တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI)မှ ဘက်စုံ အခွန်ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတခုတွင် လေ့လာသူအဖြစ် ပါဝင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် သမ္မတ ဦးဝင်းမြင့်က လွှတ်တော် ၏ခွင့်ပြုချက်တောင်းခံလိုက်သည်။
BRITACOM ဟုလည်း သိကြသော ရပ်ဝန်းနှင့်လမ်း အစီအစဉ် အခွန် စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသည် အခွန် အငြင်းပွားမှုများနှင့် အတားအဆီးများကို ကူညီဖြေရှင်းခြင်းဖြင့် BRI လမ်းကြောင်းတလျှောက်မှ လုပ်ငန်းများနှင့်နိုင်ငံများအတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများ လုပ်ငန်းအဆင်ပြောချောမွေ့စေရန် ရည်ရွယ်သည်။
“ကျနော်တို့အနေနဲ့ အခွန် စီမံခန့်ခွဲရေး ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အခွင့်အလမ်းတခု ရရှိမှာဖြစ်ပါတယ်“ ဟု စီမံကိန်းနှင့် ဘာဏ္ဍာရေး ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက မေလ ၂၈ ရက်နေ့ကကျင်းပသော လွှတ်တော်တွင်ပြောသည်။
ထိုနားလည်မှုစာချွန်လွှာသည် မြန်မာနိုင်ငံအနေဖြင့် အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရစေမည်ဟု ဒုတိယ ဝန်ကြီး ကပြောသည်။
ထိုသို့ပါဝင်ခွင့်ရသောကြောင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်(CMEC) သဘောတူညီချက်အရ မြန်မာနိုင်ငံက ရေရှည်စီမံကိန်းများ အကောင်အထည်ဖော်သော အခြေအနေများကို တိုးတက်ကောင်းမွန်စေမည်ဟုလည်း သူကပြောသည်။
CMEC ကို BRI ၏ အစိတ်အပိုင်းအဖြစ် ထူထောင်ရန် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာကို နိုဝင်ဘာလတွင် မြန်မာနိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၇၀၀ ရှည်လျားသော ထိုစီးပွားရေးစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အခြာများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) များကို ဆက်သွယ်မည်ဖြစ်သည်။
အစိုးရသည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေးနှင့် သုတေသနနှင့်နည်းပညာအပါအဝင် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံသည် CMEC သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် ရှမ်းနှင့်ကချင်ပြည်နယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် ၃ ခု တည်ဆောက်ရန် သဘောတူထားသည်။
ဧပြီလက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံတို့သည် BRITACOM တွင် ကောင်စီဝင်များ အဖြစ်ပါဝင်ခဲ့ပြီး စင်္ကာပူ၊ ဂရိ၊ အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် နယူးဇီလန်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့က လေ့လာသူများအဖြစ် ပါဝင်ခဲ့သည်။
အဖွဲ့ဝင်များသည် အခွန်အငြင်းပွားမှု ဖြေရှင်းရေးလှုပ်ရှားမှုများ၊ တိုးချဲ့ရေးနှင့် ပွင့်လင်းမြင်သာမှု မြှင့်တင်ရေးအတွက် ဘေဂျင်းတွင် ရုံးတခုဖွင့်လှစ်ရန် သဘောတူကြသည်ဟု တရားဝင် BRI ကြေညာချက်တခုအရ သိရသည်။
BRI နိုင်ငံများမှ အခွန်ဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းသည် အခွန်ကောက်ခံမှု ကျွမ်းကျင်မှုများ ပေါင်းစပ်မှုကို ဦးတည်စေပြီး ကြိုတင်နုတ်ယူအခွန်နှင့် လုပ်ငန်းတခုတည်းအတွင်း ရောင်းဝယ်မှု ဈေးနှုန်းစသည့် နယ်ပယ်များတွင် အမျိုးသားအခွန်စနစ် တောင့်တင်းစေကာ မျှတသော အခွန်ကောက်ခံမှုဖြစ်စေရန် အငြင်းပွားမှုဖြေရှင်းရေးကို တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။
အစိုးရသည် MOU နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ရာဌာနများ၏ အတည်ပြုချက်များကိုလည်း တောင်းခံပြီးဖြစ်ကြောင်း ဦးမောင်မောင်ဝင်းပြောသည်။
“ပြည်ထောင်စု အစိုးရကတော့ အတည်ပြုပြီးဖြစ်ပါတယ်” ဟု သူပြောသည်။
အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့်အပတ်တွင်ချမှတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။ ထိုကိစ္စကို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ အမည်များကို သောကြာနေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် မေ လ ၂၉ ရက်က ဖော်ပြခဲ့သည့် Gov’t Seeks Green Light from Parliament to Join BRI Tax Scheme as Observer သတင်းကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ရောက်လာတော့မယ့် တရုတ်ပိုးလမ်းမကို မျှော်ကြည့်ခြင်း
ယွမ် ၁ ဘီလီယံ တရုတ်အကူအညီ မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ဖြစ်
တရုတ်က မြန်မာနိုင်ငံရဲ့ ရန်သူ မဖြစ်ချင်ဘူး
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း ဒေါ်လာ ၉ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်း