လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်မြို့၌ အိမ်ထောင်စု၂၅ ရာခိုင်နှုန်းသာ ကွန်ဒို၊ တိုက်ခန်း များနှင့် အုတ်အိမ်များ ကဲ့သို့ အိမ်ရာ အခန်များ(Pucca) ဖြင့်သာ နေထိုင်နိုင်လျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ယနေ့ ထုတ်ပြန်သော မြန်မာနိုင်ငံ၏ မြို့ပြ ဖြစ်ထွန်းမှု ၂၀၁၉ စစ်တမ်း အရ သိရသည်။
ကျန်ရှိ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်းသည် သတ်မှတ် စံချိန်စံညွှန်းများနှင့် မကိုက်ညီသော အိမ်ရာများ၊ တိုက်ခန်းများ၊ သက် တမ်းလွန် အဆောက်အဦများနှင့် မကြာခဏ ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့် အဆောက်အဦများတွင် နေထိုင်ကြရပြီး တချို့ ဝင်ငွေနည်းမိသားစုများသည် ယင်းအခြေအနေများထက် ဆိုးရွားသော ယာယီတဲများတွင် နေထိုင်ကြလျက်ရှိ ကြောင်း ကမ္ဘာ့ဘဏ်၏ စစ်တမ်းက ဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြို့ပြ ဆိုင်ရာ အထူး ကျွမ်းကျင်သူ Ms. Judy Baker က “မြို့ပြဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို တခြား နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မြို့ပြ ဖွံ့ဖြိုးမှုနှုန်းက ၃၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ဒီထက်မက ဖွံ့ဖြိုးဖို့ အလားအလာ တွေလည်း ရှိတယ်။ ဒီအချိန်မှာသာ ကောင်းမွန်တဲ့ မူဝါဒ ချမှတ်ပြီး လုပ်သွားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့မြို့ပြဖွံ့ဖြိုးမှုက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားမှာပါ” ဟု ပြောသည်။
အစိုးရက၂၀၃၀ ခုနှစ် အမီ အိမ်ခန်းပေါင်း ၁ သန်း တည်ဆောက်ရန် အဆိုပြုထားပြီး စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေး အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု အပိုင်းမှာ နှေးကွေးနေကြောင်း ကမ္ဘာ့ဘဏ်က သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (ရန်ကုန်)၏ ညွှန်ကြားရေးမှူး ဦးယုခိုင်က“ကမ္ဘာ့ဘဏ်က ထုတ်တဲ့ အချက်အလက် အတိုင်းပါပဲ၊ ၂၅ ရာခိုင်နှုန်း လောက်ကပဲ အိမ်ရာတွေ တိုက်ခန်းတွေနဲ့ပဲပေါ့ ၇၅ ရာခိုင်နှုန်း ကျတော့ အဆင်မပြေဘူးပေါ့။ ဘာလို့ဆိုရင် ၂၀၀၀ ခုနှစ် လောက်မှ တည်ဆောက်ခဲ့တဲ့ ကန်ထရိုက် တိုက် တွေဟာဆိုရင် သတ်မှတ်ချက်တွေ လိုအပ်တွေ အများကြီးရှိလိုပါပဲ” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အိမ်ရာလိုအပ်ချက်မှာ အများအပြားရှိနေသေးပြီး အစိုးရအနေဖြင့်လည်း ယခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ပြီး တိုက်ခန်းပေါင်း သုံးထောင်ခန့်အထိ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ infrastructure Specialist ဒေါက်တာ ကျော်သူက “အိမ်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်း ဖို့ကတော့ နည်းလမ်း တနည်းတည်းနဲ့တော့ လုပ်လို့တော့ မရဘူး။ တခြားနိုင်ငံမှာတွေလည်း အစိုးရနဲ့ ပုဂ္ဂိုလ် ပူးပေါင်း ဆောင်ရွက်တဲ့ PPP စနစ်နဲ့ အဖွဲ့အစည်းတွေ ပေါင်းလုပ်တာရှိတယ်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဟာမျိုးကိုတော့ လုပ်ရမှာ ပေါ့”ဟု ဧရာဝတီ ဆိုသည်။
၎င်းက ဆက်လက်ပြီး သီလဝါ အထူးစီးပွားရေး ဇုန်ကဲ့သို့ စက်မှုဇုန်များတွင် အိမ်ရာစီမံကိန်းများကို တပါတည်း တည်ဆောက်ဖို့ လိုကြောင်း ထောက်ပြသည်။
၂၀၁၀- ၁၁ ခုနှစ်များတွင် မြို့ပြများရှိ အကြီးစားမြေယာ အစိတ်အပိုင်းများကို ပုဂ္ဂလိက ဆောက်လုပ်ရေးများ၊ စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသောသူများအား လွှဲပြောင်းပေးခဲ့ရသဖြင့် အစိုးရအနေဖြင့် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက် ရန် အတွက် မြေယာများ ရှားပါးမှု ကြုံနေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က “မြို့ပြ တခု ကို စနစ်တကျ မပြင်ဆင်ရင် ပြဿနာတွေ ရှိတယ်။ အဲဒါတွေက ယာဉ်ကြောပိတ်ဆို့မှုတွေ၊ မီးတွေ ရေတွေမလုံလောက် တာတွေ၊ နောက်မိုးရွာရင် ရေကြီးတာတွေ၊ အဆင့်နိမ့် အိမ်ရာတွေ တိုးပွားလာတာတွေပေါ့”ဟု ဆိုသည်။
ရန်ကုန်တိုင်း အတွင်း လူဦးရေ ၇ သန်းကျော် ရှိကာ ရန်ကုန်မြို့တွင် တရားမဝင် ကျူးကျော် အခြေချ နေထိုင်သူ ဦးရေ သည် ၄၇၅၀၀၀ (သို့မဟုတ် အိမ်ထောင်စု ၁၅၅၀၀၀) ဖြင့် ဧက ၂၀၀၀ ကျော်တွင် နေထိုင်လျက် ရှိရာ အဆိုပါ အိမ် ထောင်စုများသည် အရည်အသွေးနိမ့်သည့် ယာယီအိမ်များတွင် အခြေခံ ဝန်ဆောင်မှုများကို အကန့်အသတ် ဖြင့်သာ ရရှိကြသည်။
ကျေးလက် ဒေသများတွင် ဆင်းရဲနွမ်းပါးမှု၊ မြေယာပိုင်ဆိုင်မှု မရှိခြင်း နှင့် သဘာဝ ဘေးအန္တရယ်များကြောင့် မြို့ပြများသို့ (အထူးသဖြင့် ရန်ကုန်သို့) ရွေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ် စစ်တမ်းတွင် တည်ရှိဆဲ ကျူးကျော်နေရာများကို မြေပြင် အဆင့်မြှင့်တင်ခြင်းကို ကာလလတ်နှင့် ကာလရှည် စီမံကိန်းများဖြင့် ဖြေရှင်းသင့်ပြီး တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ခြင်း၊ ဝင်ငွေနည်း ပြည်သူလူထု အတွက် အဓိ က ဦးတည် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က မြေအသုံးချရေး မူဝါဒကို ကာလတို၊ ကာလလတ် စီမံကိန်းများ အဖြစ် ဖော် ဆောင်ပေးခြင်း၊ ဝင်ငွေနည်း ဈေးကွက်အတွက် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ဆောင်ရန် မက်လုံးပေး ဆောင်ရွက်ပေးခြင်း အစရှိ သည်တို့ကို ဦးစားပေး လုပ်ငန်းများ အဖြစ် ဆောင်ရွက်ရန် အကြံပြုထားသည်။
လက်ရှိ ရန်ကုန်မြို့ပေါ်တွင် နေစရာ မရှိသဖြင့် ကျူးကျော် နေထိုင်သော အိမ်ထောင်စုပေါင်း ၁ သိန်း ၅ သောင်းခန့် ရှိပြီး လူဦးရေ အရ ကြည့်လျှင် ၄ သိန်းကျော် အထိ ရှိကာ ၎င်းတို့ အတွက် ရန်ကုန်တိုင်း အစိုးရ အဖွဲ့က အငှားအိမ်ရာ စီမံကိန်း များကိုလည်း လုပ်ဆောင်ပေးနေသည့်အပြင် အိမ်ရာများ တည်ဆောက်ပေးရန် အတွက် လုပ်ဆောင်နေလျက် ရှိကြောင်း သိရသည်။
You may also like these stories:
လေထုညစ်ညမ်းစေသည့် စက်ရုံများ ပိတ်သိမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
အတိုင်ပင်ခံ၏ ခရီးစဉ်အတွင်း ချက်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထောက်ခံ
အာဆီယံဒေသတွင်း လျှပ်စစ်မီးရရှိမှု မြန်မာအနည်းဆုံးဖြစ်နေ