အားလုံးပါဝင်သည့် ဒီဂျစ်တယ် စီးပွားရေးတခုကို ဖန်တီးရေးက အဓိကအရေးပါသည်ဟု မြန်မာနိုင်ငံ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက မေလ၂၄ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်သော Industry 4.0 in Myanmar ကွန်ဖရင့်သို့ တက်ရောက်လာသူ ၁၀၀ ကျော်ကို ပြောကြားခဲ့သည်။
အဓိပ္ပါယ် မတိကျသလို ရှိသော်လည်း ယေဘုယျအားဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းတို့တွင် အလိုအလျောက် စနစ်နှင့် ဒီဂျစ်တယ် ဆက်သွယ်မှု ရှေ့ရောက်လာခြင်းနှင့် ၎င်းတို့၏ ရလဒ်က စီးပွားရေးနှင့် လူမှုရေးသက်ရောက်မှုများ ပေါ်ပေါက်စေခြင်းကို ရည်ညွှန်းသည့် စကားလုံးတခု ဖြစ်သော Industry 4.0 က ကုန်ပစ္စည်း ထုတ်လုပ်ခြင်းထက် ပို၍ သက်ရောက်လိမ့်မည်ဟု ဦးခင်မောင်ချိုက ပြောသည်။ “မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်က တခြားသော နိုင်ငံတွေနဲ့ ယှဉ်နိုင်အောင် ကျနော်တို့ နိုင်ငံကို ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ရပါမယ်။”
အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်အဖွဲ့ က ကမကထ ပြုလုပ် ကျင်းပခြင်းဖြစ်သည်။ ထိုအဖွဲ့ကို ဂျာမန်ဘာသာ အတိုကောက် ဖြစ်သည့် AHK Myanmar ဟုလည်း သိကြပြီး အမည် Industry 4.0 စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းကိုယ်တိုင်က ကွန်ဖရင့်၏ အဓိကအကြောင်းအရာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
Industry 4.0 ဆိုသည်ကို ၁၉ ရာစု အစောပိုင်းတွင် ရေနွေးငွေ့စွမ်းအင်သုံး စက်များဖြင့် စတင်ခဲ့သည့် စက်မှု ပုံစံသို့ ပြောင်းလဲရေးနှင့် ၂၀ ရာစုအတွင်းမှ လျှပ်စစ်စွမ်းအင်သုံး တပ်ဆင်ထုတ်လုပ်ရေး လမ်းကြောင်းများ တလျှောက် တိုးတက်ခဲ့ခြင်း၊ နောက်ပိုင်းတွင် ကွန်ပျူတာ နည်းပညာဖြစ်လာခြင်း စသည့် ဖြစ်စဉ်၏ နောက်ထပ်ခြေလှမ်းအဖြစ် ဖော်ပြတတ်ကြသည်။ ကွန်ဖရင့်၏ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍများတလျှောက် ခုန်ပျံကျော်လွှားသွားရေး (leapfrogging across sectors)” က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နေပြီး အချိန် အပိုင်းအခြားတခုအတွင်းတွင် အဆိုပါ ထုတ်လုပ်ရေးအဆင့် အများအပြားကို ခုန်ကျော်လွှား၍ အသစ်ဖြစ်သော ဒီဂျစ်တယ် စီးပွားရေးဆီသို့ ရောက်ရှိနိုင်လိမ့်မည် ဆိုသည့် အယူအဆကို အရိပ်အယောင်ပြနေသည်။
“အားလုံးကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဒီစတုတ္ထအဆင့်က ဒီဂျစ်တယ်အသွင်ပြောင်းလဲရေး၊ ထုတ်လုပ်ရေးယူနစ်တွေကို ဆက်သွယ်ခြင်းနဲ့ ဝယ်လိုအားနဲ့အညီ အမြန်ဆုံး ထုတ်လုပ်ပေးနိုင်ရေးတို့အပေါ်မှာ အလေးပေးသင့်ပါတယ်” ဟု AHK Myanmar ကိုယ်စားလှယ် Martin Klose က ပြောသည်။
သို့သော်လည်း သက်ရောက်မှုများက ကြီးမားရန် အားလုံးက မျှော်လင့်နေသည်။ “ ထုတ်လုပ်ရေးနဲ့ ကျမတို့ရဲ့ နေ့စဉ် ဘဝက တော်လှန်ရေးဆန်တဲ့ အပြောင်းအလဲတွေအတွက် ကမ္ဘာက အသင့်ဖြစ်နေရပါမယ်” ဟု ဂျာမနီ သံအမတ်ကြီး Dorothee Janetzke က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍမှာ ဒီဂျစ်တယ်စနစ်ကို ပြောင်းလဲရေးက စတင်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် နည်းပညာသစ်တွေကို လက်ခံဖို့ အသင့်ဖြစ် နေတဲ့သူတွေ မြန်မာနိုင်ငံမှာ အမြောက်အများ ရှိနေပါတယ်” ဟု သူက ပြောသည်။
ထိုသို့ လက်ခံနိုင်ရေးအတွက် ပညာရေးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါလိမ့်မည်။ အဆိုပါ ခေါင်းစဉ်မှာ ကွန်ဖရင့်၏ အစုအဖွဲ့လိုက်ဆွေးနွေးမှု ၃ ခုထဲမှ ဒုတိယတခု ဖြစ်သည်။ ပထမ ဆွေးနွေးမှုမှာ စက်မှုလုပ်ငန်း (industry) ဖြစ်ပြီး တတိယမြောက် ဆွေးနွေးမှုမှာ ဒီဂျစ်တယ်ပြုလုပ်ရေးနှင့် e-commerce ဖြစ်သည်။
မြန်မာအခြေစိုက် Sea Lion ကုမ္ပဏီမှ ဦးဇော်မျိုးသန့်က သူ၏ အဖွင့်အမှာစကားတွင် စက်မှုကဏ္ဍသစ်အတွင် တိုင်းပြည်၏ ပညာရေးစနစ်တွင် အပြောင်းအလဲများ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ပညာရေးနှင့် လေ့ကျင့် သင်ကြားပေးခြင်းတွင် ချဉ်းကပ်မှုအသစ်များကို သူက အလေးပေးခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် အားလုံးကို ခြုံငုံမိ၍ စည်းစနစ်ကျသော အာရုံစူးစိုက်မှုတခုဆီသို့ ဦးတည်ရမည်ဖြစ်ပြီး အွန်လိုင်း နည်းပညာ၊ လွတ်လပ်စွာ အခမဲ့သင်ယူနိုင်သော အရင်းအမြစ်များ၊ အစဉ်အလာအတိုင်း ဘွဲ့များနှင့် ဒီပလိုမာလက်မှတ်များ မှသည် စဉ်ဆက်မပြတ်နှင့် လိုအပ်ချက်အလိုက် လေ့လာသင်ယူခြင်းဆီသို့ ရွေ့လျားခြင်းတို့ နှင့်အတူ သင်ကြားရေး ပစ္စည်းများ လွယ်ကူ လွတ်လပ်လာသည့် ဖြစ်စဉ်တခုကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဦးဇော်မျိုးသန့်က ပြဌာန်းစာအုပ်များနှင့် စာသင်ခန်းအတွင်း ညွှန်ကြားပြသခြင်းမှနေ၍ စက်မှုလုပ်ငန်းကဏ္ဍ၏ အကူအညီ ဖြင့် ပူးပေါင်းဆောင်ရွက်ရသည့် စီမံကိန်းအခြေပြု သင်ကြားခြင်းသို့ ပြောင်းလဲမှုကိုလည်း အကြံပြုခဲ့သည်။
School of Industrial Training and Education (SITE) မှ ဦးနေဇာအောင်က သူ၏ အင်ဂျင်နီယာ ကျောင်းသားများက အလိုအလျောက် စနစ်များကို လေ့လာသင်ယူရေးအတွက် စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှု ရှိကြကြောင်း ပြောသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် ပြဿနာက စက်မှုကဏ္ဍတွင် အလိုအလျှောက်စနစ်သို့ ပြောင်းလဲရေးက နှေးကွေးလိမ့်မည်ဟု သူက ပြောသည်။ သို့သော်လည်း လူသားအရင်းအမြစ်အရဆိုလျှင် “ကျနော်တို့ ဒီလမ်းကြောင်းကို လျှင်လျှင်မြန်မြန် လိုက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။
ဤ စက်မှုတော်လှန်ရေးသစ်တွင် အလုပ်အကိုင်ဆုံးရှုံးရမှုများ တွဲပါလာမည့် အတိုင်းအတာနှင့် အချိန်ကာလတို့နှင့် ပတ်သက်၍ သဘောထား မတိုက်ဆိုင်မှုများ ရှိခဲ့သော်လည်း လုပ်သားအင်အား ပြိုကွဲမှုအချို့ သို့မဟုတ် တနည်းဖော်ပြရသော် အချို့ သူများအတွက် အလုပ်အကိုင်ဆုံးရှုံးမှုများ ပေါ်ပေါက်လာလိမ့်မည်ဆိုသည်ကို ဆွေးနွေးသူ အားလုံးက သဘောတူခဲ့ကြသည်။
တရက်ကြာကျင်းပသည့် ကွန်ဖရင့်သို့ ဂျာမနီနှင့် မြန်မာတို့မှ အဓိက ပုဂ္ဂလိက ကဏ္ဍ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းပြောခြင်း၊ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက် ဝေမျှခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးသည့် ဧရိယာများအားလုံး၊ ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်သူများက ထင်ထင်ရှားရှားပင် အမျိုးသား အများစု ဖြစ်နေသည့်အတွက် အဖွဲ့လိုက်ဆွေးနွေးမှုမှ အမေး-အဖြေကဏ္ဍတခုတွင် တက်ရောက်လာသူ တဦးက မေးခွန်း ထုတ်ခဲ့သည်။
“ဂျာမနီနဲ့ ပတ်သက်တဲ့ တရားဝင်အချက်အလက်တွေ၊ နိုင်ငံက ဘယ်လို စုံလင်ကွဲပြားသလဲဆိုတာနဲ့ အားလုံးပါဝင်ရေး ဆိုတဲ့ ပြောဆိုမှုတွေ အားလုံးပါတဲ့ ဒီစာအုပ်ရှိပါတယ်။ ကျနော်ဆိုလိုတာက အမျိုးသားတွေကပဲ အားလုံးဦးဆောင်တဲ့ စီး ပွားရေး ကွန်ဖရင့်တခုကို တက်လိမ့်မှာ မဟုတ်တဲ့သူတွေကို ကျနော် သိပါတယ်” ဟု မြန်မာနိုင်ငံ အခြေစိုက် လူမှုရေး နှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်သည့် ဖန်တီးရာမှ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာ Philip Klotz က ပြောသည်။
Industry 4.0 in Myanmar ကွန်ဖရင့်က ပြီးခဲ့သည့် ၂ နှစ်တာအတွင်းတွင် AHK Myanmar က မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော အပိုင်း ၃ ပိုင်းပါ စီမံကိန်း၏ တတိယမြောက်နှင့် နောက်ဆုံး အဆင့်ဖြစ်သည်။ ပထမ အဆင့်မှာ ဂျာမန်နှင့် မြန်မာ ပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်များပါဝင်သော လုပ်ငန်းအဖွဲ့တခုက အစီရင်ခံစာတစောင်ပြုစုခြင်း (အဆိုပါ အစီရင်ခံစာတွင်လည်း စက်မှုလုပ်ငန်း၊ ပညာရေး နှင့် ဒီဂျစ်တယ်ပြောင်းလဲရေး၊ e-commerce ဟူ၍ အပိုင်း ၃ ခုခွဲထားသည်) ဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ကွန်ဖရင့်တွင် ထုတ်ပြန်ခဲ့သည်။ ဒုတိယ အစိတ်အပိုင်းမှာ ဂျာမန် စီးပွားရေး အသိုင်းအဝိုင်းမှ အဖွဲ့ဝင် ၁၂ ဦးနှင့် မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၁၂ ဦးကြားမှ ဦးဆောင်လမ်းညွှန်မှု အစီအစဉ်ဖြစ်သည်။
ထွန်းသစ်နည်းပညာများနှင့် ပတ်သက်သည့် စီးပွားရေး ကွန်ဖရင့်တခု ဖြစ်သည့်အတွက် ထိုကဲ့သို့သော စီးပွားရေး လုပ်ငန်း များအတွက် စိန်ခေါ်မှုဖြစ်နေသည့် အချိန်တခုတွင် နယ်စပ်ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုကို ပျိုးထောင်သည့် အားထုတ်မှုတခုလည်း ဖြစ်ခဲ့သည်။
“တချို့နိုင်ငံတွေက လွတ်လပ်တဲ့ နိုင်ငံတကာ ကုန်သွယ်ရေးကနေ ရှောင်ခွာဖို့ ကြိုးစားနေကြပါတယ်။ ဂျာမနီနဲ့ အာဆီယံ အတွက်ကတော့ ကုန်သွယ်ရေးကို ဆက်လက် ဖွင့်လှစ်ထားနိုင်ရေးက အလွန်ပဲ အရေးကြီးပါတယ်။ ကျမတို့ ဒေသ ၂ ခုလုံးက တံခါးဖွင့်ဈေးကွက်တွေမှာ အလွန်စိတ်ဝင်စားကြပါတယ်” ဟု ဂျာမနီ သံအမတ်ကြီး Dorothee Janetzke က ပြောသည်။
ဦးဝင်းဇော်အောင် ပိုင်ဆိုင်သည့် Sea Lion ကုမ္ပဏီက ဂျာမနီနိုင်ငံမှ ပစ္စည်းများနှင့် အလိုအလျောက်စနစ် လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီ ဖြစ်သည့် FESTO နှင့် ၂၀၁၃ ခုနှစ်ကထဲက တွဲဖက် လုပ်ကိုင်နေခဲ့သည်ဟု Sea Lion ကုမ္ပဏီမှ ကိုဝင်းမင်းလတ်က ဧရာဝတီသို့ ပြောသည်။
“ဂျာမန် ကုမ္ပဏီတခုနဲ့ အလုပ်လုပ်ရတာက အလွန်ကို ရိုးစင်းလွယ်ကူပါတယ်။ အရမ်းကို ကောင်းတဲ့ ပူးပေါင်းဆောင်ရွက် မှု တခု ဖြစ်ပါတယ်။ ကျနော်တို့ ရခဲ့တဲ့ ပိုမို ဖြောင့်မှန်ပွင့်လင်းတဲ့ ဆက်ဆံရေးတွေထဲက တခုဖြစ်ခဲ့ပါတယ်” ဟု ကိုဝင်းမင်းလတ် က ပြောသည်။
Sea Lion က ကျန်းမာရေး စောင့်ရှောက်မှု၊ ဇီဝဆေးဝါး၊ ပညာရေးနှင့် အသစ်စတင်ထားသည့် ဖြန့်ဖြူးရေး ဌာနခွဲ အပါ အဝင် လုပ်ငန်းကဏ္ဍအများအပြားတွင် ထုတ်ကုန်နှင့် ဝန်ဆောင်မှု ပံံ့ပိုးပေးသူအဖြစ် ဆောင်ရွက်နေသည့် လုပ်ငန်းတခု ဖြစ်ကြောင်း ကိုဝင်းမင်းလတ် ၏ အဆိုအရ သိရသည်။
ဂျာမနီက ဥရောပသမဂ္ဂအတွင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံဖိုးကျော် တင်သွင်းမှု ရှိခဲ့ပြီး ၎င်းအထဲမှ ဒေါ်လာ သန်း ၉၀၀ မှာ ချည်ထည်နှင့် အထည်ချုပ်ထုတ်ကုန်များ ဖြစ် သည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သော ဂျာမန်ကိုယ်စားလှယ်အဖွဲ့က ဂျာမန်ကုမ္ပဏီများ တည်ထောင်ရန်နှင့် နိုင်ငံခြား ဈေးကွက်များတွင် သူတို့၏ လုပ်ငန်းများ တိုးချဲ့ရေးကို ကူညီရန် ဂျာမန် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များ အသင်းနှင့် အတူ ကမ္ဘာတလွှားတွင် လုပ်ကိုင်နေသည်။ သူတို့က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI) နှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော What Industry 4.0 Demands of Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် – နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ
တိုယိုတာ စက်ရုံတည်ခြင်းက ပြည်တွင်းကားဈေးကွက် အပြောင်းအလဲကို သယ်ဆောင်လာမည်
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ကားဈေးကွက် ပိုကျယ်ပြန့်လာနိုင်ဟု ဆို