တိုယိုတာမော်တော်ယာဉ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်း၏မော်တော်ယာဉ်တပ်ဆင်စက်ရုံကို ပထမဆုံး တည်ဆောက်မည်ဖြစ်ကြောင်း ဂျပန်သတင်းဌာနများက တနင်္ဂနွေနေ့က ရေးသားခဲ့ကြသည်။ တိုယိုတာက တိုးချဲ့ထိုးဖောက်ဝင်တော့မည့် မြန်မာနိုင်ငံတွင် ကားသစ် ဈေးကွက်မှာ အလျင်အမြန် တိုးတက်လာနေသည်။
မြန်မာအစိုးရက ပြည်တွင်းမော်တော်ယာဉ် စက်မှုလုပ်ငန်းထူထောင်ရန် ကြိုးပမ်းချက်တရပ်အနေဖြင့် ကားတင်သွင်းမှု အဟန့်အတားများ မြှင့်တင်လိုက်ရာမှ ပေါ်ထွက်လာသော တိုယိုတာ၏ ယခုအရွေ့သည် ပြည်တွင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် မော်တော်ယာဉ်အစိတ်အပိုင်းများ တင်သွင်းသူများအား ပိုမိုစေ့ဆော်လာနိုင်သည်ဟု ယူဆရသည်။
အဆိုပါစက်ရုံသည် ရန်ကုန်မြို့ပြင်ရှိ သီလဝါစက်မှုဇုန်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အစပျိုးထုတ်လုပ်မှုအနေဖြင့် ဂျပန်နိုင်ငံမှ တင်သွင်းလာသော မော်တော်ယာဉ်အစိတ်အပိုင်းများကို တပ်ဆင်ပေးမည့် စရိတ်သက်သာထုတ်လုပ်နည်း(knockdown production)ဖြင့် တနှစ်လျှင် ပစ်ကပ်ကား တသောင်းခန့် ထုတ်လုပ်သွားရန် လျာထားထားသည်။ တိုယိုတာ၏ ကနဦးရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်းပေါင်း ရာချီမည်ဟု မျှော်လင့်ရသည်။ ယခုလအကုန်ပိုင်းတွင် တရားဝင်ကြေညာချက်ထွက်ပေါ်လာမည်ဟု ခန့်မှန်းကြသည်။
ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရနောက်ပိုင်း မြန်မာနိုင်ငံကို ယခုလက်တွေ့ခေါင်းဆောင်နေရသူ ဒေါ်အောင်ဆန်းစုကြည်၏ပါတီက ၂၀၁၆ ခုနှစ်တွင် အာဏာလာရပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံများ နှေးကွေးလာမှုအပေါ် ယခု တိုယိုတာ၏အစီအစဉ်က အားဖြည့်ပေးလိုက်ခြင်းဖြစ်သည်။ ယခု လက်ခံအတည်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၃ နှစ်ဆက်တိုက်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က ဇိမ်ခံကားသစ် ၁၇,၅၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရသော်လည်း ယခင်တနှစ်နှင့် နှိုင်းယှဉ်လျှင် ယင်းကိန်းဂဏန်းမှာ နှစ်ဆကျော်ဖြစ်သည်။ တိုယိုတာသည် မှတ်ပုံတင်ကြေးဖြင့် ၎င်းလက်လီရောင်းချမှုတွင် ၃,၀၁၇ စီး ရောင်းချခဲ့သည်။ ယင်းဈေးကွက်အလားအလာ တိုးတက်မှုအားကောင်းသည်ဟု သုံးသပ်ရသည်။
အစိုးရက စက်မှုလုပ်ငန်း၌ အလုပ်အကိုင်ဖန်တီးပေးရေး အာရုံစိုက်လျက်ရှိပြီး မြန်မာပြည်တွင်းသို့ ကားထုတ်လုပ်သည့်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာစေရေး ပြည်ပြီမှ ကားတင်သွင်းမှုကို စည်းကြပ်လျက်ရှိသည်။ နိုင်ငံခြားမှ ပစ်ကပ်ကားများ တင်သွင်းသူများသည် ၎င်းတို့တင်သွင်းမှုနှုန်း၏ ၄၀ ရာခိုင်နှုန်းအထိ အထူးမှတ်ပုံတင်ကြေး ပေးကြရသည်။ ပြည်တွင်းထုတ်မော်တော်ယာဉ်များအနေဖြင့် ယင်းနှုန်းထားပေးဆောင်ရန်မလိုဘဲ အခွန်ကင်းလွတ်ခွင့် ရကြသည်။
မြန်မာအစိုးရသည် ညာမောင်းမော်တော်ယာဉ်များ တင်သွင်းမှုကိုလည်း ကန့်သတ်လျက်ရှိပြီး တချိန်က ရေပန်းစားခဲ့သော ဂျပန်တပတ်ရစ်မော်တော်ယာဉ်များ ထက်ဝက်ကျဆင်းသွားစေရန် အရွေ့တခုကို လုပ်ဆောင်နေသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ယာဉ်အစိတ်အပိုင်းတပ်ဆင်၍ ကားထုတ်လုပ်များသည် ၎င်းတို့တင်သွင်းလာသော ယာဉ်အစိတ်အပိုင်းများကို semi-knocked down (သို့မဟုတ်) SKD ဟု ကားထုတ်လုပ်ရေးပုံစံမျိုးကို လုပ်ကိုင်နေကြသည်။ သို့သော် ဂဟေဆော်ခြင်းနှင့်ဆေးမှုတ်ခြင်းများအတွက်လည်း ဆက်လက်လုပ်ကိုင်လာနိုင်မည်ဖြစ်သည်။ ဆူဇူကီးနှင့် နစ်ဆန်းကုမ္ပဏီတို့က အလားတူစက်ရုံများ တည်ဆောက်ရန် စိတ်ပါဝင်စားလျက်ရှိကြသည်။
စူဇူကီးမော်တော်ယာဉ်ကော်ပိုရေးရှင်းသည် ဂျပန်ကားထုတ်လုပ်သူများကြားတွင် (မြန်မာသို့) ပထမဆုံးဝင်ရောက်ခဲ့သည့် ကုမ္ပဏီတခုဖြစ်သည်။ မြန်မာနိုင်ငံတွင်း စူဇူကီး၏မော်တော်ယာဉ်တစီးလုံး တပ်ဆင်ထုတ်လုပ်သည့်စက်ရုံ နှစ်ရုံရှိပြီး ယခုအခါ ဈေးကွက်တဝက်ခန့် ရောင်းချလည်ပတ်နိုင်နေပြီဟု သိရသည်။
နစ်ဆန်းနှင့် ဖို့ဒ်မော်တော်ယာဉ်ကော်ပိုရေးရှင်းများသည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အခြားမော်တော်ယာဉ်ထုတ်လုပ်သူများဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ လူတဦးချင်း အသားတင်ပြည်တွင်းထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၁၃၀၀သာ ရှိသည်။ ဝယ်လိုအား နှေးကွေးနိုင်ခဲ့ဖွယ်ရှိသော်လည်း SKD ထုတ်လုပ်ခြင်းအပြင် ဘဏ္ဍာရေးအထောက်အကူအစီအစဉ်မျိုးနဲ့ လုပ်ငန်းလည်ပတ်ခြင်း အထူးသဖြင့် အငှားသုံးစွဲမှု သဘောတူညီချက်မျိုးများကြောင့် မြန်မာ၏ ဂျီဒီပီ တိုးတက်နှုန်းသည် ကိန်းဂဏန်းနှစ်လုံးထိ တက်လာနိုင်ကြောင်း အကောင်းမြင် မျှော်မှန်းမှုများလည်း ရှိနေသည်။
တိုယိုတာအတွက် နောက်ထပ်ခြေလှမ်းတရပ်မှာ ပြည်တွင်းရောင်းအား ကွင်းဆက်တခု တည်ဆောက်ရန်ဖြစ်သည်။ တိုယိုတာသည် ယှဉ်ပြိုင်နိုင်စွမ်းချဲ့ထွင်ရန် ပြည်တွင်း ဈေးကွက်အတွင်း ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်လျက်ရှိသူတို့နှင့် ပူးပေါင်းလုပ်ကိုင်သည်။ သို့သော် မြန်မာနိုင်ငံ၏ လမ်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အခြားအခြေခံအဆောက်အဦများမှာ ဖွံ့ဖြိုးမှုနိမ့်ကျနေပြီး ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ရောင်းချသူ အနည်းစုကသာ တိုယိုယာ၏ စင်းလုံးချောအဆင့်အတန်းကို လိုက်မီနိုင်စရာရှိသည်။
ဂျပန်ဘက်ထရီ ထုတ်လုပ်သည့် GS Yuasa ကုမ္ပဏီ နှင့် ကားဝါယာကြိုး တင်သွင်းသည့် Yazaki အပါအဝင် နိုင်ငံခြားမော်တော်ယာဉ်အစိတ်အပိုင်းအုပ်စုတို့သည် သီလဝါတွင် စက်ရုံသစ်များ တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး အိမ်နီးချင်းထိုင်းနိုင်ငံရှိ မော်တော်ယာဉ်စက်မှုလုပ်ငန်းများသို့ အဓိက တင်ပို့ရောင်းချကြသည်။ တိုယိုကား စက်ရုံတည်ထောင်လာခြင်းသည် ထိုသို့ ကားအစိတ်အပိုင်း ထုတ်သူများ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်စေရန် မောင်းနှင်အားတရပ်အနေဖြင့် မျှော်လင့်နေကြသည်။
ကိုးကား ။ ။ Nikkei Asian Review, Yomiuri Shimbun
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံခြားသားများ စတော့ အိတ်ချိန်း ရှယ်ယာ ဝယ်ယူခွင့် ပေးတော့မည်
မြန်မာနှင့်ထိုင်း ဟိုတယ်လုပ်ငန်းရှင်များ ဒေါ်လာ ၆၃ သန်းတန် စီမံကိန်း MOU ရေးထိုး
နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ