စီးပွားရေး

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှသို့ ရောက်လာ

Want create site? Find Free WordPress Themes and plugins.

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေစဉ်အတွင်း တရုတ်ကုမ္ပဏီများသည် အမေရိကန် ချမှတ်သော အခွန်ကို ရှောင်ရှားရန် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ်တိုးချဲ့လာသည်။

ထိုသို့ ရင်နှီးမြှုပ်နှံလာသောကြောင့် အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး တိုးတက်မှုကို တွန်းအား ဖြစ်စေသည့် တချိန်တည်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒေါသနှင့် ကြုံရမည့် အခြေအနေကိုလည်း ရင်ဆိုင်နေရသည်။

အတည်ပြုပြီး စီမံကိန်းများအရ ဗီယက်နမ်တွင် တရုတ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသစ်သည် ယခင် နှစ်ကထက် ၅.၆ ရာခိုင်နှုန်းတိုးလာပြီး ၂၀၁၉ ခုနှစ်အစနှင့် မေလ ၂၀ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလျံရှိလာသည်။ ဇန်နဝါရီလမှ ဧပြီလအထိ ကိန်းဂဏန်းများသည်ပင် ၂၀၁၈ ခုနှစ် တနှစ်လုံးထက် သာလွန်နေသည်။ ထိုနှုန်းအတိုင်း ဆက်သွားပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဗီယက်နမ်က နိုင်ငံ အလိုက် ကြေညာသည့် ၂၀၀၇ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် တနှစ်တာ ရင်းနှီးမြှုပ်နှံသော စာရင်းတွင် ထိပ်ဆုံး ရောက်နေနိုင်သည်။

ယခုနှစ်တွင် တောင်ကိုရီးယားသည် အတည်ပြုပြီး အသုံးစရိတ် ဒေါ်လာ ၁ ဘီလျံဖြင့် ဒုတိယ လိုက်နေသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များက ထိပ်ဆုံးရင်းနှီးမြှုပ်နှံခဲ့သည့် ဂျပန်မှာ စီမံကိန်းများအတွက် ဒေါ်လာ သန်း ၇၃၀ မျှဖြင့် အဆင့်လျော့ကျလာသည်။

ထိုင်းနိုင်ငံတွင်လည်း တရုတ်ငွေရင်း စီးဝင်မှု တိုးတက်လာသည်။ ဇန်နဝါရီလမှ မတ်လအထိ ၃ လပတ်အတွင်း အတည်ပြုချက်အရ တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ နှစ်ဆတိုးပြီး ဘတ် ၂၉.၃ ဘီလျံ ( ဒေါ်လာ ၉၃၃ သန်း) ရှိလာကြောင်း ထိုင်းအစိုးရ စာရင်းအင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ၏ အခွန်ချမှတ်မှု များကြောင့် တရုတ်ကုမ္ပဏီများသည် အခြား ကုန်ထုတ်လုပ်ရေး အခြေစိုက်စခန်းများ ရှာဖွေနေစဉ် ထိုသို့ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း ဖြစ်သည်။ စတော့ အိပ်ချိန်း စာရင်းဝင် တရုတ်ကုမ္ပဏီ ၂၀ ကျော်တို့သည် လွန်ခဲ့သော နှစ်မှစတင်ပြီး ပြည်ပတွင် ထုတ်လုပ်ရေး လုပ်ငန်းများ ပြောင်းရွှေ့ သို့မဟုတ် တိုးချဲ့ခြင်း၊ တိုးချဲ့ရန်ကြေညာခြင်းများ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း ဖွံ့ဖြိုးဆဲအာရှတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့နေသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းမှာ ကုန်သွယ်ရေး ပဋိပက္ခအောက်တွင် ပိုမို အရှိန်မြင့်မားလာသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလတွင် ရေးသားခဲ့သည်။

ပထဝီအရ နီးကပ်မှုနှင့် လုပ်အားခ သက်သာသောကြောင့် ထိုစီးပွားရေး လုပ်ငန်းများသည် ဗီယက်နမ်သို့ အဓိက ဦးတည်ကြသည်။

စီးပွားရေး တိုးတက်မှုမှာ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အတွက် မျှော်မှန်းထားသော စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု၏ ၇.၉ ရာခိုင်နှုန်းရှိပြီး ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်ရေး စစ်ပွဲမှ အကြီးမားဆုံး အကျိုးခံစားရသည့် နိုင်ငံဖြစ်ကြောင်း Nomura Holdings က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ထိုင်ဝမ်မှာ ၂.၁ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်ပြီး ချီလီက ၁.၅ ရာခိုင်နှုန်းဖြင့် တတိယလိုက်သည်။

သို့သော် ကြီးထွားနေသော ကုန်သွယ်ရေး မညီမျှမှုနှင့်ပတ်သက်ပြီး ထရမ့်အစိုးရ၏ မကျေနပ်မှုများ ဖြစ်ပေါ်လာ၍ အခွန်များ ပိုမိုချမှတ်ပါက ထုတ်လုပ်မှု ပြောင်းရွှေ့ခြင်းကြောင့် တန်ဖိုးတခု ပေးဆပ်ရနိုင်သည်။ ဗီယက်နမ်၏ အမေရိကန် ပြည်ထောင်စုသို့ တင်ပို့သည့် ပို့ကုန်မှာ မေလအထိ ၅ လ အတွင်း လွန်ခဲ့သောနှစ်ကထက် ၂၈ ရာခိုင်နှုန်း တိုးတက်သည်။

သမ္မတ ဒူတာတေခေတ်တွင် သံတမန်ဆက်ဆံရေး အဆင်ပြေလာသောကြောင့် ဖိလစ်ပိုင်နိုင်ငံတွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက သမ္မတ ရှီကျင့်ဖျင် မနီလာသို့ သွားရောက် လည်ပတ်စဉ်အတွင်း စီမံကိန်း ၂၉ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့သည်။

လွန်ခဲ့သောနှစ်က ပီဆို ၅၀.၇ ဘီလျံ (ဒေါ်လာ ၉၇၉ သန်း) ဖြင့် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆ ၂၀ တိုးကာ ဂျပန်ကို ဖြတ်ကျော်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံ ဖြစ်လာသည်ဟု ဖိလစ်ပိုင်အစိုးရ စာရင်းများအရ သိရသည်။

“ကုန်သွယ်ရေး စစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေ ကြားမှာ စိုးရိမ်မှု ရှိနေတာတွေ့ရတယ်။ လိုသလို ရွှေ့ပြောင်းလို့ ရအောင် ပြင်ဆင်နေတာ တွေ့ရတယ်” ဟု ကုမ္ပဏီ အမှုဆောင် တဦးက ပြောသည်။

ထိုသို့သော ကုမ္ပဏီတခုမှာ ဂွမ်ဒေါင်းအခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်သော Shenzhen H&T Intelligent Control ဖြစ်သည်။ ထိုကုမ္ပဏီသည် ကုန်ထုတ်လုပ်မှု ရွှေ့ပြောင်းနိုင်ရေး အတွက် ဗီယက်နမ် လုပ်ငန်းခွဲ ထူထောင်ရန် ဒေါ်လာ ၅ သန်းသုံးစွဲရေးအတွက် လွန်ခဲ့သောလက အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့သည်။

“ကျနော်တို့ဟာ နိုင်ငံတကာ လုပ်ငန်းဖြစ်လာဖို့ ဗီယက်နမ်မှာ လုပ်ငန်းတိုးချဲ့နေတယ်။ ဒီလိုလုပ်တာဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေး ပဋိပက္ခကို ရှောင်ရှားဖို့ အတွက်လည်း ကျနော်တို့ကို အထောက်အကူ ပြုပါတယ်” ဟု H&T မှ ဒါရိုက်တာ Luo Shanshan က ပြောသည်။

Apple ၏ AirPods များ တပ်ဆင်ပေးသော GeorTek သည် ဗီယက်နမ်မြောက်ပိုင်း ဘက်နင်း ပြည်နယ်တွင် ဒေါ်လာ သန်း ၂၆၀ တန် စက်ရုံဆောက်ရန် ဇန်နဝါရီလက ခွင့်ပြုချက်ရသည်။

ရုပ်မြင်သံကြား ထုတ်လုပ်သော TCL သည်လည်း ဗီယက်နမ်တွင် တနှစ်လျှင် ရုပ်မြင်သံကြားစက် ၃ သန်း ထုတ်လုပ်နိုင်သည့် စက်ရုံကို စက်တင်ဘာလတွင် လည်ပတ်ရန် စီစဉ်နေသည်။ Lenovo အုပ်စုသည်လည်း အမေရိကန် ဈေးကွက်အတွက် ကွန်ပျူတာ ထုတ်လုပ်ရန် ဟနွိုင်းမြို့အနီးတွင် စက်ရုံထူထောင်ရေး စဉ်းစားနေသည်ဟု ဗီယက်နမ် မီဒီယာများက ဖော်ပြသည်။

ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများ အပါအဝင် တရုတ်ထုတ်ကုန် ဘီလျံ ၂၀၀ ဖိုးကို အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုနှုန်းသို့ တိုးမြှင့်ကြောင်း မေလ ၁၀ ရက်နေ့က ကြေညာပြီးနောက် ထိုသို့ ထုတ်လုပ်မှုရွှေ့ပြောင်းခြင်း အရှိန် မြင့်လာမည်ဟု ယူဆရသည်။ ကျန် တရုတ်ကုန်သည်များအပေါ် သက်ရောက်မည့် အခွန်တိုးမြှင့်မှု ပြုလုပ်ဦးမည်ဟု ထရမ့်အစိုးရက ခြိမ်းခြောက်နေသည်။

“အခွန် ၁၀ ရာခိုင်နှုန်းတုန်းက ဈေးနှုန်းကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တင်ပြီး ကျနော်တို့ ကျော်လွှား နိုင်ခဲ့တယ်။ ဒါပေမယ့် ၂၅ ရာခိုင်နှုန်းကတော့ များလွန်းတယ်” ဟု တရုတ် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၏ ကိုယ်စားလှယ် တဦးက ပြောသည်။

တရုတ်ကုမ္ပဏီများ ပြည်ပထွက်ခွာသောကြောင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် ကျဆင်းနိုင်သည်။ Warren Buffett ၏ Berkshire Hathaway ပိုင် အမေရိကန် ဖိနပ် ထုတ်လုပ်သူ Brooks Running သည် စက်ရုံကို တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ပြောင်းရန် ဇန်နဝါရီလက ဆုံးဖြတ်ခဲ့သည်။ ထို အစီအစဉ်ကြောင့် ယခုနှစ်ကုန်တွင် အလုပ်အကိုင် ၈၀၀၀ ခန့် ဗီယက်နမ်သို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။

ကိုးကား ။ ။ Nikkei Asian Review

ဆက်စပ်ဖတ်ရှုရန်

တရုတ်က အမေရိကန် ဖို့ဒ်ကားကုမ္ပဏီကို ဒေါ်လာ ၂၄ သန်း ဒဏ်တပ် 

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်၌ ဗီယက်နမ်က အမြတ် အထွက်ဆုံး နိုင်ငံဖြစ်လာ

ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲတွင် မြန်မာ အမြတ်ထွက်မလား

Did you find apk for android? You can find new Free Android Games and apps.
Loading