မူဆယ် အပါအဝင် တရုတ် နယ်စပ်မြို့၃ ခုတွင် စီးပွားရေးဇုန်များ တည်ဆောက်ရေး အတွက် “စီမံကိန်း ကနဦး လျာထား ချက်” မူကြမ်းအား ယခုလအတွင်း အတည်ပြုရန် ရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “ဒီလထဲ အစည်းအဝေး လုပ်ဖို့ ရှိတယ်။ အဲဒီမှာ အသေးစိတ် ဆွေးနွေးပြီး စီမံကိန်း ကနဦး လျာထားချက် (Concept Plan) မူကြမ်းကို အတည်ပြု ပြီးရင် ပြည်တွင်း ကုမ္ပဏီတွေကို ကနဦး စိတ်ဝင်စားမှု လျှောက်လွှာ (EOI) ခေါ်ဖို့ ရှိတယ်”ဟု ဧရာဝတီ ကို ပြောသည်။
တရုတ်-မြန်မာ နယ်စပ် စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေး အတွက် ဗဟို ကော်မတီတရပ် ဖွဲ့စည်းထားပြီး စီး ပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ စီးပွားရေးဇုန်နှင့် ဆက်စပ်သည့် တာဝန်ရှိ ဌာနများမှ ပြည်ထောင်စု အဆင့် အရာရှိကြီးများလည်း ပါဝင်သည်ဟု သိရသည်။
ယခုလအတွင်း နေပြည်တော်၌ ကျင်းပမည့် ဗဟိုကော်မတီ၌ စီမံကိန်း ကနဦးလျာထားချက် မူကြမ်းကို တင်ပြကာ အ တည် ပြုချက် ရယူပြီးနောက် စီးပွားရေးဇုန်များအား တည်ဆောက်လိုသည့် ပြည်တွင်း ကုမ္ပဏီများကို EOI ခေါ်ယူသွားမည် ဖြစ် ကာ ၎င်းတို့တင်ပြလာသည့် အဆိုပြုလွှာများအား အခြေခံကာ အသေးစိတ်စီမံချက် ထပ်မံ ရေးဆွဲသွားမည်ဟုလည်းဆိုသည်။
တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ၏ အစိတ်အပိုင်းတခု ဖြစ်သည့် နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော နေရာများတွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရေး အတွက်၂၀၁၇ ခုနှစ်ကတည်းက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ သည်ဟု သိရသည်။
ထို့အတူ ဧပြီလက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်တွင် အထက်ပါ ကိစ္စနှင့် ဆက် စပ်၍ ရှမ်းနှင့်ကချင် ပြည်နယ်တို့တွင် နယ်စပ် စီးပွားရေးဇုန် ၃ ခု တည်ဆောက်ရန် အတွက် နားလည်မှု စာချွန်လွှာလက် မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းနားလည်မှု စာချွန်လွှာ အရ ရှမ်းပြည်နယ်မှ မူဆယ်နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်မှ ကန်ပိုက်တီး တို့တွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်သွားရန် လျာထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုသည်။
အထက်ပါ သဘောတူညီချက်များနောက် တရုတ်နိုင်ငံဘက် အခြမ်းတွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရေး အ တွက် ပြင်ဆင်ခြင်းများ၊ ၂၁ ရာစု ပိုးလမ်းမ စီမံကိန်း ချေးငွေများနှင့် တရုတ် လုပ်ငန်းရှင်အများစုက နယ်စပ် ဧရိယာများ အ ထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန် ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ စတင် တည်ဆောက်မှုများ ရှိလာပြီ ဟု မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ဘက်မှာ ကြိုပြင်ဖို့ နေနေသာသာ နေရာတောင် ဘယ်မှာ လုပ်မယ်မှန်း အခုထိ မသိရသေးဘူး။ အစိုးရဘက်က အစီအစဉ်ကို သိမှ ကုန်သည်ဆိုတာ ကြိုပြင်လို့ ရမှာလေ။ အခုကျတော့ ရေရေရာရာ မသိရသေးတဲ့အပြင် တဖက်က ကြိုတင် ပြင်ဆင်မှုတွေနဲ့ အရင်းအနှီးရော အင်အားပါကြီးတဲ့ အတွက် ကျနော်တို့ ဘက်ကျ အမြဲနောက်ကောက် ကျနေ သလို ဖြစ်နေတယ်”ဟုလည်း ၎င်းက ဆိုသည်။
တဖက်နိုင်ငံက ကြိုတင် ပြင်ဆင်မှုများ ရှိသော်လည်း မြန်မာဘက်တွင် အစိုးရ၏ ပေါ်လစီနှင့် ပတ်သက်သော သတင်း အချက်အလက် မသိရသေးခြင်း၊ အခြေခံ အဆောက်အအုံပိုင်း၊ ငွေကြေး အရင်းအနှီးနှင့် နည်းပညာ အားနည်းခြင်း တို့ ကြောင့် မိမိနိုင်ငံ အတွင်း လာရောက် လုပ်ကိုင်သူများက အကျိုးစီးပွား အသာရသွားမည်ကို ဒေသခံ ကုန်သည် အများစု စိုးရိမ်နေကြကြောင်း သိရသည်။
မူဆယ် ဒေသခံ ကုန်သည် ဦးထွန်းထွန်းဦးက“နောက်ဆုံးကျ အကျိုးအမြတ် အတွက် အချင်းချင်း ပေါင်းမလား၊ တခြားသူ (တရုတ်) နဲ့ ပေါင်းမလား ဒီနည်းလမ်းကိုပဲ စဉ်းစားရမှာပဲ။ ကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မယ်ဆိုရင် ကျနော် တို့ မြန်မာတွေလည်း မညံ့ပါဘူး”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် အဆိုပါ နယ်မြေများ၌ နယ်မြေ ငြိမ်းချမ်းရေးနှင့် အခြေခံ အဆောက်အအုံ အားနည်းမှုများ ရှိနေသည် ဟုလည်း စီးပွား/ကူးသန်းမှ ဦးခင်မောင်လွင်က ဆိုသည်။
“တရုတ်နဲ့ ယှဉ်ရင် ကိုယ့်နိုင်ငံဘက်က အားနည်းချက်တွေ ရှိနေတော့ တချို့အပိုင်းတွေမှာ အင်တိုက်အားတိုက် လုပ်မရ တာတွေလည်း ရှိသလို နှစ်နိုင်ငံ သံတမန်နည်း အရ လုပ်ရမယ့် အရာတွေလည်း ရှိနေတယ်”ဟု ၎င်းက ပြောဆိုသည်။
အထက်ပါ ဒေသတို့တွင် အခြေခံ အဆောက်အအုံများ ဖြစ်သောလမ်း၊ လျှပ်စစ် စသည့် အပိုင်းတွင် ပြည့်စုံမှု မရှိခြင်း၊ သယံဇာတ ထွက်ရှိရာ ဒေသများ၊ တရားမဝင် နယ်စပ် ဖြတ်ကျော် ဧရိယာများနှင့် ဆက်စပ်နေခြင်း၊ ကချင်ပြည်နယ် ကန် ပိုက်တီး နယ်စပ်ဂိတ်သို့ သွားရာလမ်းတွင် ပြည်သူ့စစ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အခြေစိုက် ရှိနေခြင်း စသည် တို့ကြောင့်လည်း ပါဝင်နေကြောင်း သိရသည်။
ထို့ပြင် မူဆယ် နယ်စပ်ဂိတ်သို့ လာရာလမ်းကြောင်းတွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ အဆိုပါ နယ်စပ်ဂိတ်များ သွားရာလမ်း တလျှောက် တချို့သော လက်နက် ကိုင် အဖွဲ့အစည်းများ၏ ဆက်ကြေးတောင်းခံမှုများ ရှိနေခြင်း စသည့်ဒေသတွင်း မငြိမ်းချမ်းမှုများ ရှိနေသေးကြောင်း ဒေသခံ များ က ပြောဆိုသည်။
နယ်စပ်ဖြတ်ကျော် စီးပွားရေး ဇုန်ဆိုသည်မှာ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော မြို့နှစ်ခုကို ဇုန်တခုအဖြစ် သတ်မှတ် လိုက်ပြီး နယ်စည်းမခြားဘဲ နှစ်နိုင်ငံရှိ တရားဝင် သတ်မှတ်ထားသော ကုန်စည်များအား ရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး အပါအဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည်တို့ကို နှစ်နို်င်ငံပြည်သူများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နိုင်မည့် စီးပွားရေးဇုန်ကြီးကို ခေါ်ဆိုခြင်း ဖြစ်သည်။
You may also like these stories:
တရုတ် BRI အခွန်စနစ်တွင် ပါဝင်ရန် အစိုးရက လွှတ်တော်သို့ ခွင့်ပြုချက်တောင်း
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း ဒေါ်လာ ၉ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်း
တရုတ်-မြန်မာ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း အရှိန်ရလာ