စီးပွားရေး

မန္တလေးသို့ အရှေ့တိုင်းခရီးသွား လာရောက်မှု ၅လအတွင်း ၃သိန်းခန့်ရှိ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးသို့ အရှေ့တိုင်းနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှုမှာ ယခုနှစ် ဇန်နဝါရီမှ မေလအထိ ၅လ အတွင်း ၂သိန်း ၉ သောင်း ကျော်ရှိလာရာ ထိုအရေအတွက်မှာ ယမန်နှစ် တနှစ်လုံး၏ ထက်ဝက်ကျော် ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထိုသို့ မြင့်တက်လာရခြင်းမှာ ဗီဇာနှင့် ပတ်သက်၍ ဖြေလျော့ပေးခြင်း၊ ခရီးသွားကဏ္ဍနှင့် ပတ်သက်သည့် အခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုး ဦးစန်းယုက ပြောသည်။

ပြည်ထောင်စု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ကာ အရှေ့တိုင်း နိုင်ငံ များဖြစ်သော တရုတ် အပါအဝင် ဟောင်ကောင်၊ မကာအို၊ ဂျပန်နှင့် ကိုးရီးယား နိုင်ငံတို့အား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း၊ ဗီဇာ Free သတ်မှတ်ခြင်း စသည့်ဗီဇာဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဖြေလျှော့ပြီးနောက် အရှေ့တိုင်းနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုသည် သိသိသာသာတိုးလာပြီး ၂၀၁၈ ခုနှစ် တနှစ်လုံးအတွင်းခရီးသည် ဦးရေ ၄ သိန်း ၉ သောင်းကျော်ရှိရာ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မေလအထိတွင် ဧည့်သည် ဝင်ရောက်မှုမှာ ၂သိန်း ၉သောင်းကျော်ရှိရာ ယခင်နှစ်နှင့် နှိုင်းယှဉ်မည်ဆို ပါက ဧည့်ဝင်ရောက်မှုသည် ၅ လအတွင်းတွင် ပင် ထက်ဝက်ကျော်ရှိသည်ကို တိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ၏ စာရင်းများအရ သိရသည်။

အရှေ့တိုင်းခရီးသွားအများစုက မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ အင်းဝ၊ မင်းကွန်း၊ ပုဂံ စသည့် ရှေး ဟောင်း ယဉ်ကျေးမှု ဒေသများသို့ သွားရောက်ကြသလို တရုတ်ခရီးသွားများကမူ အထက်မြန်မာပြည် ကျောက်စိမ်းဈေးကွက် ရှိသော မန္တလေးမြို့သို့ လာရောက်လည်ပတ်မှုများကြောင်း သိရသည်။

တိုးလာသည့် အရှေ့တိုင်းခရီးသွားများအနက် တရုတ်နိုင်ငံခြားသားဧည့်သည်အများဆုံးဖြစ်ပြီး ယခင်က မန္တလေးနှင့် တရုတ်သို့ ပျံသန်းသော လေကြောင်းလိုင်း ၄ ခုရှိခဲ့ရာမှ ယခုနှစ်အတွင်း လေကြောင်းလိုင်း ၁၆ ခုအထိ တိုးလာသည်။

လက်ရှိတွင် အရှေ့တိုင်းခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ် နေရာ ဒေသသစ်များ ဖော်ဆောင်ခြင်း၊ တရုတ် ဧည့်လမ်းညွှန်နှုင့် တရုတ်စားသောက်ဆိုင်များတိုးချဲ့နိုင်ရန်အတွက် သင်တန်းများ ပို့ချပေးခြင်း တို့ ပြုလုပ်လျက်ရှိသည် ဟု ဦးစန်းယုက ပြောသည်။

သို့သော် အမည်မဖော်လိုသည့် ပြည်တွင်း ခရီးသွား လုပ်ငန်းရှင် တဦးကမူ ဗီဇာဖြေလျော့မှုကြောင့် တရုတ်ခရီးသွား များ ဝင်ရောက်လာသည့်အတွက် ကိန်းဂဏန်းအားဖြင့် မြင့်တက်လာသော်လည်း တရုတ်တို့၏ Zero Budget Tour အစီအစဉ်များကြောင့် နိုင်ငံတော် ဝင်ငွေ တိုးလာစေရန် လုပ်ဆောင်နိုင်မည့် အနေအထားများ မတွေ့ရသေးကြောင်း ထောက်ပြသည်။

“ဗီဇာဖြေလျှော့လိုက်လို့ တရုတ်ခရီးသွားဧည့်ဝင်ကိန်းတွေက မြင့်တက်နေတာဟုတ်ပေမဲ့ တရုတ်က နိုင်ငံတော် အခွန် တိုးလာအောင် လုပ်နိုင်တဲ့အနေအထားမျိုးမှာမတွေ့ရသေးဘူး။ အဲဒီအပေါ်မှာလည်း သက်ဆိုင် ရာဝန်ကြီးဌာနက ကုစားသင့်တာတွေကုစားဖို့တော့ အချိန်တခုကိုတော့ ရောက်နေပြီ”ဟု ၎င်း ထောက်ပြသည်။

တရုတ်တို့၏Zeo Budget Tour အစီအစဉ်များကြောင့် အိမ်ရှင်နိုင်ငံက ခရီးသွားကဏ္ဍမှ ရသင့်ရထိုက် အခွန်အခများ ဆုံးရှုံးခြင်း၊ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများအား မလိုက်နာသော တရုတ်ခရီး သွားအချို၏ အပြုအမူများ သည်လည်း တိုးတက်လာသောခရီးသွားကဏ္ဍ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ဝိုင်းဝန်းအဖြေရှာရန် လိုအပ်သည်ဟု ခရီးသွားကဏ္ဍမှ တာဝန်ရှိသူများက ပြောကြသည်။

မန္တလေးဇုန် ဧည့်လမ်းညွှန်များအသင်းဥက္ကဌ ဦးဝင်းဇော်ဦးက“မလာတာထက် စာရင်တော့ ဧည့်လာတာက ကောင်းပါ တယ်။ တကယ်လည်း တရုတ်တိုးလ်တွေ များလာတယ်။ မကောင်းတဲ့အချက်က သူတို့ဝယ်တဲ့ အမှတ်တရ လက် ဆောင် ပစ္စည်းတွေက နိုင်ငံတော်ကို တိုက်ရိုက် အခွန်ဆောင်တာ မဟုတ်ဘဲ သူတို့အချင်းချင်း ငွေပေးငွေယူနဲ့ လုပ်ကြ တာ ဆိုတော့ အဲဒီတစ်ခု တော့ နိုင်ငံအတွက် ရသင့်တဲ့အခွန်နစ်နာတယ်” ဟု ဧရာဝတီကို ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန်

ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား

Did you find apk for android? You can find new Free Android Games and apps.
Loading