တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သာမန်စက်ရုံလေး တခုသို့ တနင်္လာနေ့က သွားရောက်ခြင်းဖြင့် အမေရိကန် စီးပွားရေး၏ ကျယ်ပြန့်လှသော နယ်ပယ်များအတွက် အရေးပါသည့် ပစ္စည်းများ ရောင်းချခြင်းကို တရုတ်က ဖြတ်တောက် နိုင်မလား ဟူသည့် စိုးရိမ်ပူပန်မှုများကို မြင့်မားစေခဲ့သည်။
စီးပွားရေး ပေါင်းစည်းမှုသည် ကိုယ့်ရှူးကိုယ်ပတ်ပြီး ပထဝီနိုင်ငံရေး လက်နက် ဖြစ်လာနေသည် ဟူသည့် စိုးရိမ်မှုများကိုလည်း မီးမောင်းထိုးပြနေသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ပြင်းထန်လာခြင်းနှင့် အတူ အမေရိကန် ပြည်ထောင်စုသို့ ရှားပါးမြေ (Rare earth) သတ္ထုများ ဟု ခေါ်သည့် ဒြပ်စင်များ တင်ပို့ခြင်းကို ပိတ်ပင်ရန် အစီအစဉ်ကို တရုတ်နိုင်ငံပိုင် မီဒီယာက လွန်ခဲ့သော တပတ်တွင် စတင်ပြီး အကြံပြုလာကြသည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ဒေါ်လာ ဘီလျံ ရာပေါင်းများစွာ တန်သည့် တရုတ်ကုန်စည်များကို အခွန် မြှင့်တင်ရန်နှင့် ဆက်သွယ်ရေး လုပ်ငန်းကြီး ဟွာဝေးကို အမည်ပျက် စာရင်းသွင်းရန် အမေရိကန် သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်နိုင်သည့် နည်းလမ်းများအနက် တခု ဖြစ်သည်။
အမေရိကန် ရေနံချက်စက်ရုံများသည် Rare earth ဒြပ်စင် သွင်းကုန်ကို ရေနံစိမ်းမှ ဓာတ်ဆီနှင့် ဂျက်လေယာဉ် လောင်စာဆီများ ထုတ်လုပ်ရန် ဓာတ်ကူပစ္စည်းအဖြစ် မှီခိုကြရသည်။ Rare earth ဒြပ်စင် လေးခုအထိကို အချိုးအစား အမျိုးမျိုးဖြင့် သုံးစွဲရသော တည်မြဲသံလိုက် (Permanent magnets) များကို နားကြပ်များ၊ လေအား လျှပ်စစ်တာဘိုင်များနှင့် လျှပ်စစ်ကားများ အပါအဝင် အရာရာတွင် အသုံးပြု နေရသည်။ တရုတ်နိုင်ငံသည် Rare earth ဒြပ်စင်များ ထုတ်လုပ်မှုကို ချုပ်ကိုင်ထားသည်။
“ဒါက ကားထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်ရေး၊ ကာကွယ်ရေးနဲ့ နည်းပညာ အရာရာကို ထိခိုက်နိုင်တယ်” ဟု သေနင်္ဂဗျူဟာ သတ္ထုများဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Adamas Intelligence ကို တည်ထောင်သူ ဒါရိုက်တာ ရိုင်ရန် ကက်စတီလော့စ်က ပြောသည်။
အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းသော Rare earth ဒြပ်စင်များ၏ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက တင်ပို့ပြီး ၎င်းတို့ကို ရေနံချက်စက်ရုံများ၊ ဘက်ထရီများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ၊ ကာကွယ်ရေးနှင့် တခြား ပစ္စည်းများတွင် သုံးသည်။
အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် သူ၏ ရှေ့တော်ပြေးနှင့်အတူ သမ္မတရှီကျင့်ဖျင် ယခုတပတ်အတွင်း Rare earth ထုတ်လုပ်ရေး၏ ဗဟိုချက်သို့ သွားရောက်သောအခါ ထိုသို့သော စိုးရိမ်ပူပန်မှုများသည် ပိုမို ခိုင်မာလာသည်။ ရှီက တရုတ်ပြည် ကွန်မြူနစ်ပါတီ တည်ထောင်စဉ်က သမိုင်းဝင် ဖြစ်ရပ်ဖြစ်သော “ခရီးရှည် ချီတက်ပွဲ”ကို ရည်ညွှန်းပြီး အမေရိကန် ပြည်ထောင်စုနှင့် စီးပွားရေးစစ်ပွဲတွင် ခရီးရှည် ချီတက်ပွဲသစ် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ လွှမ်းမိုးနိုင်သော အနေအထားကို ပထဝီ နိုင်ငံရေး ဖိအားပေး ကိရိယာအဖြစ် သုံးခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ကျွန်းများအတွက် ပြဿနာတက်သောအခါ ရှားပါးမြေ သတ္ထု အကြီးအကျယ် သုံးသော ဂျပန်သို့ ရှားပါးမြေသတ္ထုများ တင်ပို့ခြင်းကို ကန့်သတ်ခဲ့သည်။ ထိုသို့ ပိတ်ပင်ခြင်းကြောင့် တရုတ် နိုင်ငံသည် ကာလတို အောင်ပွဲများ ရရှိခဲ့သော်လည်း အခြားသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ ထိန်းချုပ်ထားသော အရေးပါသည့် ပစ္စည်းများအပေါ် မှီခိုမှုကို ပြန်လည် သုံးသပ် လျှော့ချစေရန် တွန်းပို့ခံခဲ့ရသည်။
“ဂျပန်နိုင်ငံအပေါ် ပိတ်ဆို့မှုကြောင့် ဖြစ်လာတဲ့ သင်ခန်းစာကတော့ တည်ငြိမ်တဲ့ ထုတ်လုပ်သူ အဖြစ် တရုတ်နိုင်ငံရဲ့ ဂုဏ်သတင်း ကျော်ဇောမှု ထိခိုက်သွားတာပါပဲ” ဟု ထိုပြဿနာကို လေ့လာခဲ့သော လွတ်လပ်သည့် စွမ်းအင်မူဝါဒ သုတေသီ ဆာဂါတွမ် ဆာဟာ ကပြောသည်။
“ဗြောင်ကျကျ ပိတ်ဆို့တာမျိုး ဖြစ်လာရင်တော့ ကျနော် အံ့သြမိမှာပဲ။ ဒါဟာ အခြား နည်းလမ်းတွေ သုံးလို့ရတဲ့ နေရာမှာ၊ ဒါမှမဟုတ် ထရမ့်ရဲ့ အပြောင်းအလဲ မြန်တဲ့ လုပ်ရပ်ကို အသာလေး စောင့်ကြည့် နေရမယ့် အချိန်မှာ သေးငယ်တဲ့ ရည်မှန်းချက်လေး အောင်မြင်ဖို့ ကြီးမားတဲ့ အစီအစဉ်ကို လုပ်လိုက်တယ်လို့ နိုင်ငံတကာ လုံခြုံရေး အသိုင်းအဝန်းကို အမြဲသတိပေးလိုက်တဲ့ ခေါင်းလောင်းသံ ဖြစ်သွားမှာပဲ” ဟုလည်း သူက ပြောသည်။
သို့သော် တရုတ်နိုင်ငံသည် ကက်စတီလော့စ်က “နျူကလီးယား နည်းလမ်း”ဟု ခေါ်သည့် ထိုနည်းကိုသုံးပါက အမေရိကန် စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်းကို ထိုးနှက်မည်ဖြစ်ပြီး ထိခိုက်မှု အတိအကျကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ အဓိကျသော စက်မှုကုန်ကြမ်း ရင်းမြစ်ကို ပိတ်ပစ်ရန် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု သက်သက်သည်ပင် ဝါရှင်တန်၊ ဘေ့ဂျင်းနှင့် တခြား မြို့တော်များမှ မူဝါဒချမှတ်သူများနှင့် သုတေသီများ တနေ့တခြား စိုးရိမ်နေသော ထိခိုက်လွယ်မှုကို မီးမောင်းထိုး ပြနေသည်။
ကမ္ဘာတဝှမ်း ဖြန့်ချိသော ကွင်းဆက်များသည် ကုန်စည် အများအပြားကို စားသုံးသူများအတွက် လိုသလို အသုံးပြုနိုင်မှုနှင့် ဈေးနှုန်းသက်သာမှုကို ဖြစ်စေသည်။ တချိန်တည်းတွင် အမေရိကန်ဒေါ်လာနှင့် အမေရိကန် ဘဏ္ဍာရေးစနစ်၏ ဗဟိုချက်ကျသော အနေအထားသည် ကုန်သွယ်ရေးကို ချောမွေ့စေပြီး စီးပွားရေး တိုးတက်မှုကို တွန်းအားပေးသည်။ သို့သော် ပထဝီနိုင်ငံရေး တင်းမာမှုများ ပေါ်ပေါက်သည့် အချိန်များတွင် ထိုအချက်များသည်ပင် နိုင်ငံအားလုံးအတွက် သေရေးရှင်ရေး ထိခိုက်မှုများ ရုတ်တရက် ဖြစ်လာစေသည်။
လွန်ခဲ့သော နှစ် ၂၀ အတွင်း အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ လွှမ်းမိုးနိုင်သော ဘဏ္ဍာရေးစနစ်ကို သုံးပြီး အမေရိကန် ဘဏ်စနစ်ကို မသုံးရန် ပိတ်ဆို့ခြင်းဖြင့် ရန်သူများကို ဒဏ်ခတ်သည်။ ထိုသို့ လုပ်ခြင်းက မဟာမိတ်များကိုပါ အကျပ် ရိုက်စေကာမူ အမေရိကန် ပြည်ထောင်စုက လုပ်ဆောင်သည်။ ယခုလည်း ဟွာဝေးနှင့် တခြား တရုတ်လုပ်ငန်းများနှင့် စီးပွားရေး မလုပ်ရန် အမေရိကန် လုပ်ငန်းများကို တားဆီးခြင်းဖြင့် ဝါရှင်တန်သည် ကမ္ဘာတဝှမ်းမှ ကုမ္ပဏီများကို ထိုနည်းအတိုင်း သုံးရန် စမ်းသပ်နေသည်။
ဂျော့ဝါရှင်တန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဟင်နရီ ဖာရဲလ်က ထိုသို့လုပ်ဆောင်ခြင်းကို “လက်နက် တပ်ဆင်ထားသော အပြန်အလှန် မှီခိုမှု (weaponized interdependence)” ဟု ခေါ်သည်။ သူသည် ထိုဝေါဟာရကို သူနှင့်အတူ ပူးတွဲပြီး စာအုပ်တအုပ်ကို ရေးသားခဲ့သူ အေဘရာဟင် နယူးမင်းနှင့်အတူ တီထွင်ခဲ့ခြင်း ဖြစ်သည်။ တကမ္ဘာလုံး စပ်ဆက် ပြောင်းလဲခြင်းသည် အင်ဂျင်နီယာ လုပ်ငန်းဗဟိုဌာနများ၊ ကုန်ထုတ်လုပ်သူများနှင့် ကုန်စည် တင်ပို့ သူများ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်များကို ဖြစ်ပေါ်စေပြီး နိုင်ငံများသည် ယခုအခါ ထိုကွန်ရက်များ၏ အားနည်းချက်ကို ရှာဖွေကာ ပထဝီ သေနင်္ဂဗျူဟာ အသာစီး ရရှိရေးအတွက် အသုံးချကြသည်။
ဟွာဝေးအပေါ် ဝါရှင်တန်၏ လုပ်ဆောင်မှုသည် တရုတ်နှင့် အမေရိကန်အကြား ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသော ပဋိပက္ခ၏ အစိတ်အပိုင်း အဖြစ် ထိုကိရိယာများကို အသုံးချရာတွင် ကြီးမားသော ခေတ်သစ် တခု၏ အစဦးပင်ဖြစ်ကြောင်း ဖာရဲလ်ကဆိုသည်။
သို့သော် အရေးပါသော ကုန်ကြမ်းများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုဖြစ်စေ၊ အမေရိကန် ပြည်ထောင်စု၏ နည်းပညာ တင်ပို့မှု ပိတ်ပင်ခြင်းဖြစ်စေ ထိုသေနင်္ဂဗျူဟာတွင် မရေရာမှုများနှင့် အန္တရာယ်များ ပြည့်နှက်နေသည်။ ဟွာဝေးသည် အမေရိကန် ကုမ္ပဏီများထံမှ ကုန်စည်များကို နှစ်စဉ် ဒေါ်လာ ၁၁ ဘီလျံဖိုး ဝယ်ယူပြီး Qualcomm ၊ Broadcom နှင့် Google ကဲ့သို့သော အမေရိကန် လုပ်ငန်းများကို အပြင်းအထန် သက်ရောက်မှုရှိသော မူဝါဒကို ထရမ့်အစိုးရသည် ဆက်လက် ကျင့်သုံးမည် မကျင့်သုံးမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။
ထို့ကြောင့်လည်း အမေရိကန် ပြည်ထောင်စုသည် စည်းမျဉ်းသစ်များအတွက် ချိန်ညှိရန် ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ ထို ကန့်သတ်ရက်ကိုလည်း သက်တမ်း တိုးနိုင်သေးသည်။
သို့သော် တရုတ်နိုင်ငံကို ဒဏ်ခတ်ရန် ရည်ရွယ်သည့် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုများသည် အမေရိကန် လုပ်ငန်းများကိုလည်း ထိခိုက်သကဲ့သို့ပင် ထရမ့်အစိုးရက လုပ်ဆောင်နေသည့် တရုတ်နိုင်ငံဆိုင်ရာ မူဝါဒများကိုလည်း လမ်းကြောင်း လွဲသွားစေနိုင်သည်။ တရုတ်နိုင်ငံသည် စီမီးကွန်ဒက်တာများနှင့် အဆင့်မြင့်နည်းပညာ ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ရန် စီမံကိန်းကြီးပေါင်း များစွာရှိပြီး ဟွာဝေးနှင့် ပတ်သက်သော ပဋိပက္ခကြောင့် ထိုစီမံကိန်းများ အရှိန်အဟုန် မြင့်လာနိုင်ကာ ကမ္ဘာ့ ချစ်ပ်ဈေးကွက်အပေါ် အမေရိကန် စိုးမိုးမှုကို လျှင်မြန်စွာ ထိခိုက်စေရန် အလားအလာ ရှိနေသည်။
“တရုတ်နိုင်ငံက ကိုယ့်အားကိုယ်ကိုးလာမယ်၊ ဒါမှမဟုတ် အမေရိကန်က ပစ္စည်း အစိတ်အပိုင်းတွေကို မှီခိုမှု လျှော့ချလာနိုင်တယ်” ဟု Fitch Solutions မှ သုတေသီ ဒက်စ်တာ သေလီယန်က ပြောသည်။
တရုတ်နိုင်ငံက ရှားပါးမြေဒြပ်စင်များနှင့် တခြား ဓာတုပစ္စည်းများကို ချုပ်ကိုင်ထားခြင်းနှင့် အရေးပါသော ကဏ္ဍများကို အမေရိကန်က စိုးမိုးထားခြင်းတို့သည် အသစ်အဆန်း မဟုတ်ပေ။ နိုင်ငံအများအပြား တို့သည် သြဇာလွှမ်းမိုးမှုရရန် ၎င်းတို့ စိုးမိုးထားသော အနေအထားကို ယခင်ကလည်း အသုံးချဖူးကြသည်။
သစ်ပင်ရှားသော အီဂျစ်သည် ဖာရိုးဘုရင်များ၏ သင်္ဘောများ အားလုံးအတွက် လီဗင်တိုင်း သစ်ကတိုးကို မှီခိုကြရသည်။ အရှေ့အလယ်ပိုင်း ကြေးခေတ် လူ့အဖွဲ့အစည်းများသည် ကြေးလက်နက်များ ထုတ်လုပ်ရန် အတွက် ဗြိတိန်ခန့်အထိ ဝေးသော နေရာများမှ သံဖြူရရန် လုပ်ပေးနိုင်သော ကြားပွဲစားများကို ကျေးဇူးတင် ကြရသည်။ အမေရိကန် တော်လှန်ရေး အတွင်းက ဗြိတိန်တပ်များသည် စပိန် ထိန်းချုပ်ရင်းမြစ်များမှ ငှက်ဖျား တိုက်ဖျက်ရေး ကွီနိုင်ဆေး ဖြတ်တောက်ခံရပြီး ဘေးဒုက္ခ ကြုံကြရသည်။ ဖောက်ခွဲပစ္စည်း အလွန်လိုအပ်သော ပထမကမ္ဘာစစ် အတွင်းက ဂျာမနီသည် ချီလီမှ နိုက်ထရိတ်များ ဖြတ်တောက် ခံရသည်။
အထင်ရှားဆုံး ကိစ္စမှာ အမေရိကန် ရေနံတင်ပို့မှုအပေါ် ဂျပန်က အလွန်အကျွံ မှီခိုခြင်းနှင့် အမေရိကန်က ဂျပန်သို့ ရေနံတင်ပို့မှု ပိတ်ပင်ခြင်းသည် ပုလဲဆိပ်ကမ်းကို ဂျပန်တိုက်ခိုက်မှုနှင့် ၁၉၄၁ ခုနှစ် နှောင်းပိုင်းတွင် အရှေ့တောင်အာရှသို့ ချီတက်မှုကို ဖြစ်စေသည်။
သို့သော် ရှားပါးမြေ သတ္ထုများ သန့်စင်ခြင်းနှင့် ဘက်ထရီများတွင် သုံးသော ကိုဘော့ကဲ့သို့သော ဓာတု ပစ္စည်းများအပေါ် တရုတ်ထိန်းချုပ်မှုသည် အတိတ်က ထိုနိုင်ငံများ ရရှိခဲ့သည့် သြဇာထက် ပိုမို ကြီးမားနိုင်သော လွှမ်းမိုးမှုကို ပေးသည်။ အမေရိကန် ပြည်ထောင်စုမှ ရှားပါးမြေသတ္ထုများ ထုတ်လုပ်သည့် တခုတည်းသော သတ္ထုမိုင်းသည်ပင် မြေအတွင်း ကုန်ကြမ်းမှ အသုံးပြုနိုင်သော ကုန်ချော ထုတ်လုပ်ရန် တရုတ်နိုင်ငံကို မှီခိုနေရသည်။
ရှားပါးမြေ ဒြပ်စင်များနှင့် အဆင့်မြင့် ထုတ်ကုန်များ တင်ပို့မှုကို ကန့်သတ် သို့မဟုတ် ပိတ်ပင်ခြင်းဟူသည့် ကြီးမားသော ခြေလှမ်းကို တရုတ်နိုင်ငံက လှမ်းခဲ့လျှင် ရေတိုကာလအတွက် အမေရိကန် ပြည်ထောင်စု လုပ်ဆောင်ရန် များများမရှိပေ။ တချို့သော သွင်းကုန်များ အထူးသဖြင့် တည်မြဲသံလိုက်အတွက် သွင်းကုန်များ အတွက် သြစတြေးလျမှ ကုန်ကြမ်း ပေးသွင်းသူများ ရှိနေသည်။ သို့သော် ၎င်းတို့သည်ပင် လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ပြီး အမေရိကန် စီးပွားရေးက လွန်စွာ လိုအပ်နေသော ကုန်ကြမ်းများကို သန့်စင်ရန် စွမ်းရည်ကို ဆုံးရှုံးသွားနိုင်သည်။
“ဒါကြောင့် အမေရိကန် ပြည်ထောင်စုအတွက် အရေးပေါ် အစီအစဉ်က လက်တွေ့မကျဘဲ တရုတ် ဖိအားကြောင့် အကျပ်အတည်း တွေ့မှာပဲ” ဟု ကက်စ်တီလော့စ်က ပြောသည်။
ရေရှည်တွင် အရေးပါသော ပစ္စည်းများကို ကန့်သတ်ရန် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုသည် စီးပွားရေး အမှီအခို ကင်းရန် အမေရိကန်၏ အားထုတ်မှုများကို အရှိန်မြှင့်ပေးနိုင်သည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းက ထရမ့် အစိုးရသည် အရေးပါသော သွင်းကုန်များအပေါ် အမေရိကန် မှီခိုမှုကို လျှော့ချရန် အားထုတ်မှုကို အရှိန်အဟုန်ဖြင့် စတင်ခဲ့သည်။ ယခုလ အတွင်း ကွန်ဂရက်သည် ရှားပါးမြေနှင့် အခြား အရေးပါသော တွင်းထွက်များ အမေရိကန်နိုင်ငံတွင် ထုတ်လုပ်မှုကို အားပေးသည့် ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ဖက်စလုံးက ထောက်ခံသော ဥပဒေကြမ်းဖြင့် ယခု အကျပ်အတည်းတွင် ပါဝင်လာသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ကာလရှည်ကြာပြီ ဖြစ်သော အားနည်းချက်ကို ဖြေရှင်းရန် ပထမခြေလှမ်းပင် ဖြစ်သည်။
“တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုကို လူတော်တော်များများ သိလာကြတယ်။ တကမ္ဘာလုံး အပြန်အလှန် မှီခိုမှုဟာ ခွန်အားဖြစ်ပေမယ့် အားနည်းချက် ဖြစ်ကြောင်းလည်း ပြသနေတယ်” ဟု Center for a New American Security မှ အက်ရှ်လေ ဖန်းကပြောသည်။
“စီးပွားရေးအရ အပြန်အလှန် မှီခိုမှုကို ဘယ်လို လျှော့ချရမယ် ဆိုတာနဲ့ပတ်သက်ပြီး ကွန်ဂရက် အမတ်တွေက မေးခွန်းတွေ အများကြီး ပိုမေးလာကြတယ်” ဟု သူက ပြောသည်။
(Foreign Policy ပါ China Raises Threat of Rare-Earths Cutoff to U.S. ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – မြန်မာမှ ရှားပါးမြေ တင်သွင်းမှု တရုတ် ပိတ်ပင်သောကြောင့် ဈေး ရုတ်တရက်တက်
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ
Huawei ဖုန်းများ Google Apps ရပ်ဆိုင်းမှု ဈေးကွက် ထိခိုက်နိုင်ဟု ဆို