တရုတ် တယ်လီဖုန်း ဆက်သွယ်ရေး နည်းပညာလုပ်ငန်းကြီးဖြစ်သော ဟွာဝေးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို အခြားသော နိုင်ငံများက ရှောင်ရှားနေသော်လည်း မလေးရှားနိုင်ငံကမူ ဟွာဝေး၏ နည်းပညာများကို ဆက်လက် ကြိုဆိုသွားမည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မေလ ၂၉ ရက်နေ့တွင်ပြောကြားလိုက်သည်။
ဟွာဝေးသည် အမေရိကန်နည်းပညာထက် ကြီးမားသောတိုးတက်မှု ရရှိထားကြောင်း မဟာသီယာက တိုကျိုတွင် ကျင်းပသည့် အာရှအနာဂတ်ညီလာခံတွင် ပြောဆိုထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ခိုင်မာသော R&D သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်ရှိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ထိုကဲ့သို့သောစွမ်းရည်မျိုးကို အရှေ့တိုင်းတွင်လည်း တွေ့နိုင်သည်ကို အမေရိကန်အနေဖြင့် လက်ခံရမည်ဟု သူက ပြောသည်။
အမေရိကန်သည် ဟွာဝေးကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သော ပြည်ပကုမ္ပဏီစာရင်းတွင် ထည့်သွင်းခဲ့သည်။ ထိုသို့ထည့်သွင်းလိုက်ပါက အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးသို့ ကုန်တင်ပို့မှုများပြုလုပ်ရန် အစိုးရ၏ ခွင့်ပြုချက်တောင်းခံရတော့မည်ဖြစ်သည်။ ထိုကိစ္စ၏ သက်ရောက်မှုများသည် အမေရိကန်နိုင်ငံ၏ နယ်နမိတ်ကိုကျော်လွန်လာပြီး အမေရိကန် ထုတ်ကုန်နှင့် ဆော့ဖ်ဝဲလ်များအသုံးပြုသော ပြည်ပရှိ ဟွာဝေးကို ကုန်ကြမ်းပေးသွင်းသူများကိုပါ ထိခိုက်လာသည်။
အမေရိကန်နှင့်သြစတြေးလျ အပါအဝင် အချို့ နိုင်ငံများသည် 5G မိုဘိုင်းကွန်ရက်များ စတင် အသုံးပြုရာတွင် ဟွာဝေး စက်ကိရိယာများ အသုံးပြုခြင်းကို ရှောင်ရှားရန် အစီအစဉ်များ ချမှတ် ထားပြီးဖြစ်သော်လည်း မလေးရှားအနေဖြင့် ဟွာဝေးကို ရှောင်ရှားရန် ရည်ရွယ်ချက်မရှိကြောင်း မဟာသီယာက အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
“ဟွာဝေးရဲ့သုတေသနစွမ်းရည်က မလေးရှားထက် အများကြီးသာလွန်တယ်။ သူတို့ရဲ့နည်းပညာကို တတ်နိုင်သလောက် အသုံးပြုဖို့ကြိုးစားရမယ်” ဟုပြောဆိုခဲ့ပြီး “မိမိတို့သည် ပွင့်လင်းမြင်သာသော အစိုးရဖြစ်သောကြောင့်” ပြောကာ သူလျှိုလုပ်သည် ဟူသောစွပ်စွဲချက်များကို စိုးရိမ်ပူပန်ခြင်း မရှိကြောင်းလည်း သူဆက်ပြောသည်။
အခြားနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ခပ်ခွာခွာနေချိန်တွင် မလေးရှားနိုင်ငံသည် စီးပွားရေးလုပ်ငန်းများနှင့် လုံခြုံရေးကိုမြှင့်တင်ရန်အတွက် တရုတ်နည်းပညာကို အသုံးပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားပြီးနောက် အသက် ၉၃ နှစ်ရှိပြီဖြစ်သော မဟာသီယာက Nikkei Asian Review နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ဉာဏ်ရည်တု AI နှင့် အီးကောမာ့စ် e-commerce တို့တွင် တရုတ်နိုင်ငံ၏ ကျွမ်းကျင်မှုများသည် လုံခြုံရေးမြှင့်တင်ရန်နှင့် နိုင်ငံ၏ထုတ်ကုန်များအတွက် ဈေးကွက်များဖွင့်ရန်အတွက် မလေးရှားနိုင်ငံအနေဖြင့် အကျိုးခံစားနိုင်သည့်နယ်ပယ်များဖြစ်သည်ဟု မဟာသီယာပြောသည်။
“AI ရဲ့အစွမ်းကိုနားလည်ရင် ဒါဟာ အင်မတန် စွမ်းအားမြင့်မားတယ်ဆိုတာကို သိလာလိမ့်မယ်” ဟု အာရှအနာဂတ် ၂၀၁၉ ညီလာခံ၏ သီးခြားဆွေးနွေးပွဲများတွင် မဟာသီယာပြောသည်။
မျက်နှာကို သိရှိမှတ်သားထားမှု facial recognition အပါအဝင် ဟွာဝေးနှင့်အလီဘာဘာအုပ်စုတို့က ပိုင်ဆိုင်သော နည်းပညာများကို ရာဇဝတ်မှုလျှော့ချရေးအတွက် လူများကိုခြေရာခံရာတွင်နှင့် e-commerce စနစ်များတွင် သုံးနိုင်ကြောင်းလည်း သူက ဆက်လက်ရှင်းပြသည်။
မဟာသီယာသည် လွန်ခဲ့သော တနှစ်က ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်ပြီး ထိုနည်းပညာလုပ်ငန်း နှစ်ခုလုံးမှ တည်ထောင်သူများနှင့် တွေ့ဆုံခဲ့သည်။
“အခုလောလောဆယ် ဟွာဝေးက မလေးရှားမှာ လေ့ကျင့်ရေးဌာနတခုရှိပြီး အဲဒီကနေ ကျနော်တို့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာကို လေ့လာနေတယ်” ဟုလည်း သူကပြောသည်။
တရုတ်နည်းပညာရင်းနှီးမြှုပ်နှံမှုသည် မလေးရှားတွင် လစာမြင့်မားသော အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဟု မဟာသီယာမျှော်လင့်ပြီး အခြားနိုင်ငံများမှ နည်းပညာများကိုလည်း ကြိုဆိုကြောင်း သူက အလေးထားပြီး ပြောကြားခဲ့သည်။
ကိုးကား ။ ။ Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန် – အမေရိကန်က ပိတ်သော်လည်း ဟွာဝေးကို မြန်မာ ကြိုဆို
ရှားပါးသတ္တုဖြင့် အမေရိကန်ကို တန်ပြန်ထိုးနှက်ရန် တရုတ်အသင့်ရှိ
Android နဲ့ Windows တို့ သုံးခွင့်မရပါက ကိုယ်ပိုင် OS တွေ အဆင်သင့် ရှိကြောင်း Huawei ပြောကြား
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား