ဗဟိုဘဏ် အနေဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေမည့် ဘဏ်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုး တက်ရန် အတွက် နိုင်ငံခြားဘဏ်များကို ထပ်မံ ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရသည်။
လက်ရှိ အချိန်တွင် ထပ်မံ ခွင့်ပြုမည့် နိုင်ငံခြားဘဏ်များကို စိစစ် ရွေးချယ်ရန် အတွက် နိုင်ငံတကာ အကြံပေး ကုမ္ပဏီ တခု ကို ငှားရမ်းရန် လုပ်ဆောင်လျက် ရှိကြောင်း ဗဟိုဘဏ်မှ သိရသည်။
ဗဟိုဘဏ် အကြီးတန်း အရာရှိ တဦးက“အခုက လုပ်ချင်တယ်လို့ တင်ပြလာမယ့် နိုင်ငံခြားဘဏ်တွေထဲ အရည်အသွေး ပြည့်မီတဲ့ သူတွေကို ရွေးချယ်ဖို့ အကြံပေး ကုမ္ပဏီ ခန့်အပ်ဖို့ လုပ်နေတဲ့ အဆင့်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ထပ်မံ ခွင့်ပြုသွားမည့် နိုင်ငံခြားဘဏ် အရေအတွက်နှင့် အချိန်တို့ကိုမူ လတ်တလောတွင် မပြောကြားနိုင် သေးကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၁၃ ခုကို နှစ်သုတ်ခွဲကာ ပြည်တွင်း၌ လုပ်ကိုင်ခွင့် ပြုပေး ခဲ့ပြီး ယခု ထပ်မံ ခွင့်ပြုမည့် အစီအစဉ်သည် တတိယ အကြိမ်မြောက် ဖြစ်လာမည် ဖြစ်သည်။
လတ်တလောတွင် ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၁၃ ခုကို နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများ (Foreign Corporate)၊ နိုင် ငံခြားတွင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း စီးပွား ရေး လုပ်ငန်းများပါ ချေးငွေ ထုတ်ချေးခွင့် ခွင့်ပြုထားသည်။
ဗဟို ဘဏ်၏ ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက ခွင့်ပြုထားပြီးသော နိုင်ငံခြား ဘဏ်များကို ပြည်တွင်းဘဏ်များ နည်းတူ လက်လီ ဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုရန် အတွက် နိုင်ငံခြားဘဏ်များကို လက်ရှိ ခွင့်ပြုပေးသော ဘဏ်ခွဲ (Branch) အဆင့်မှ မြန်မာနိုင်ငံ၏ ဥပဒေအရ ဖွဲ့စည်း တည်ထောင်ရမည့် လက်အောက်ခံ ဘဏ်ခွဲ (Subsidiary) အဆင့်သို့ ပြောင်းလဲ ခွင့်ပြုရန် လုပ်ဆောင်လျက် ရှိကြောင်း မေလ ၁၇ ရက်က နေပြည်တော်တွင် ကျင်းပသော ဗဟိုဘဏ်၏ သတင်းစာ ရှင်းလင်း ပွဲ၌ ပြောကြားထားသည်။
ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က“နိုင်ငံခြား ဘဏ်တွေကတော့ များလာလေ ကောင်းလေပါပဲ။ ဈေး ကွက် ပြိုင်ဆိုင် တခုတည်းကိုပဲ ကြည့်လို့ မရဘူးလေ၊ တိုင်းပြည် အတွက်ကို ကြည့်ရင် အကျိုးရှိတယ်”ဟု ဧရာဝတီ သို့ ပြော သည်။
၎င်းက ဆက်လက်ပြီး“အခုက တိုင်းပြည် စီးပွားရေး ကလည်း သိပ်မတက်လာတော့ သူတို့ဝင်လည်း သူတို့ သိပ်မလှုပ်ရှား နိုင်ဘူး ဖြစ်နေမယ်။ သူတို့ ငွေချေးပြန်တော့လည်း ပြန်ဆပ်တဲ့သူတွေက ပြန်ဆပ်နိုင်စွမ်း သိပ်မရှိရင် နိုင်ငံခြားဘဏ်တွေ ကလည်း Risk များတာပေါ့။ ခရက်ဒစ်ဗျူရို ကလည်း မပေါ်လာသေးတော့ ခွင့်ပြုတာကတော့ ကြိုဆိုပေမယ့် သိပ်တော့ ထူးခြား လာမယ် မထင်ဘူး”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေ အသစ်အရလည်း ပြည်တွင်း ဘဏ်လုပ်ငန်းများသည် ပြည်ပဘဏ်များ (သို့မဟုတ်) ငွေရေး ကြေးရေး အဖွဲ့အစည်းများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မတည်ရင်းနှီးငွေ ၃၅ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ အသင်း(MWEA) အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းဝေက “နိုင်ငံခြား ဘဏ်တွေ ဝင်လာတာက Trade နဲ့ပတ်သက်တဲ့ ငွေပေးချေမှုတွေမှာ ကောင်းလာတယ်ပေါ့။ ဒါပေမယ့် သူတို့ ပေးမယ့် အခွင့်အလမ်းတွေကို ပြည်တွင်း လုပ်ငန်းရှင်တွေက လက်လှမ်း သိပ်မမီသေးဘူး။ ဘာလို့ဆိုရင် သူတို့ဆီက ချေးငွေ ယူ မယ် ဆိုရင် ပြည်တွင်းဘဏ်တွေမှာ လိုအပ်တာတွေထက် ပိုများနေတော့ SME တွေ အတွက် မရနိုင်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ အချိန်၌ ခွင့်ပြုပေးထားသော နိုင်ငံခြားဘဏ် ၁၃ ခုမှာ MUFG Bank၊ Oversea-Chinese Banking Corporation၊ Sumitomo Mitsui Banking Corportation၊ United Overseas Bank ၊ Bangkok Bank၊ Industrial and Commercial Bank of China၊ May Bank၊ Mizuho Bank၊ Australia and New Zealand Banking for Inverstment၊ BIDV Bank၊ Shinhan Bank၊ E.Sun Commercial Bank၊ State Bank of India တို့ ဖြစ်သည်။
You may also like these stories:
LG က မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမည်
ကမ္ဘာ့ဈေးကွက်အများစုကနေ Sony Mobile ထွက်ခွာ
Zoom ၁၀ ဆ ဆွဲရိုက်နိုင်တဲ့ ကင်မရာနဲ့ လျှောစောင်း ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်း ထွက်ရှိ