ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် မြန်မာဆန်တန်ချိန် ၁ သိန်းခွဲတင်ပို့နိုင်ခဲ့ကြောင်း ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။
ဦးခင်မောင်လွင် က “ဖိလစ်ပိုင်ကို ဒီနှစ်မှာ စပြီး ဆန်တင်ပု့ိနိုင်တယ်။ အကြမ်းဖျင်း တန် ၁ သိန်းခွဲလောက် အထိ ပို့နိုင်ခဲ့တယ်။ ဒါကလဲ ဈေးကွက်သစ်တခု ထွက်လာတဲ့သဘောပါပဲ” ဟု ပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်စတင် တင်ပို့ခဲ့ရာ မြန်မာဆန် အရည်အသွေးကို ကြိုက် နှစ်သက်သည့် အနေအထားဖြစ်သဖြင့် ရေရှည်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သောဘဏ္ဍာရေးနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃.၆ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်အတွင်း ၂ သန်း ခန့်သာ တင်ပို့နိုင်ရန် မှန်းထားသဖြင့် ပြည်တွင်းတွင် ဆန်တန်ချိန် ၁ သန်းခွဲကျော်ခန့် ပိုလျှံလာနိုင်မည် ဖြစ်ပြီး နွေစပါးပေါ်ချိန်ဖြစ်သဖြင့် စပါးဈေးအပေါ် သက်ရောက်မှုရှိလာမည်ဟု ဆန်ကုန်သည်များက ဧရာ ဝတီကို ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းကျော် က “နွေစပါးတွေက ဈေးကွက်မှာ အရမ်းပေါနေပြီ။ ဒါကြောင့် စပါးဈေးက ကျနေပြီ။ ဒီနှစ် ဆန်စပါးဈေး မကောင်းလို့ တောင်သူက မစိုက်ရင် ဘယ်လိုလုပ်မလဲ။ ပြည်တွင်းဈေးကွက်အပေါ် တနည်း မဟုတ်တနည်း ထိခိုက်လာနိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ပြည်ပတင်ပို့မှု ထက်ဝက်နီးပါးကျဆင်းရခြင်းသည် ဆန်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေသော တရုတ်နိုင်ငံ က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ အစပြု၍ မြန်မာဆန်ကို နယ်စပ်မှဝယ်ယူခြင်းကို ရပ်တန့်ခဲ့ခြင်းသည်က အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်တွင်းတွင် တန်ချိန် ၁သန်းခွဲကျော် ပိုလျှံလာမည့်ဆန်များအား ပြည်ပသို့ တင်ပို့နိုင်ရန် အတွက် ဒေသတွင်းအပါအဝင် ဥရောပ၊ အာဖရိကစသည့် နိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်ခြင်းများ ဆက် တိုက် လုပ်ဆောင်နေကြောင်း ပြည်ထောင်စု စီး/ကူးဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင် လွင်က ပြောသည်။
ဦးခင်မောင်လွင် က “ဈေးကွက်သစ်တွေ မြန်မြန်ရအောင်လုပ်နေသလို အခု ဖိလစ်ပိုင်နဲ့ ဆန်တင်ပို့မှု အဆင်ပြေလာတဲ့ အတွက် အာဆီယံမားကတ်ကို ပြန်အာရုံစိုက်နေတဲ့အနေအထားမှာရှိပါတယ်” ဟု ပြောသည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာ့ဆန်ကို ဖိလစ်ပိုင်၊ အာဖရိကတို့က ဝယ်လိုအားရှိလာသဖြင့် ထိုသို့ ဈေးကွက် အလားအလာ ရှိသည့်နိုင်ငံများနှင့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုအတွက် G to G (Government to Government) တရားဝင်လက်မှတ် ရေးထိုးနိုင်ရန်အတွက် အစိုးရအနေဖြင့် ကြိုးစားပေးရန်လိုအပ်သည်ဟု လည်း ဆန်လုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၁၈ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃.၅၈ သန်းတင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၁. ဘီလျှံကျော်ရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်းခန့်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သော အသင်းနှစ်ပတ် လည်ညီလာခံတွင် ထုတ်ပြန်ထားသည်။