ခါးသီးသော ကုန်သွယ်ရေးစစ်ပွဲတွင် တုံ့ပြန်တိုက်ခိုက်ရေးအတွက် ရှားပါးသတ္တု(rare earth) သုံးစွဲရန် တရုတ်က အသင့်ရှိကြောင်း၊ ၎င်းတို့က “မိမိတို့ ကြိုတင်သတိမပေးဟု အမေရိကန်က နောက်မှ မပြောရန်” အလွန်အမင်း ပြင်းထန်သော အသုံးအနှုန်းများဖြင့် ဗုဒ္ဓဟူးနေ့က ထွက်ရှိသည့် တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာက သတိပေးလိုက်သည်။
သမ္မတရှီကျင့်ဖျင်သည် ယခင်ရက်သတ္တပတ်က ရှားပါးသတ္တုစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကုန်သွယ်ရေး စစ်ထိန်းညှိနိုင်ရေး အတွက် ရှားပါးသတ္တုတင်ပို့သူတဦးအနေဖြင့် လွှမ်းမိုးနိုင်သည့်အနေအထား၌ ထုတ်သုံးရန် တွန်းအားပေးခဲ့သည်။
ရှားပါးမြေဒြပ်စင်များကို လျှပ်စစ်နှင့် စွမ်းအင်နှစ်မျိုးသုံး ကားများအတွက် ပြန်လည်အားသွင်းနိုင်သော ဘက်ထရီများ၊ အဆင်မြင့်ကြွေထည်ပစ္စည်းများ၊ ကွန်ပျူတာများ၊ DVD ပြစက်များ၊ လေအားလျှပ်စစ် တာဘိုင်များ၊ ကားများနှင့် ရေနံချက်စက်ရုံများအတွက် ဓါတ်ကူပစ္စည်းများ၊ မော်နီတာများ၊ ရုပ်သံပြစက်များ၊ မီးများ၊ လေဆာများ၊ ဖိုက်ဘာအလင်းမျှင်များ၊ ဆူပါကွန်ဒပ်တာ လျှပ်ကူးများနှင့် ဖန်အရောင်တင်ရာတွင် အသုံးပြုကြသည်။
အချို့သော ရှားပါးမြေ တွင်းထွက်များသည် ဂျက်အင်ဂျင်များ၊ ဒုံးကျည်ပဲ့ထိန်းစနစ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ ဂြိုလ်တုများနှင့် လေဆာများ စသည့် စစ်လက်နက်ကိရိယာများတွင် မရှိမဖြစ်လိုအပ်သည်။
အမေရိကန် စစ်ဖက်သည် အမေရိကန်နိုင်ငံက သုံးစွဲသော ရှားပါးမြေဒြပ်စင်များ၏ ၁ ရာခိုင်နှုန်းကို သုံးစွဲပြီး အမေရိကန်နိုင်ငံက သုံးစွဲသောပမာဏမှာ ကမ္ဘာတွင် သုံးစွဲသော ပမာဏ၏ ၉ ရာခိုင်နှုန်း ရှိသည်ဟု ကွန်ဂရက်၏ အမေရိကန်အစိုးရ တာဝန်ယူမှု တာဝန်ခံမှုရုံးမှ ၂၀၁၆ ခုနှစ် အစီရင်ခံစာတစောင်အရ သိရသည်။
Raytheon Co, Lockheed Martin Corp နှင့် BAE Systems Plc စသည့် ကုမ္ပဏီများအားလုံးသည် ပဲ့ထိန်းစနစ်များနှင့် အာရုံခံစနစ်များတွင် ရှားပါးမြေ ဒြပ်စင်များသုံးသော အဆင့်မြင့် ဒုံးကျည်များ ပြုလုပ်ကြသည်။
အမေရိကန်သို့ ရှားပါးသတ္တုတင်သွင်းရေးကိစ္စ ကန့်သတ်ရန်ကိစ္စကို တရုတ်က ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း ထုတ်မပြောသေးသော်လည်း တရုတ်မီဒီယာများက ယင်းသို့ကန့်သတ်မည်ဟု အခိုင်အမာ ဖော်ညွန်းလျက်ရှိသလို ပြီးခဲ့သည့် အင်္ဂါနေ့က Twitter လူမှုကွန်ရက်ပေါ်သို့ တရုတ်သြဇာရှိ ဂလိုဘယ်တိုင်းမ်သတင်းစာ အယ်ဒီတာက မှတ်ချက်ရေးသားလွှင့်တင်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။
အာဏာရ ကွန်မြူနစ်ပါတီမှ တရားဝင်ထုတ်ဝေသော People’s Daily သတင်းစာတွင် ဝေဖန်သုံးသပ်ချက်ခေါင်းစဉ်၌ “တရုတ် တန်ပြန်ထိုးနှက်နိုင်စွမ်းကို အမေရိကန် လျှော့မတွက်နဲ့”ဟု ဖော်ပြထားပြီး တရုတ်မှ အမေရိကန်သို့ ရှားပါးသတ္တုတင်ပို့ရေးမှာ သက်တောင့်သက်သာ မဖြစ်နိုင်တော့ကြောင်း မှတ်ချက်ချရေးသားထားသည်။
“ရှားပါးသတ္တုဟာ အမေရိကန်ဖိအားအပေါ် တရုတ်အနေဖြင့် တန်ပြန်တိုက်ခိုက်စရာ လက်နက်ဖြစ်လာမလား။ ယင်းအတွက် အဖြေမှာ နက်နဲလှသည် မဟုတ်” ဟူ၍ People’s Daily က ရေးသားသည်။
“အမေရိကန်ဘက်က တရုတ်တင်ပို့ကုန်ဖြစ်တဲ့ ရှားပါးသတ္တုကို အတုံ့အလှည့်အနေနဲ့ သုံးချင်ပြီးတော့ တရုတ်ဖွံ့ဖြိုးမှုကို ဖိနှိပ်ချင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါမျိုးကို တရုတ်ပြည်သူတွေက ဘယ်တော့မှ လက်မခံပါဘူး” ဟု အဆိုပါသတင်းစာက ဖြည့်စွက်ရေးသားသည်။
သို့ရာတွင် တရုတ်နှင့်အမေရိကန်တို့ကြား စက်မှုလုပ်ငန်း ကွင်းဆက်မှာ မြင့်မားစွာ ပေါင်းစည်းနေပြီး အစပ်အဟပ်တည့်နေကာ ကုန်သွယ်ရေးစစ်တွင် အောင်နိုင်သူဟူ၍ မရှိပါကြောင်း People’s Daily က ဆိုသည်။
ရှားပါးမြေဆိုသည်မှာ လန်သန်နန်၊ ဆာရီယမ်၊ ပရာစီယို ဒိုင်မီယမ်၊ နီယိုဒိုင်မီယမ်၊ ပရိုမီသီယမ်၊ ဆာမာရီယမ်၊ ယူရိုပီယမ်၊ ဂါရိုလင်နီယမ်၊ တာဘီယမ်၊ ဒိုက်စ်ပရိုစီယမ်၊ ဟိုလ်မီယမ်၊ အာဘီယမ်၊ သူလီယမ်၊ ယက်တာဘီယမ်၊ လူတက်တီယမ်၊ စကမ်ဒီယမ်နှင့် ယက်ထရီယမ် စသည့် မြေတွင်ပါဝင်ကိန်း အနည်းငယ်သာရှိသောဒြပ်စင်များ ဖြစ်သည်၊
ထိုဒြပ်စင်များသည် ထင်သည်ထက်ပိုမိုပေါများ သော်လည်း ၎င်းတို့ကို တူးဖေါ်သန့်စင်ရသည်မှာ လွန်စွာ ခက်ခဲပြီးအကုန်အကျများသည်။ တရုတ်နိုင်ငံသည် ထိုဒြပ်စင်များကို သန့်စင်နိုင်သည့် စွမ်းရည်အများစုကိုပိုင်ဆိုင်ထားပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက တင်သွင်းသည့် ရှားပါးမြေများ၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ရှားပါးမြေဒြပ်စင်များ ထုတ်လုပ်မှု၏ ၈၁ ရာခိုင်နှုန်းကို ထုတ်လုပ်သည်ဟု အမေရိကန်ဘူမိဗေဒ တိုင်းတာရေး၏ အချက်အလက်များအရ သိရသည်။
၂၀၁၀ ခုနှစ်တွင် တရုတ်နှင့် ဂျပန်အကြား သံတမန်ရေး ပြသနာဖြစ်ပွားပြီးနောက် တင်သွင်းသူများသည် ရှားပါမြေ သုံးစွဲမှုနှင့် တရုတ်နိုင်ငံအပေါ်မှီခိုမှု လျှော့ချရန် အကန့်အသတ်ဖြင့် အားထုတ်ခဲ့သည်။ နိုင်ငံရေးအကြောင်းရင်းများကြောင့် တရုတ်နိုင်ငံသည် ရှားပါးမြေတင်ပို့မှုကို ဆိုင်းငံ့ထားသည်ဟု ဂျပန်နိုင်ငံက စွပ်စွဲပြီး ကုန်စည်ထုတ်လုပ်ရောင်းချသော နိုင်ငံတခုတည်း အပေါ်မှီခိုရသော အန္တရာယ်ကို ကမ္ဘာတဝှမ်း အသိအမှတ်ပြုလာကြသည်။ တရုတ်နိုင်ငံကမူ ထိုသို့ ဆိုင်းငံ့ခြင်း မရှိကြောင်းငြင်းသည်။
ကမ္ဘာ့ရှားပါးမြေသိုက်များ၏ ၇၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော တရုတ်နိုင်ငံကို ယှဉ်နိုင်သည့် အခြားထုတ်လုပ်သူ မရှိသလောက်ပင်ဖြစ်သည်။
“ကျနော်တို့ သတိမပေးရကောင်းလား မပြောပါနဲ့” ဟူသောအသုံးအနှုန်းသည် တရုတ်တရားဝင်မီဒီယာများက ၎င်းတို့ပြိုင်ဘက်များကို အရေးကြီးသည့်နယ်ပယ်များ၌ သဘောထားချင်း မတိုက်ဆိုင်သည့်အခါတိုင်း များသောအားဖြင့် သုံးနှုန်းလေ့ရှိသည်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် အိန္ဒိယနှင့်နယ်စပ်ပြဿနာ၊ ၁၉၇၈ ခုနှစ် ဗီယက်နမ်သို့ တရုတ်မကျူးကျော်မီတို့တွင် အလားတူသုံးနှုန်းခဲ့ဖူးသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကြားတွင် အမေရိကန်သို့ တရုတ်၏ ရှားပါးသတ္တုတင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ထိုနှုန်းထားမှာ တရုတ်ပြည်၏ အခြားအရေးပါသောသတ္တုများ မကြာသေးမီက အခွန်စည်းကြပ်ထားမှုမှ ဖယ်ထားပြီးသားဖြစ်သည်။
သို့ရာတွင် ဘေဂျင်းသည် အမေရိကန်သို့ ရှားပါးသတ္တုရိုင်းများ တင်ပို့မှုအပေါ် ဇွန်လ ၁ ရက်မှစ၍ အခွန်ထပ်မံ စည်းကြပ်လျက်ရှိသည်။
အမေရိကန်ကမူ ယခုအချိန်အထိ ရှားပါးမြေဒြပ်စင်များကို တရုတ်ကုန်စည်များအပေါ်ကောက်ခံသော အခွန်မှ ကင်းလွတ်ခွင့် ပေးထားသည်။
တရုတ်နိုင်ငံမှ သွင်းကုန်ကို မှီခိုမှုလျှော့ချရေး အယူအဆများလည်း အမေရိကန်တွင် ရှိလာသည်။ ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေးကို အားပေးရန် ဥပဒေတခုကို အထက်လွှတ်တော်က မေလတွင် စတင်ခဲ့သည်။
ပြန်လည်သန့်စင်ခြင်းသည်လည်း ရှားပါးမြေသတ္တုများ ရရှိရန် အလားအလာရှိသော ရင်းမြစ်တခုဖြစ်လာသည်။ နီဘရားစကား အခြေစိုက် Rare Earth Salts သည် ရှားပါးမြေဒြပ်စင်များ ၂၀ ရာခိုင်နှုန်းခန့်ပါသော မီးချောင်းပြွန်များမှ ရှားပါးမြေဒြပ်စင်များ ပြန်လည်သန့်စင်ရေး လုပ်ဆောင်နေသည်ဟု Association of Lamp and Mercury Recyclers ၏ အဆိုအရသိရသည်။
ကိုးကား ။ ။ Reuters
ဆက်စပ်ဖတ်ရှုရန်
ရှားပါးသတ္ထု တင်ပို့မှု ပိတ်ပင်ခြင်းဖြင့် အမေရိကန် စီးပွားရေးကို ဘေ့ဂျင်း ထိုးနှက်နိုင်
မြန်မာမှ ရှားပါးမြေ တင်သွင်းမှု တရုတ် ပိတ်ပင်သောကြောင့် ဈေး ရုတ်တရက်တက်
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ