huawei ကုမ္ပဏီက လက်ရှိ အချိန်တွင် ရောင်းချခဲ့ပြီးသော Huawei ထုတ်ကုန်များ၊ ဈေးကွက်ထဲ Stock ရှိနေ သော Huawei ထုတ်ကုန်များ အားလုံးသည် Security Update အပါအဝင် အခြား Update နှင့် Service များ အားလုံးကို ယခင်အတိုင်း ဆက်လက် ရရှိသွားမည် ဖြစ်သလို အသုံးပြုသူ အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ပေးစွမ်း နိုင်ရန် လုံခြုံစိတ်ချပြီး ခိုင်မာသည့် စနစ်ကို ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အလုပ် အမှုဆောင် ဦးရဲမြတ်သူက“User တွေ အတွက်ကတော့ အခက်အခဲ အရမ်း မရှိ နိုင်ဘူး။ ကျနော်တို့ ကွန်ပျူတာ လောကမှာ Software လိုင်စင်တွေ ရှိတယ်။ တချို့လိုင်စင်တွေက လိုင်စင် ထပ်မပေး ဘူး ဆိုရင် လုံးဝ ထပ်သုံးလို့ မရတော့ဘူး။ နောက်တမျိုးကျတော့ လိုင်စင်ဝယ်ထားပြီး သုံးတယ် ဆက်မပေးတော့ဘူး ဆိုရင် နောက်ဆုံး သုံးနေတဲ့ အခြေအနေအတိုင်း ဆက်သုံးလို့ ရတယ်ပေါ့။ နောက်ထပ် Update တွေကို ထပ်မပေးတော့ဘူး ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“Google ရဲ့ နောက်ထပ် အသစ်ထပ်လုပ်မယ့် Update က ဟာတွေတော့ သုံးလို့ မရတော့မယ့် အခြေ အနေပေါ့။ ဒါကလည်း နည်းပညာ ထုတ်ကုန် လောကအတွက် အပြောင်းအလဲ တခု ထပ်ရှိလာမှာပေါ့”ဟု ဆို သည်။
မြန်မာနိုင်ငံရှိ ဖုန်း အသုံးပြုသူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် Huawei အမှတ်တံဆိပ် စမတ်ဖုန်းများကို အသုံးပြု လျက် ရှိကြပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် စမတ်ဖုန်း အမျိုးအစား တခု ဖြစ်သည်။
အိုင်တီ ပညာရှင် ဦးဇော်ဇော်မျိုးလွင်ကလည်း“သုံးစွဲသူတွေ အပေါ်မှာ အများကြီး သက်ရောက်မှု မရှိနိုင်ဘူး။ ဘာလို့ဆိုရင် အခုတောင် တချို့တရုတ် အလုံးတွေ ဆိုရင် တရုတ်စာတွေပဲ ပါလို့ ပြင်ပြီး အဆင်ပြေအောင် သုံးနေကြတာပဲ။ ဒါပေမယ့် နောက်ထုတ်မယ့် ဖုန်းတွေမှာ Android OS မသုံးရတော့ဘူး ဆိုတော့ ဈေးကွက် အပေါ်မှာတော့ သက်ရောက်မှု ရှိနိုင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကုမ္ပဏီ နှစ်ခု၏ ပူးပေါင်း ဆောင်ရွက်မှု ရပ်ဆိုင်းခြင်းသည် ယခင်က ပူးပေါင်း ဆောင်ရွက်ခဲ့သော စမတ်ဖုန်းများတွင် Google ၏ App များကို ဆက်လက် အသုံးပြုခွင့် ရှိဦးမည် ဖြစ်ပြီး နောင်တွင် ထပ်မံ ထုတ်လုပ်မည့် စမတ်ဖုန်းများနှင့် Tablet များ၌ ထည့်သွင်းခြင်း မရှိတော့မည် ဖြစ်ကြောင်း သိရသည်။
Google က Huawei နှင့် တွဲဖက်လုပ်ကိုင် ဆောင်ရွက်နေသည့် စာချုပ်နှင့် သဘောတူညီချက်များကို ပယ်ဖျက်လိုက်ခြင်း ကြောင့် Google ၏ တရားဝင် အသိအမှတ်ပြုထားသည့် Update များ ရရှိတော့မည် မဟုတ်ကြောင်း၊ Google နှင့် Microsoft တို့ကဲ့သို့ နည်းပညာ ကုမ္ပဏီကြီးများနှင့် အထောက်အပံ့ မရှိတော့ခြင်းကြောင့် နည်းပညာ လုံခြုံရေးပိုင်းများ အားနည်းလာနိုင်ကြောင်း အိုင်တီ ပညာရှင် ဦးပီတာအောင် က ဆိုသည်။
၎င်းက“လူတွေ အဓိကထား သုံးစွဲကြတဲ့ Play Store၊ Google Maps၊ Youtube၊ Gmail အစရှိတဲ့ ဝန်ဆောင်မှုတွေ အကုန် လုံး မရတော့တဲ့ အတွက် အီးမေးလ် အသုံးပြုတာက စပြီး Map တွေ အထိ ပြဿနာ တက်နိုင်မယ်။ Play Store အသုံးပြု ခွင့် မရတော့တဲ့ အတွက် Apps တော်တော်များများကို တရားဝင် သုံးစွဲခွင့် ဆုံးရှုံးသွားလို့ ဖုန်းတလုံးရဲ့ လုပ်ဆောင်မှုပိုင်း ဆိုင်ရာ ကိစ္စရပ်တွေမှာ အတော် အားနည်းလာမယ်”ဟု ပြောသည်။
Huawei အနေဖြင့် Play Store, Gmail, YouTube အစရှိသည့် Google Apps နှင့် Services များ ပါဝင်သည့် Android OS လိုင်စင်စနစ်ကို အသုံးပြုခွင့် ဆုံးရှုံးမည် ဖြစ်သော်လည်း လွတ်လပ်စွာ ရယူ အသုံးပြုခွင့်ပေးထားသည့် Android OS စနစ် (AOSP) ကိုတော့ ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ခြင်းကြောင့် လက်ရှိ ထွက်ရှိပြီးသား Huawei စဖတ်ဖုန်းများတွင် Google App နှင့် Service များကို ချက်ချင်း ပိတ်သွားမည် မဟုတ်ဘဲ ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဈေးကွက် အတွင်း Huawei အပြင် Honor၊ Oppo၊ Vivo၊ One Plus ၊ ZTE၊ Xiaomi အစရှိသည့် ဖုန်းများ သည် လည်း ပြည်တွင်း သုံးစွဲမှုများသော တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စမတ်ဖုန်းများ ဖြစ်သည်။
You May Also Like These Stories:
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
ဗြိတိန် 5G ကွန်ရက် တည်ဆောက်ရာမှာ Huawei ပါဝင်ခွင့် ရရှိဟုဆို
ကမ္ဘာ့ပထမဆုံး 5G ခေါက်ချိုးဖုန်းကို ယခုလအတွင်း မိတ်ဆက်မှာဖြစ်ကြောင်း Huawei ပြော