စီးပွားရေး

ဆက်သွယ်ရေး ဝန်ဆောင်မှု ဆိုင်ရာ တိုင်ကြားမှု အများဆုံးဖြစ်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက် ရေး စင်တာ(CICC)သို့ တိုင်ကြားမှုများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သိရ သည်။

မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်မင်းက“အရင်က တိုင်ကြားသူတွေက သိပ်  မသိကြသေးတော့ တိုင်ကြားမှု နည်းခဲ့ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်ထဲမှာတော့ ၁၅၀ နီးပါး ရှိလာပြီ။ ကျနော်တို့ ဌာနကနေ အသိပညာပေးမှုတွေ လုပ်ဆောင်နေကြတာကြောင့်ပါ။ တိုင်ကြားမှုတွေမှာ ကုန်စည်တွေ၊ ဝန်ဆောင်မှု ပါတယ်။ ဆက်သွယ် ရေး ကိစ္စတွေ ပါမယ်။ အဓိက ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပိုများပါတယ်”ဟု ပြောသည်။

တိုင်ကြားမှုများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ၃၈ မှု၊ ၂၀၁၈-၂၀၁၉ မီနီဘတ်ဂျက်တွင် ၅၁ မှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၁၄၀ ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း တိုင်ကြားမှုများ အပေါ် ဖြေရှင်း ဆောင်ရွက်ပေးရသည့် အခြေအနေများမှာ ကုန်စည်၊ ဝန် ဆောင်မှု၊ ဆက်သွယ်ရေး ဟူ၍ ဖြေရှင်းပေးနေရပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများအား တိုင်ကြားမှုသည် အားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။

ဦးဇော်ဇော်မင်းက“ဆက်သွယ်ရေး ဝန်ဆောင်မှု အပိုင်းမှာတော့ ဂိမ်း ဝန်ဆောင်မှုတွေနဲ့ ဘေလ်ဖြတ်တောက်မှု အပိုင်းတွေ ပေါ့။ ဥပမာ သုံးစွဲသူက ဘာမှ ယူမထားဘဲနဲ့ ဘေလ်တွေ ဖြတ်သွားတာမျိုးတွေပေါ့။ အဲဒါကို ကျနော်တို့ အနေနဲ့ ဖြေရှင်း ပေးတဲ့ အခါမှာ သုံးစွဲသူကို ဘေလ် ပြန်ထည့်ပေးတာတွေ ရှိတယ်”ဟု ဆက်လက် ပြောသည်။

တိုင်ကြားမှုများ အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကုန်စည် ၁၈ မှု၊ ဝန်ဆောင်မှု ၁၃ မှု၊ ဆက်သွယ်ရေး ၇ မှု၊ ၂၀၁၈-၁၉ မီနီဘတ်ဂျက်တွင် ကုန်စည် ၁၂ မှု၊ ဝန်ဆောင်မှု ၂၈ မှု၊ ဆက်သွယ်ရေး ၁၁ မှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်စည် ၁၃ မှု၊ ဝန်ဆောင်မှု ၂၀၊ ဆက်သွယ်ရေး ၁၀၇ မှု ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန စာရင်းများ အရ သိရသည်။

အောင်မြေသာစံ မြို့နယ်မှ မလဲ့လဲ့က“ကျမက အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရ လွယ်ကူအောင်လို့သာ ဖုန်းကိုင် နေတာ။ ဖုန်းပြောတယ်၊ Viber သုံးတယ်၊ Facebook သုံးတယ်။ ဒါပဲ ရှိတာကို ဖုန်းဘေလ်တွေ ဖြတ်တာ အရမ်းများနေလို့ ဆိုင်ကို သွားစစ်ခိုင်းတော့ Data Packs တွေ ယူထားတဲ့အပြင် အခြားဝန်ဆောင်မှုတွေလည်း ယူထားတယ်လို့ ပြောတယ်။ ကျမ အနေနဲ့ အဲဒီဟာတွေ တခုမှ မယူထားတော့ ဒီအတိုင်း ငြိမ်ခံနေခဲ့ရတယ်။ အခုတော့ စားသုံးသူ အခွင့်အရေးရုံးကို တိုင်ဖို့ လုပ်နေပါတယ်”ဟု ပြောသည်။

စားသုံးသူ အခွင့်အရေး ဆိုသည်မှာ မိမိ ဝယ်ယူခဲ့သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများကို ဝယ်ယူသုံးစွဲခဲ့သည့် သုံးစွဲသူ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ ဘေးအန္တရာယ် ကင်းရှင်းပြီး ပေးချေသည့် ငွေပမာဏ နှင့် အညီ အာမခံမှု၊ လုံခြုံစိတ်ချရမှု အပြည့်အဝခံစားနိုင်ကြောင်း စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် ပြဋ္ဌာန်းထား သည်။

အဆိုပါ တိုင်ကြားမှုများ အပြင် ပညာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း တိုင်ကြားမှုများ ရှိသလို အခြားတိုင်ကြားမှုများအဖြစ် စားသောက်ဆိုင်၊ ဟိုတယ်များကိုလည်း တိုင်ကြားမှု ရှိကြောင်း သိရ သည်။

ချမ်းမြသာစည် မြို့နယ် တမ္ပဝတီ ရပ်ကွက်မှ ကိုဖုန်းနိုင်ဇော်ကလည်း“ကျနော် ဆေးရုံတက်တုန်းက အပြင်ဆေးခန်းမှာ ဓာတ်မှန်တွေ၊ သွေးစစ်တာတွေ လုပ်ခိုင်းလို့ သွားလုပ်ခဲ့တယ်။ အဲဒီမှာ ကျသင့်ငွေ ၄ သောင်းကျော်တဲ့ အထဲမှာ ဝန်ဆောင် ခ ဆိုပြီး ထည့်ယူထားတာ ပါလာတယ်။ ဒါကို မရှင်းလို့မေးတော့ ပြေပြေလည်လည် ပြန်မပြောဘဲ မချေမငံ ဆက်ဆံတာမျိုး ခံခဲ့ရတယ်။ ဒါကို တိုင်လို့ရမှန်း မသိခဲ့လို့ မတိုင်ခဲ့ရဘူး။ အခုမှ တိုင်လို့ရမှန်း သိလို့ တိုင်မယ်ဆိုတော့ အဲဒီဘောင်ချာက မရှိ တော့ဘူး”ဟု ပြောသည်။

အဆိုပါ တိုင်ကြားမှုများကို CICC အနေဖြင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ ဥပဒေ အရ ဖြေရှင်းပေးခြင်း ဟူ၍ ကဏ္ဍ၂ ခုဖြင့် ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

ဦးဇော်ဇော်မင်းက“စားသုံးသူက စိတ်ကျေနပ်မှု မရှိလို့ တိုင်တာကို ကျနော်တို့က ကြားထဲကနေ ဝင်ပြီး ညှိနှိုင်းပေးလို့ ပြေ လည်မှု ရတာတွေက များပါတယ်။ ဘယ်လို ပြေလည်တာလဲ ဆိုတော့ ပစ္စည်းကို အစားထိုးပေးတာတို့၊ ငွေကြေး လျော်ပေး တာတို့၊ တောင်းပန်တာတို့ပေါ့။ ဥပဒေ အဆင့်ကို ရောက်တာ အတော်နည်းပါတယ်။ ဥပဒေပိုင်း အရ ဖြေရှင်းရတာတွေ လည်း ရှိပါတယ်။ သတိပေးတာတွေ၊ ဆုံးရှုံးနစ်နာမှုက ကြီးမားတယ် ဆိုရင် သက်ဆိုင်ရာ ဘုတ်အဖွဲ့တွေ လွှဲပြောင်းပေးရ တာမျိုးတွေ ရှိပါတယ်”ဟု ဆက်လက် ပြောသည်။

စားသုံးသူ အခွင့်အရေး ရလိုမှုဖြင့် တိုင်ကြားရာတွင် မှန်မှန်ကန်ကန် တိုင်ကြားပေးရန် လိုအပ်ပြီး ထိုကဲ့သို့ တိုင်ကြားခြင်း ဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ဟု သိရသည်။

“တိုင်ကြားနိုင်တဲ့ အခြေအနေကတော့ စားသုံးသူ အားလုံး တိုင်ကြားခွင့် ရှိပါတယ်။ သို့သော် မှန်မှန်ကန်ကန် တိုင်ကြား ဖို့တော့ လိုပါတယ်။ ကုန်စည်၊ ဝန်ဆောင်မှု အားလုံး တိုင်လို့ ရတယ်။ စားသုံးသူ နစ်နာမှုတွေ အတွက် တိုင်ကြားဖို့လည်း တိုက်တွန်းလိုပါတယ်။ တိုင်မှသာလျှင် စားသုံးသူတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှုှ ရှိသော လုပ်ငန်းရှင်တွေ အများကြီး ပေါ်ထွက်လာမှာပါ”ဟု ဦးဇော်ဇော်မင်းက ပြောသည်။

စားသုံးသူများ အနေဖြင့် မှန်ကန်မှုမရှိဘဲ တိုင်ကြားခြင်းကို စိစစ် ပေါ်ပေါက်ပါက စားသုံးသူ အကာကွယ်ပေးရေး ဥပဒေ တွင် ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ကျပ်သိန်း၂၀ အထိ ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

“နောက်တခုက စားသုံးသူတွေ အနေနဲ့ မှန်မှန်ကန်ကန် တိုင်ကြားဖို့ လိုပါတယ်။ ဘာလဲဆိုတော့ လုပ်ငန်းရှင်နဲ့ အဆင်မပြေ တော့ နစ်နာသွားရင် ပြီးရောဆိုပြီး သံသယ စိတ်ခံစားမှုနဲ့ တိုင်လို့တော့ မရပါဘူး။ မှန်ကန်စွာ တိုင်ကြားခဲ့မယ် ဆိုရင်တော့ လုပ်ငန်းရှင် အပေါ်မှာ ထိထိရောက်ရောက် အရေးယူလို့ ရတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်”ဟု ဦးဇော်ဇော် မင်း က ဆက်လက် ပြောသည်။

ပြည်တွင်း လုပ်ငန်းရှင်တွေ အနေဖြင့် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ စားသုံးသူများ၏ ယုံကြည်ချက် အပြည့်အဝ ရရှိအောင် လုပ်ဆောင်နိုင်မည် ဆိုလျှင် နိုင်ငံခြားဝင်ငွေ ရရှိမှုလည်း မြင့်တက်လာမည် ဖြစ်သလို ဈေးကွက်ကိုလည်း ထိန်း သိမ်း လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌာနသို့ တိုင်ကြားခဲ့ဖူးသူ ကိုကျော်ကျော်က“စားသုံးသူရေးရာ ဦးစီးဌာနက ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာ သိပုံမရဘူး။ တခွန်း နှစ်ခွန်းလောက်မေးပြီး သုံးပတ်လောက် အချိန် ဆွဲလိုက်တယ်။ ပြီးတော့ သူတို့ ဘာသာသူတို့ ကောက်ချက် ချလိုက်ရော။ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လောက်တဲ့ အဆင့် မရှိဘူး။ ကိုယ်တွေ့ ပြောရင်တော့ လုပ်ငန်းရှင်ရေးရာ ဦးစီးဌာန ဖြစ်နေတယ်။ လုပ်ငန်းရှင်တွေကို တိုင်ကြားလာတာ ရှိရင် ကာကွယ် ပေးဖို့ ဖွဲ့ထားတာ။ တိုင်တဲ့ စားသုံးသူက အရှက်ကွဲတော့ နောက်မတိုင်ချင်တော့ ဘူးပေါ့ ဗျာ။ ပေါင်မုန့် မှိုတက်တာ ပြပြီး တိုင်ရင်တောင် မင်းလက်ထဲမှာ မှိုတက်တာလို့ ပြောမယ့်အဖွဲ့အစည်းမျိုး ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြော သည်။

မန္တလေးတိုင်း ဒေသကြီးတွင် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြားရှိ စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ(CI CC) သို့ တိုင်ကြားနိုင်သလို ဖုန်းနံပါတ် ၀၂-၄၀၃၆၃၄၀ ၊ ၀၂-၂၈၃၅၁၅၄ သို့လည်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရ သည်။

You may also like these stories:

OTP လုပ်ဆောင်ချက် ပါဝင်တဲ့ MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်

ပုသိမ်တွင် Mytel ကုမ္ပဏီကို ဆန္ဒပြမှု ဖြစ်ပွား

အမုန်းစကား မပြန့်ပွားရေး ဆင်းကတ် သုံးစွဲမှု ကန့်သတ်ဟု ပို့/ဆက် ဝန်ကြီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading