တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ပြီးနောက် Zero Budget ဆိုကာ ခရီးသွားပုံစံသစ်ဖြင့် ဆွဲဆောင်နေသည့် ပြည်တွင်း တရုတ်ခရီးသွား ကုမ္ပဏီများအား ယခုလဆန်းပိုင်းက ခေါ်ယူသတိပေးထားကြောင်း သိရသည်။
Zero Budget (ဇီးရိုးဘတ်ဂျက်) ဆိုသည်မှာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသော တရုတ်နိုင်ငံသား များအား တရုတ်ခရီးသွား အေဂျင်စီတို့က ၎င်းတို့နှင့် ချိတ်ဆက် လုပ်ကိုင်နေသော မြန်မာပြည်တွင်းရှိ သယ်ယူ ပို့ဆောင်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင် တို့တွင် ဈေးနှုန်း သက်သာစွာဖြင့် ဝန်ဆောင်မှု ပေး၍ အိမ်ပြန် အမှတ်တရ လက်ဆောင် အဖြစ် ကျောက်စိမ်း အရောင်းဆိုင်ကြီးများတွင် ဈေးတင်ရောင်းချခြင်းဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှုး ဦးလှမြင့်က “ဇီးရိုးဘတ်ဂျက်က ခရီးသွား လုပ်ငန်းကို ထိခိုက်တယ်။ နိုင်ငံတော်လဲ အခွန်မရဘူး။ အဲဒါတွေကို ပြီးခဲ့တဲ့ ၄ ရက် နေ့ကပဲ ဝန်ကြီးက တရုတ်တိုးလ် ကုမ္ပဏီတွေနဲ့ မြန်မာ -တရုတ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး လုပ်ငန်း အဖွဲ့က ကိုယ်စားလှယ်တွေကို ခေါ်ယူရှင်းပြပြီးပြီ”ဟု ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာမှ စ၍ တရုတ်နိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုလိုက်ရာ တရုတ်ခရီးသွား အများ အပြား ပြည်တွင်းသို့ လာရောက် လည်ပတ်လျှက် ရှိသဖြင့် စီးပွားရေး နည်းစနစ်အရ တရုတ်ခရီးသွား အေဂျင်စီ အချို့သည် ဇီးရိုးဘတ်ဂျက် ခရီးသွား ပုံစံသစ်ဖြင့် ဈေးကွက် ဆွဲဆောင်ကြခြင်း ဖြစ်သည်။
ထိုသို့ ဇီးရိုးဘတ်ဂျက်အရ အရောင်းအဝယ်တွင် ငွေပေးငွေယူကို တရုတ်နိုင်ငံ၏ အွန်လိုင်း ငွေပေးချေမှုကိုသာ အသုံးပြုကြသဖြင့် အိမ်ရှင်နိုင်ငံက ရသင့်ရထိုက်သောအခွန်များမရဘဲ နစ်နာရသည်။
ထို့အတွက် ပြည်တွင်းရှိ ခရီးသွား အေဂျင်စီများ၊ ဧည့်လမ်းညွှန် အသင်း စသော အဖွဲ့အစည်း အသီးသီးက အရှိန်အဟုန် မြင့်လာသော တရုတ်ဇီးရိုး ဘတ်ဂျက် ခရီးသွားများအား ကိုင်တွယ် ဖြေရှင်းရန် ပြည်ထောင်စု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ တင်ပြလျက်ရှိသည်ဟု ၎င်းတို့ထံမှ သိရသည်။
“ဇီးရိုးဘတ်ဂျက်တိုးလ်က တော်တော် ပေါ်ပြူလာ ဖြစ်လာတယ်။ အာဆီယံ နိုင်ငံတွေမှာလဲ ဒီပြသနာ ကြုံနေရတယ်။ လောလောဆယ်တော့ ကျနော်တို့ဆီမှာဆိုးဆိုးဝါးဝါးမတွေ့ရသေးဘူး။ အသံပဲ ကြားပြီး လိုက်ရှာတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ကြိုတင် ကာကွယ်ဖို့က သက်ဆိုင်တဲ့ ခရီးသွားလုပ်ငန်း၊ ဟိုတယ်တွေ ပူးပေါင်းပါဝင်မှရမယ်” ဟု ဦးလှမြင့်က ပြောသည်။
ထို့အတွက် ဝန်ကြီးဌာနက ဟိုတယ် ခရီးသွားကဏ္ဍရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအား ခေါ်ယူ အသိပေးခြင်းဖြစ်ပြီး ၎င်းတို့ ပူးပေါင်း ပါဝင်မှသာ ကာကွယ်နိုင်မည်ဟု ဦးလှမြင့်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ရက် မန္တလေးမြို့တွင် ပြုလုပ်သော “China Tourism Ready” ဆွေးနွေးပွဲတွင် တရုတ် Guilin Tourism တက္ကသိုလ်မှ ကထိက Mr. Zhang Hailin ကတရုတ် ခရီးသွားလာမှုနှုန်းသည် တဖြေးဖြေး မြင့်တက်လာရာ ကမ္ဘာလှည့် ခရီးသွားလာခြင်းတွင် နံပါတ် ၄ အဆင့်ရှိ လာပြီ ဖြစ်သလို ယခုနှစ်အတွင်း တရုတ် ခရီးသွား သန်း ၁၇၀ ကျော်က အမေရိကန် ဒေါ်လာ ဘီလျှံ ၂၆၀ ကျော်ကို ခရီးသွားလာရေးတွင် သုံးစွဲပြီးဖြစ်ကြောင်း ပြောသည်။
၎င်းက“တရုတ်ခရီးသွား တွေက ကမ္ဘာအကြီးဆုံး လမ်းလျှောက်နေတဲ့ ပိုက်ဆံအိတ်တွေပဲ ဖြစ်သလို သူတို့ရဲ့ သယ်လာတဲ့ ပိုက်ဆံတွေရဲ့ ထက်ဝက်ကျော်က ဈေးဝယ်ဖို့အတွက်သုံးကြတာများတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဌ ဦးသန်းဝင်း “ဇီးရိုးတိုးလ် ဖြစ်သွား တယ် ဆိုတာ ကျနော်တို့ နိုင်ငံ စီမံခန့်ခွဲမှု ညံ့သေးလို့ပေါ့။ တခါမှ မမြင်ဖူးတဲ့ တရုတ်တွေက တနေ့ကို လေယာဉ် ၃စီး လောက်လာတယ်။ သူ့ခြံထဲ အပိုင်ထည့်ပြီး ဈေးရောင်းတယ်။ တရုတ်ဧည့်သည်ကလဲ မြန်မာပြည်လာလို့ရှိရင် ကျောက် စိမ်း ဝယ်ရမှကို လာရကျိုးနပ်တယ်လို့ ယူဆကြတာ။ မြန်မာတွေ မန္တလေး လာရင် ထိုးမုန့်ဝယ်ပြီးပြန်ရမှဆိုသလိုပေါ့။ သူတို့ယုံကြည်မှုအရကို ဒါကို ဝယ်ကြတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ မန္တလေးဇုန် ဧည့်လမ်းညွှန်များ အသင်း ဥက္ကဌ ဦးဝင်းဇော်ဦးက “ဒီပစ္စည်း(ကျောက်စိမ်း)ဝယ်ပြီးရင် ဒါက လေဆိပ် ကနေထွက်ကို ထွက်ရမှာ။ လေဆိပ်ကနေ အကောက်ခွန်နဲ့ စစ်လိုက်ရင်ကို ဒါ အခွန်ဆောင်ထားလား၊ မထားလားဆိုတာ တန်းသိမယ်။ မဆောင်ရင် တခါတည်း ဆောင်ခိုင်းလို့ ရသလို မဆောင်နိုင်ရင် ထားပစ်ခဲ့ ခိုင်း လိုက်လို့ရတယ်။ အနောက်နိုင်ငံ တွေမှာ ဒီစနစ် အတိုင်းသွားနေတာ။ ဒီလို လုပ်လိုက်မယ် ဆိုရင်ကို ဇီးရိုးတိုးလ်က အတော်လေးထိန်းနိုင်သွားမယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၈ ခုနှစ်တနှစ်လုံးတွင် မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်ခရီးသွားဦးရေ ၃ သိန်းကျော်ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ ဧပြီအတွင်း ၂ သိန်းကျော် လာရောက်ခဲ့ရာ ၉၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ပြည်ထောင်စု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား
မန္တလေးသို့ အရှေ့တိုင်းခရီးသွား လာရောက်မှု ၅လအတွင်း ၃သိန်းခန့်ရှိ