စီးပွားရေး

တရုတ်နိုင်ငံသားများ မြေငှား၍ ဖရဲစိုက်ခြင်း အစိုးရ ကြပ်မတ်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် ပြည်ထောင်စု အစိုးရ ခွင့်ပြုချက် မရဘဲ မည်သည့် နိုင်ငံခြားသားများ ပါဝင် သည့် အဖွဲ့အစည်းကိုမျှ ဖရဲစိုက်ခင်းအတွက် ငှားရမ်းခြင်း မပြုရန် လာမည့် စိုက်ပျိုးရာသီမှ စတင်၍ ကြပ်မတ် ဆောင်ရွက် သွားတော့မည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ပြည်ထောင်စု အဆင့်မှ စီမံချက် ရေးဆွဲနေခြင်းဖြစ်ပြီး၊ တနိုင်ငံလုံးသို့ အကျိုးသက်ရောက်စေ မည့် စီမံကိန်း ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသထံသို့ အသေးစိတ် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ညွှန်ကြားချက်များ မရောက် လာ သေးသဖြင့် လတ်တလော မပြောနိုင်သေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ လက်ထဲကို ဘယ်လို ကြပ်မတ်ရမယ် ဆိုတာတော့ တိတိကျကျ ညွှန်ကြားချက်တွေ မရောက်သေးဘူး။ သိရ သလောက် ဒီ စီမံချက်က တနိုင်ငံလုံးကို လုပ်ဖို့ ရှိတယ်။ စီမံချက်ကိုလည်း ရေးဆွဲနေတုန်းပဲ။ တိုင်းအဆင့် အနေနဲ့က ပြည်ထောင်စု အဆင့်က လုပ်မယ် ဆိုတော့ သူတို့ ညွှန်ကြားချက်ရမှပဲ ဆက်လက် အကောင်အထည် ဖော်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ မြေနုကျွန်း ဧက ၂၀၀ ခန့်ကို ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖွဲ့က တရုတ် နိုင်ငံသားများ ပါသည့် အဖွဲ့ကို ဖရဲစိုက်ခင်း လုပ်ပိုင်ခွင့် ပေးခဲ့ပြီး၊ ရရှိသည့် ငွေကြေးကို ကိုယ်ကျိုးအတွက် အသုံးပြုနေ သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ တိုင်ကြားမှုများ ရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို အခြေပြုပြီး ကန့်ဘလူမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်း က ပြီးခဲ့သည် မေလ ၁၃ရက် တိုင်းဒေသကြီး လွှတ်တော်တွင် ဖရဲစိုက်ခင်း မြေငှားရမ်းမှုနှင့် ပတ်သက်ပြီး မေးမြန်း ခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက တိုင်းအတွင်းရှိ စိုက်ခင်းများကို လာမည့် စိုက်ပျိုးရာသီတွင် ကြပ်မတ်မည့် အကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်လူမျိုးများသည် ၎င်းတို့ ကိုယ်တိုင် ငှားရမ်းခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံသား တဦးဦးကို အခြေပြု ငှားရမ်းကာ လက်တလုံးခြား လုပ်နေကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း၌ပင် ဧက ၅၀၀ ထက် မနည်းရှိကြောင်း ဒေါက်တာ ကျော်သူ ဟန်ထွန်းက ဧရာဝတီကိုပြောသည်။

“သူတို့တွေက မြေလွတ်မြေရိုင်း ဥပဒေကို လက်တလုံးခြား လုပ်ပြီး ကျော်လွန်လုပ်နေကြတာ။ ကျနော့် နယ်မှာ ဖြစ် တော့ စုံစမ်းစစ်ဆေးရေး လုပ်ပြီး အမှန်တကယ် ပေါ်ပေါက်တဲ့ အတွက် အဲဒီ ရပ်ကျေး အုပ်ချုပ်ရေးမှူးရော သက်ဆိုင်သူ တွေကို အရေးယူခဲ့ရတယ်။ ဒါပေမယ့် စိုက်တဲ့သူတွေကို အရေးယူတာမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ကျနော်က ဒီလဆန်းမှာ ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ မေးခွန်းမေးတော့မှ နောက်လာမယ့် စိုက်ပျိုးရာသီမှာ ကြပ်မတ် ပါမယ် ဆိုတာ ဖြစ်လာတာ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံသားများ ဖရဲသီးနှင့် သခွားသီးများကို မြေငှား၍ လာရောက်စိုက်ပျိုးနေသည်မှာ ဆယ်စုနှစ် ၂ ခု နီးပါး ရှိနေပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းတို့ စိုက်ပျိုးသည့် စနစ်သည် ဓာတုပစ္စည်း အသုံးပြုမှု များပြားသည့် အတွက် ကြောင့် မူလမြေပိုင်ရှင် တောင်သူများတွင် အခြား သီးနှံများ ပြန်လည် စိုက်ပျိုးရန် အခက်တွေ့ကြရသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်၊ တင်ပို့ ရောင်းချသူများ အသင်း၏ အတွင်းရေးမှူး ဦးကျော် သူက ပြောသည်။

ထို့အပြင် ယခု နောက်ပိုင်းတွင် တရုတ်နိုင်ငံသား ဖရဲကုန်သည်ကြီးများက ငွေကြေး စိုက်ထုတ်ကာ မြန်မာနိုင်ငံအတွင်း မြေငှား စိုက်ပျိုးပြီး ထွက်ရှိသမျှ ဖရဲသီးများကို ယူသည့် စနစ်ဖြင့် လုပ်ကိုင်လာခြင်းကြောင်း၊ တနှစ်ပတ်လုံး ထွက်ရှိမှုနှုန်းနှင့် ဈေးကွက် ဈေးနှုန်း အတက်အကျ ရှိသော်လည်း ၎င်းတို့တွင် အရှုံး မရှိကြောင်း ဦးကျော်သူက ဆက်ပြောသည်။
တရုတ် နိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ တချို့နေရာများတွင် ဖရဲသီးနှင့် သခွားသီးများကို မြေငှား စိုက်ပျိုးနေကြကြောင်း ၎င်းက ဆိုသည်။

ဦးကျော်သူက “သူတို့လာပြီး မြေငှားစိုက်တာ တဖက်မှာ ကောင်းတာလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံ ထွက် သီးနှံ ဈေးကွက်က တနိုင်ငံထဲ အပေါ် မှီတည်နေရတော့ ဈေးကွက် မပျောက်တဲ့ သဘောတော့ ရှိတယ်။ တဖက်မှာ ဆိုးတာက ၃ နှစ်လောက် ဒီမြေပေါ်မှာ သူတို့စိုက်ပြီးသွားရင် နောက် ၆ နှစ်လောက် အထိ တခြားဘာမှ စိုက်လို့ မရတော့ တဲ့ အနေအထားမျိုးလည်း တွေ့ရတယ်” ဟု ရှင်းပြသည်။

၎င်းက ဆက်လက်၍ “နောက်ပြီး သူတို့ စိုက်နည်းက ပလက်စတစ်စတွေ အုပ်ပြီး စိုက်တာ။ သူတို့စိုက်ပြီးလို့ ထွက်သွားရင် ကျန်ခဲ့တဲ့ ပလက်စတစ်စတွေ၊ အမှိုက်တွေက တော်ရုံနဲ့ မဆွေးတဲ့ အခါ မြေပျက်တယ်။ အဲဒီအမှိုက်တွေ ရှင်းဖို့တောင် တော်တော် အချိန်ယူရတယ်။ မြေနုကျွန်းတွေမှာဆို တော်သေးတယ်။ ကုန်းမြေတွေမှာဆို ပိုဆိုးတယ်” ဟု ပြောဆိုသည်။

တရုတ်တို့သည် ဖရဲစိုက်ခင်းများကိုသာမက တစ်သျှူး ငှက်ပျောများကိုလည်း စိုက်ပျိုးလျှက် ရှိသည်။

ဆက်စပ်ဖတ်ရှု့ရန် ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု

တစ်သျှူး ငှက်ပျောစိုက်ခင်း သတင်း ရေးသည့် မြစ်ကြီးနား သတင်းသမားနှစ်ဦး ရိုက်နှက်ခံရ

You may also like these stories:

ဘိန်းအစားထိုး စီမံကိန်း ဆောင်ရွက်ရန်အဆို လွှတ်တော်အတည်ပြု

ဖျက်ဆီးခံ မြန်မာ့ဆန် ပြဿနာ တဆင့် ပြန်ရောင်းသည့် ကုမ္ပဏီသာ တာဝန်ရှိဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading