မြန်မာမှ ရှားပါးမြေ တင်သွင်းမှု တရုတ် ပိတ်ပင်သောကြောင့် ဈေး ရုတ်တရက်တက်
မြန်မာနိုင်ငံမှ ရှားပါးမြေ rare earths ဒြပ်စင်များ တင်သွင်းခြင်းကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်သည်ဟူသော သတင်းကြောင့် ထိုသတ္တုများ၏ လက်ငင်းဈေးနှုန်းများ မေလ၂၂ ရက်နေ့တွင် ရုတ်တရက်တက်လာပြီး သံလိုက်များ၊ လေဆာ ကိရိယာများနှင့် နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် သုံးသော ရှားပါးမြေအုပ်စုဝင် ဒိုက်စ်ပရိုစီယမ်ဈေးမှာ ၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်လာကြောင်း ရိုက်တာသတင်းက ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကျန်ဇီ ပြည်နယ်ရှိ ရှားပါးမြေထုတ်လုပ်သော လုပ်ငန်းတခုသို့ သွားရောက်ခဲ့သောကြောင့် ရှားပါးမြေ အများအပြား ထုတ်လုပ်သော တရုတ်နိုင်ငံသည် ၂ နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ၏ တစိတ်တပိုင်းအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရှားပါးမြေ တင်ပို့ခြင်းကို ကန့်သတ်နိုင်သည်ဟူသော ခန့်မှန်းချက်များ ဖြစ်ပေါ်လာပြီး ၂ ရက်အကြာတွင် ထိုသို့ဈေးနှုန်းများ တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ အကောက်ခွန် အရာရှိများသည် မြန်မာနိုင်ငံမှ ရှားပါမြေ တင်သွင်းခြင်းကို မေလ ၁၅ ရက်နေ့မှ စတင်ပိတ်ပင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် Securities Times က မေလ ၁၃ ရက်နေ့တွင် ဖေါ်ပြသည်။
တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ်က ဒြပ်ထုထက် အက်တမ် အလယ်အလတ်တန်း ကြီးမားသော medium-heavy ရှားပါးမြေ တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်ပို့ပေးသည်ဟု ထိုသတင်းစာက ဆိုသည်။ ထိုသို့ ပိတ်ပင်ခြင်းမှာ မှောင်ခိုရောင်းဝယ်ခြင်းကို တားဆီးရန် ဖြစ်သည်ဟု သုတေသီများက ယုံကြည်ကြသည်။
တည်မြဲသံလိုက်များတွင် အသုံးပြုသည့် medium-heavy ရှားပါးမြေတမျိုးဖြစ်သည့် သတ္တုအသွင်ပြုလုပ်ထားသော ဒိုက်စ်ပရိုစီယမ်၏ တရုတ်နိုင်ငံဈေးနှုန်းမှာ မေလ ၂၂ ရက်နေ့က ၁၆ ဒသမ ၄ ရာခိုင်နှုန်းတက်ပြီး တကီလိုဂရမ်လျှင် ၂၃၀၀ ယွမ် ( ၃၃၃့၂၅ ဒေါ်လာ) အထိရောက်ပြီး ၂၀၁၅ ခုနှစ်မေလနောက်ပိုင်း အမြင့်ဆုံးဖြစ်လာသည်။ Securities Times က ထိုသတင်းကို ဖေါ်ပြပြီးနောက်တွင် ၂၅ ရာခိုင်နှုန်းအထိပင် တက်သည်ဟု ဆိုသည်။
ရှားပါးမြေ အုပ်စုဝင် တာဘီယမ်သတ္တုသည် တကီလိုဂရမ်လျှင် ၄၅၀၀ ယွမ်အထိတက်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်ကာ ဂဒိုလင်နီယမ် အောက်ဆိုဒ်မှာ ယခုလအတွင်း ၁၉ ရာခိုင်နှုန်းတက်ပြီး မေလ ၂၂ ရက်နေ့က တတန်လျှင် ၁၇၅၀၀ ယွမ်ရှိကာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်သည်။
အလတ်တန်းနှင့် အကြီးတန်း ရှားပါးမြေများသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး ဈေးမှန်မှန်တက်လာကြောင်း Adamas Intelligence မှ မန်နေဂျင်းဒါရိုက်တာ ရိုင်ရန် ကက်စ်တီလော့စ်က အီးမေးလ်တခုတွင်ပြောသည်။ “ဒီလိုဈေးနှုန်းအားယူနေတာဟာ မြန်မာနိုင်ငံကနေ တင်သွင်းခွင့် ပိတ်လိုက်တဲ့အချက်ရယ်၊ ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေရယ် အပေါ်မူတည်ပြီး အကြီးအကျယ် တက်သွားတယ်” ဟု သူပြောသည်။
မိုဘိုင်းဖုန်းမှ ဆေးဖက်ဆိုင်ရာကိရိယာနှင့် ဂျက်လေယာဉ် အင်ဂျင်များ၊ လျှပ်စစ်မော်တော်ယာဉ်များအထိ ထုတ်လုပ်ရာတွင် သုံးသည့် ရှားပါးမြေပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ၏ ရှယ်ယာများမှာ ရှီကျင့်ဖျင်၏ ခရီးစဉ်မှစတင်ပြီး ထိုးတက်လာသည်။ တရုတ်နိုင်ငံပြင်ပမှ တခုတည်းသော ရှားပါးမြေထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည့် သြစတြေးလျှ စတော့အိပ်ချိန်း စာရင်းဝင် Lynas Corp ၏ ရှယ်ယာများမှာ မြန်မာနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်ခြင်းကြောင့် မေလ ၂၂ ရက်နေ့တွင် ၆ လအတွင်း အမြင့်ဆုံးသို့ ရောက်လာသည်။
မြန်မာနိုင်ငံမှ ရှားပါးမြေ တင်သွင်းခွင့်ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး ဘေ့ဂျင်းရှိ အထွေထွေ အကောက်ခွန်ဌာနကိုမေးရန် ယူနန်ပြည်နယ်မှ အကောက်ခွန်များကပြောပြီး ဘေ့ဂျင်းရှိ အထွေထွေအကောက်ခွန်ဌာနသည် ဖက်စ်ဖြင့်ပေးပို့သော မေးခွန်းများကို ဖြေကြားခဲ့ခြင်း မရှိဟု ရိုက်တာ သတင်းက ဆိုသည်။
ကိုးကား ။ ။ Reuters
ဆက်စပ်ဖတ်ရှုရန် – ထရမ်၏ အခွန်စည်းကြပ်မှု အသစ် တရုတ် တုံ့ပြန်
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ
Huawei ဖုန်းများ Google Apps ရပ်ဆိုင်းမှု ဈေးကွက် ထိခိုက်နိုင်ဟု ဆို