လုပ်ထုံးလုပ်နည်း စစ်ဆေးသူများက အမေရိကန်ကုမ္ပဏီ FedEx နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေကြောင်း သတင်းများ ထွက်ပေါ်ပြီး ရက်အနည်းငယ်အကြာတွင် ဖို့ဒ်ကားကုမ္ပဏီ၏ ပြည်တွင်း ဖက်စပ် လုပ်ငန်းတခုကို လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဥပဒေများ ချိုးဖောက်ခြင်းအတွက် တရုတ်နိုင်ငံက လွန်ခဲ့သော တပတ်က ဒဏ်ငွေ ယွမ် ၁၆၂.၈ သန်း (ဒေါ်လာ ၂၃.၆ သန်း) ချမှတ်လိုက်သည်။
ဖို့ဒ်ကား ကုမ္ပဏီနှင့် နိုင်ငံပိုင် ချုံကင်း ချန်ဂန် ကားလုပ်ငန်းတို့ ဖက်စပ် လုပ်ကိုင်သည့် ချန်ဂန်ဖို့ဒ် ကား ကုမ္ပဏီသည် အနိမ့်ဆုံး ပြန်လည်ရောင်းချ ဈေးဖြင့် ရောင်းရန် ချုံကင်းမြို့ပြဒေသမှ တဆင့်ခံ ရောင်းဝယ်သူများအား ညွှန်ကြားထားသည်ဟု နိုင်ငံတော် ဈေးကွက် လုပ်ထုံးလုပ်နည်း စီမံခန့်ခွဲရေးအဖွဲ့၏ အဆိုအရ သိရသည်။
ထိုကုမ္ပဏီ၏ လုပ်ရပ်သည် မော်တော်ယာဉ်များကို နောက်ပိုင်းရောင်းဝယ်သူများ၏ ဈေးနှုန်း ကိုယ်ပိုင် သတ်မှတ်ခွင့် ဆုံးရှုံးစေကာ ကုန်အမှတ်တံဆိပ် တခုတည်းတွင် ပြိုင်ဆိုင်မှုကို ကန့်သတ်ရာရောက်ပြီး မျှတစွာ ယှဉ်ပြိုင်မှုကို ထိခိုက်စေသည်။ ထို့အပြင် သုံးစွဲသူများ၏ တရားဝင် အကျိုးစီးပွားကိုလည်း နစ်နာစေကြောင်း အထက်ပါ လုပ်ထုံးလုပ်နည်း ကြီးကြပ်ရေးအဖွဲ့၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ထိုဒဏ်ငွေပမာဏမှာ ချန်ဂန်ဖို့ဒ်၏ ချုံကင်းတွင် ရောင်းချသော နှစ်စဉ်အရောင်း၏ ၄ ရာခိုင်နှုန်းနှင့်ညီမျှသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပွားနေစဉ်တွင် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။
“ဒီလို အရေးယူတာကို ကျနော်တို့အနေနဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ရှုထောင့်ကနေ ကြည့်ရုံက လွဲလို့ တခြား ရွေးစရာလမ်း မရှိတော့ပါဘူး” ဟု Asia Society Policy ဌာန ဒုတိယဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူဟောင်း ဝင်ဒီကက်တလာက ပြောသည်။
“တရုတ်နိုင်ငံ အနေနဲ့ အခွန်ချမှတ်စရာ ကုန်ပစ္စည်း မရှိတော့ဘူး။ ဒါကြောင့် အခွန်နယ်ပယ်ပြင်ပက ဆောင်ရွက်မှုတွေကို ပိုမိုတွေ့လာနိုင်ပြီး အမေရိကန် ကုမ္ပဏီတွေအတွက် ပိုမို အပြင်းအထန် အားထုတ်ရလို့ တုန်လှုပ်စရာ ကောင်းဖို့ အကြောင်းတွေ ရှိနေတယ်” ဟုလည်း သူက ပြောသည်။
ဟွာဝေး နည်းပညာကုမ္ပဏီပိုင် ပစ္စည်းများကို ကြိုတင်အသိပေးခြင်း မရှိဘဲ လမ်းကြောင်းပြောင်းလဲ ပေးပို့ခြင်းအတွက် အမေရိကန်ကုမ္ပဏီ FedEx ကို လုပ်ငန်း လုပ်ထုံး လုပ်နည်းကြီးကြပ်သူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟူသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အရေးယူမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုစုံစမ်းစစ်ဆေးမှုသည် စည်းမျဉ်း လုပ်ထုံးလုပ်နည်း ချိုးဖောက်သည့် ပြည်ပ လုပ်ငန်းများအတွက် သတိပေး လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းဖော်ပြသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် စီးပွားရေး လုပ်ငန်းများတွင် နည်းပညာ အသာစီးရရေး တိုက်ပွဲတွင် ပိတ်မိနေကြသည်။ အမေရိကန် အစိုးရသည် ဟွာဝေးကို အမည်ပျက်စာရင်း သွင်းခဲ့ပြီး အမေရိကန်နိုင်ငံလုပ် ပစ္စည်း အစိတ်အပိုင်းများကို ဟွာဝေးသို့ တင်ပို့ခြင်းကို တင်းတင်းကျပ်ကျပ် ပိတ်ပင်လိုက်သည်။
ယခုဒဏ်ကြေးသည် ၂၀၁၆ ခုနှစ်က General Motors ၏ ဖက်စပ်လုပ်ငန်းကို ရှန်ဟိုင်း မြူနီစပယ် အရာရှိများက စွဲဆိုသည့် လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးအမှု ကဲ့သို့ပင် ဖြစ်သည်။ ထိုလုပ်ငန်းသည် အနိမ့်ဆုံး ဈေးနှုန်းအမှတ်ဖြင့် မော်တော်ယာဉ်များ ရောင်းချခြင်းအတွက် ယွမ်ငွေ သန်း ၂၀၀ ဒဏ်ရိုက်ခံရသည်။
လွန်ခဲ့သော နှစ်ကလည်း နိုင်ငံတော် လုပ်ထုံးလုပ်နည်း ကြီးကြပ်သူများထံမှ ခွင့်ပြုချက် မရသောကြောင့် အမေရိကန် ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော Qualcomm သည် ဒတ်ချ်လုပ်ငန်း NXP Semiconductors ကို ဒေါ်လာ ၄၄ ဘီလျံဖြင့် ဝယ်ယူမည့်အစီအစဉ်မှ နောက်ဆုတ်ခဲ့ရသည်။
ကိုးကား ။ ။ Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန်
တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား
တရုတ် သမ္မတရဲ့ ခရီးရှည် ချီတက်ပွဲသစ်
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ