တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး မပြေလည်မှုများ အရှိန်မြှင့်တင်ရာတွင် အမေရိကန်အစိုးရက ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများဖြင့် တိုက်ခိုက်နေသည့်အချိန်တွင် မြန်မာအစိုးရတာဝန်ရှိသူများက တရုတ်နည်းပညာ လုပ်ငန်းကြီးတခု ဖြစ်သည့် ဟွာဝေး Huawei နှင့် လက်တွဲရန် သူတို့၏ စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင် ကူညီခွင့်ပေးရန် ကတိပြုထားသည်။
မေလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် နှင့် ဟွာဝေးတို့ ပူးတွဲပြုလုပ်သည့် Myanmar Indoor Coverage Digitalization Summit 2019 တွင် ကတိပြုခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများအတွက် အမေရိကန်က ဟွာဝေးနှင့် ဆက်ဆံမှုများ ဖြတ်တောက်ခဲ့သော်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က ဟွာဝေးကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်ဖွံ့ဖြိုးရေးတွင် ၎င်း၏ အထောက်အပံ့နှင့် ယုံကြည်စိတ်ချရသော ကွန်ရက်အဖြေများအတွက် ချီးကျူး ဂုဏ်ပြုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အနာဂတ်ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ဖို့ ဟွာဝေးကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု သူက ပြောသည်။ မြန်မာနိုင်ငံက မည်သည့်ကုမ္ပဏီကိုမျှ ယှဉ်ပြိုင်မှုမှ တားမြစ်မည် မဟုတ်ကြောင်း သူက ထပ်ပြောသည်။
အဆိုပါ summit သည် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတွင် indoor coverage နှင့် FTTH (Fiber to home) စံနှုန်းများ ထုတ်ပြန်ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် MES နှင့် ဟွာဝေးတို့ ဧပြီလအတွင်းက ၂ နှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာ တခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ ဟွာဝေးက indoor cellular coverage ဖွံ့ဖြိုးရေး၊ fiber optic to home/business (FTTX) စံနှုန်းများ၊ မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် နည်းပညာကျွမ်းကျင်မှု သင်တန်းများ၊ cloud နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ e-learning ၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး အစီအစဉ်များနှင့် အလုပ်သင် အစီအစဉ်များတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ဟွာဝေးက တရုတ်အစိုးရနှင့် နီးကပ်သော ဆက်သွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲမှုများကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်အစိုးရက သူလျှိုလုပ်ငန်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို နောက်ကွယ်မှ ပြုလုပ်ထောက်ပံ့နေသည် ဆိုသည့် စွပ်စွဲမှုလည်း အပါအဝင် ဖြစ်သည်။ အဆိုပါ စွပ်စွဲမှုများကို လူသိရှင်ကြား အထောက်အကူပြုပေးနိုင်မည့် သက်သေအထောက် အထား ပေါ်ထွက်လာခြင်း မရှိသေးသလို ကုမ္ပဏီဘက်ကလည်း စွပ်စွဲမှုများကို ငြင်းဆိုထားသည်။
အမေရိကန်၏ တောင်းဆိုမှုကြောင့် ကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ် မင်းဝန်ကျိုး Meng Wanzhou ကို ကနေဒါနိုင်ငံက ဒီဇင်ဘာလ တွင် ဖမ်းဆီးခဲ့သည်။ အမေရိကန်နိုင်ငံက အီရန်အပေါ်ချမှတ်ထားသည့် ကုန်သွယ်ရေးဆိုင် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန် အမေရိကန်ဘဏ်များကို လှည့်ဖျားခြင်းအားဖြင့် ကုမ္ပဏီက မသမာမှုပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖြစ်သည်။ ဟွာဝေးက အဆိုပါ စွပ်စွဲမှုများကိုလည်း ငြင်းဆိုခဲ့သည်။
“ဟွာဝေးနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်တာကို မြင်ရတဲ့ အတွက် ကျေနပ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍအတွက် ဟွာဝေး၏ အပြုသဘောဆောင်သော အားထုတ်မှုများအတွက်လည်း သူက ကျေးဇူးတင်ခဲ့သည်။ တိုင်းပြည်၏ နည်းပညာ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းကဏ္ဍ အားလုံးက သူတို့၏ အကြံဉာဏ်များကို မျှဝေကြမည်၊ အတူလုပ်ကိုင်ကြမည်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောသည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အုပ်ချုပ်ရေး အမိန့်တခုကို ထုတ်ပြန်ခဲ့ပြီး ဟွာဝေးကို အမျိုးသား လုံခြုံရေး အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု သတ်မှတ်ထားသော ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့သည်။ “သီးခြားစာရင်း” ဟု သိကြသည့် ထိုစာရင်းဝင် ကုမ္ပဏီများကို အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ခြင်းမှ တားမြစ်ထားသည်။ နောက်ပိုင်းတွင် အမေရိကန်က တားမြစ်မှုကို ရက် ၉၀ ဆိုင်းငံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။
Alphabet Inc. ၏ Google ကလည်း ဟွာဝေးကို သူတို့၏ ဝန်ဆောင်မှုများ ရရှိခြင်းမှ ဆိုင်းငံ့လိုက်သည်။ ဟွာဝေးက Android နှင့် ၎င်း၏ အခမဲ့ လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော ပလက်ဖောင်းကို အသုံးပြုနိုင်ဆဲ ဖြစ်သော်လည်း Google Play Store သို့မဟုတ် Google ၏ အခြားသော ဝန်ဆောင်မှုများကို ရမည် မဟုတ်တော့ပါ။ အမေရိကန်မှ ချစ်ပ် chip ပြုလုပ်သူများ ဖြစ်သည့် Intel၊ Qualcomm၊ Xilinx နှင့် Broadcom တို့ကလည်း ဟွာဝေးသို့ ပစ္စည်းတင်ပို့မှုများ ရပ်ဆိုင်းလိုက်သည်။
ချစ်ပ် ဒီဇိုင်းရေးဆွဲသည့် အင်္ဂလန် အခြေစိုက် ARM က လည်း ဟွာဝေးကို ပိတ်ပင်ရာတွင် ပါဝင်လာခဲ့သည်။ ၎င်းတို့၏ ချစ်ပ် ဒီဇိုင်းများတွင် အမေရိကန် အရင်းအမြစ် နည်းပညာပါဝင်သောကြောင့် ဖြစ်သည်။
ဟွာဝေးကို SD Association ၏ အဖွဲ့ဝင် အဖြစ်မှလည်း တားမြစ်ခြင်းခံလိုက်ရသည်။ ထို့ကြောင့် ဟွာဝေးက ဖုန်း မော်ဒယ်သစ်များတွင် microSD အပေါက်များ ထည့်သွင်း၍ မရတော့ပါ။
Summit တွင် Huawei Myanmar ၏ အမှုဆောင် အရာရှိချုပ် Zhang Liman က အနာဂတ်တွင် ပေါ်ထွက်လာမည့် 5G ၏ အရေးပါမှုကို ရှင်းပြသည်။ အတွင်းပိုင်းကွန်ရက်များကို ဒီဂျစ်တယ်ပြုလုပ်ရေးက စမတ်စီးတီးများ တည်ထောင်ရေးအတွက် အရေးပါပြီး indoor coverage တွင် ဒီဂျစ်တယ်ပြုလုပ်ရေးက ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ၏ မလွဲမသွေရောက် ရှိလာမည့် အနာဂတ် ဖြစ်သည်ဟု သူက ပြောသည်။
မြန်မာနိုင်ငံက နိုင်ငံတလွှားတွင် စမတ်စီးတီးများ ပေါ်ပေါက်လာရေးအတွက် စိတ်အားထက်သန်နေသည်။ စမတ်စီးတီးများ ဖြစ်လာရေး လုပ်ငန်း အတွင်းမှ အရှေ့တောင်အာရှ၏ ထိပ်တန်းမြို့ ၁၀ ခုတွင် အဆင့် ၅ အဖြစ် CIO Asia က သတ်မှတ်ခြင်း ခံခဲ့ရသည့် မန္တလေးမြို့တော် တာဝန်ရှိသူများက သူတို့၏ ဘေးကင်းလုံခြုံသော မြို့တော် အစီအစဉ်တွင် အသုံးပြုမည့် စောင့်ကြည့်ကင်မရာများနှင့် အခြားလုံခြုံရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရေးအတွက် ဟွာဝေးနှင့် သဘောတူညီချက်တခု လက်မှတ်ထိုးရန် စီစဉ်နေသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၏ ဥက္ကဌ ဦးအောင်မြင့်က တိုင်းပြည်၏ အိမ်ခြံမြေ၊ တယ်လီဖုန်းဆက်သွယ်ရေး နှင့် အခြား ကဏ္ဍများတွင် ဒီဂျစ်တယ်ပြုလုပ်ရေးနှင့် indoor coverage အတွက် နည်းပညာ လိုအပ်ချက်က ကြီးမားကြောင်း၊ အဘယ်ကြောင့်ဆိုသော် အရည်အသွေးမြင့် ကွန်ရက် ဝန်ဆောင်မှုများအတွက် ပြည်သူများ၏ တောင်းဆိုမှုရှိနေသည့်တိုင် လက်ရှိ indoor ကွန်ရက်များက မျှော်လင့်သလောက် မဖြစ်လာ(အထူးသဖြင့် အကြီးစား အဆောက်အဦးများတွင်) သောကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟွာဝေးက ထိပ်တန်း သတင်းအချက်အလက်နှင့် နည်းပညာ (ICT) ကုမ္ပဏီတခု ဖြစ်သည်ဟု ဦးအောင်မြင့်က ချီးကျူး ခဲ့ပြီး မြန်မာနိုင်ငံ၏ ICT ကဏ္ဍဖွ့ံ့ဖြိုးရေးတွင် Huawei နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အတွက် ဂုဏ်ယူကြောင်းလည်း ပြောသည်။
ဒီဇင်ဘာလအတွင်းတွင် ဟွာဝေးက ၃ နှစ်သက်တမ်းရှိ ICT Talent Development Program အတွက် နားလည်မှုစာ ချွန်လွှာတခုကို ပါမောက္ခချုပ်များ ကော်မတီ နှင့် လက်မှတ်ရေးထိုးခဲ့သည်။ ICT ဒီပလိုမာ သင်တန်းစနစ်တခု၊ အနာဂတ် အတွက် မျိုးစေ့များ အစီအစဉ်တခု၊ Huawei Authorized Information and Network Academy (HAINA) တခု တည် ထောင်ရေး၊ တက္ကသိုလ်ကျောင်းသားများအတွက် ICT ထူးချွန် ပညာသင်ဆို တခု၊ ICT နှင့် သက်ဆိုင်သော သိပ္ပံသုတေ သနတွင် အထောက်အကူပေးရေးနှင့် Huawei Customer Solution Innovation & Integration Center (CSIC) တွင် လူငယ်များအတွက် နေ့ တနေ့သတ်မှတ်ရေး အစရှိသည့် စီမံကိန်း ၆ ခုတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် ဖြစ်သည်။
(Nan Lwin ၏ Spurned by the West, Embraced by Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – Huawei ဖုန်းများ Google Apps ရပ်ဆိုင်းမှု ဈေးကွက် ထိခိုက်နိုင်ဟု ဆို
Android နဲ့ Windows တို့ သုံးခွင့်မရပါက ကိုယ်ပိုင် OS တွေ အဆင်သင့် ရှိကြောင်း Huawei ပြောကြား
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား