စီးပွားရေး

စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စီးပွားရေး ပိုမိုတိုးတက်လာစေရန် အတွက် လျှပ်စစ်ကဏ္ဍကို တနှစ်လျှင် အမေရိကန် ဒေါ်လာ၂ ဘီလီယံအထိ ရင်းနှီး မြှုပ်နှံရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၉ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန်လ ၁၈ ရက်က ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံ ဆိုင်ရာ အကြီးအကဲ Mr.Gevorg Sargsyan က ပြောသည်။

မြန်မာ့ စီးပွားရေးသည် တိုးတက်လာသည်နှင့်အမျှ လျှပ်စစ် သုံးစွဲမှုသည် ၁ နှစ်လျှင် ၁၁ ရာခိုင်နှုန်းဖြင့် ၂၀၃၀ အထိဆက် လက် တိုးတက်နေမည် ဖြစ်သည့် အတွက် အစိုးရအနေဖြင့် လက်ရှိ ဆောင်ရွက်နေမှုများကို သုံးဆအထိ တိုးမြှင့်ဆောင် ရွက် ရန် လိုအပ်ကြောင်း Mr.Gevorg Sargsyan က ပြောဆိုသည်။

၎င်းက“အစိုးရအနေနဲ့လည်း လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ တွေ့ရပါတယ်။ ဒီလျှပ်စစ်လို အပ်ချက် ကို ဖြည့်ဆည်းထားနိုင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ထိထိရောက်ရောက် ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်သည်၂၀၂၅ ခုနှစ်တွင် ၈ ဒသမ ၆ ဂီဂါဝပ် (GW)နှင့် ၂၀၃၀ တွင် ၁၂ ဒသမ ၆ (GW) အထိ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ထုတ်လုပ်နိုင်မှုသည် ၃ ဒသမ ၆ (GW) သာရှိပြီး ယင်းလိုအပ်ချ က် များကို ဖြည့်ဆည်းရန်အတွက် အလုံးစုံရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်သည် တနှစ်လျှင် ဒေါ်လာ ၂ ဘီလီယံရှိမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိစေရန်အတွက် သုံးစွဲသူများအပေါ် လျှပ်စစ် ဓာတ် အား ဈေးနှုန်း စည်းကြပ်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၉ မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီအရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် အကူး အပြောင်း ကာလ အတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးတက် လာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်၏ ဘောဂဗေဒ ပညာရှင် Mr.Hans Anand Beck က“ဥပဒေအသစ်တွေ ရေးဆွဲပြဌာန်းလာတာနဲ့အမျှ စီးပွား ရေး ဈေးကွက် အလားအလာ မြင့်တက်လာတဲ့ လက္ခဏာတွေ မြင်တွေ့ရပါတယ်။ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်း လဲရေး အရှိန်အဟုန်တွေ ဆက်လက် မြှင့်တင်ရမည့် အချိန်ဖြစ်ပြီး အာမခံလုပ်ငန်း ပြုပြင်ပြောင်းလဲခြင်း၊ အခွန်ကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍမှာ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်၍“မြန်မာ့စီးပွားရေးကို အပြင်က လာတဲ့ ရိုက်ခတ်မှုတွေက တော်တော်များပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွား ရေး တိုးတက်မှုနှုန်းက အခြားဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဒီနှုန်းထားက အများကြီးကောင်းပါတယ်”ဟုလည်း ဆို သည်။

လျှပ်စစ် ဝန်ကြီးဌာနက ပြည်သူများ၏ ဓာတ်အား တိုးမြှင့်သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ခန့်မှန်း သော် လည်း ယခုနှစ်တွင် တိုးမြှင့်သုံးစွဲမှုက ၁၉ ရာနှုန်းအထိ ဖြစ်ခဲ့သည့် အတွက် လက်ရှိတွင် နွေရာသီကာလ၌ ဓာတ် အား လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသောကြောင့် ဓာတ်အားလိုအပ်ချက် မြင့်မားသော ရန်ကုန်မြို့နှင့်နယ်မြို့များ ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်နေပြီး အလှည့်ကျဖြင့် မီးပေးနေရသည်။

ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က“ဈေးစတိုးကောက်သင့်တာကတော့ ကျော်လာခဲ့ပြီပေါ့။ အဲဒါကြောင့်လည်း အစိုးရက အရှုံးပေါ်နေရတာပေါ့။ ဒါပေမယ့် တိုးကောက်တဲ့ နေရာမှာကလည်း အခြေခံ လူတန်းစားတွေ လုပ်ငန်းအသေး လေးတွေ မထိခိုက်ဖို့တော့ လိုတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍“အစိုးရ အနေနဲ့ ဈေးနှုန်းမြှင့်မယ် ဆိုရင်လည်း ဓာတ်အား လေလွင့် ပျောက်ဆုံးမှုတွေ ဘယ်လောက် လျှော့ချနိုင်မလဲ၊ အခုရှုံးနေတာကို ဘယ်လောက်အထိ ပြန်ပြီး ကာဗာဖြစ်နေမလဲ ဆိုတာတွေ သေချာ တွက်ချက်ပြီး လုပ် သင့်တယ်”ဟု ပြောဆိုသည်။

အစိုးရအနေဖြင့်လည်း ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သို့သော်လည်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း ကိစ္စရပ်များသည် ရေရှည်စီမံကိန်းများ ဖြစ်သည့် အတွက် ချက်ချင်း ထင်သာမြင်သာ မရှိနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက“ဒါတွေကို ကျနော်တို့လည်း သိပါတယ်။ သို့သော်လည်း ဘတ်ဂျက်ရရှိရေးကိစ္စမျိုးတွေ အခက်အခဲတွေရှိပါတယ်။ ဘတ်ဂျက် အတွက်ဆိုရင် အစိုးရဘတ်ဂျက်တွေအပြင် နိုင်ငံတကာချေးငွေတွေနဲ့လည်း ဆောင်ရွက်နေတာမျိုးတွေ ရှိ ပါတယ်။ အဲဒီအထဲမှာမှ တချို့လုပ်နေတာတွေ အများပြည်သူတွေ ချပြထားပြီး ဖြစ်သလို ချမပြရသေးတဲ့ တချို့ လျာထား တာတွေလည်း ရှိပါတယ်”ဟု ဆိုသည်။

အနာဂတ် စီမံကိန်းများ အနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်း ၂၁၀ မဂ္ဂါဝပ်အား လည်းကောင်း၊ အထက်ရဲရွာ စီမံကိန်း ၂၈၀ မဂ္ဂါဝပ်အား လည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း ၇၃၅ မဂ္ဂါဝပ် အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း ၆၀ မဂ္ဂါဝပ်ကို ထုတ် လုပ်နိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်ရန်အတွက် ပြင်သစ်နိုင်ငံမှ ချေးငွေရယူကာ ရေအားလျှပ်စစ်ထုတ် စက်ရုံ ငါးရုံကို အကြီးစား ပြင်ဆင်ခြင်းများ လုပ်ဆောင်မည့် အစီအစဉ်များကိုလည်း ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးထား သည်။

အစိုးရ အနေဖြင့် လျှပ်စစ်ဓာတ်အားခ လျှော့ချ ကောက်ခံထားမှုကြောင့် အရှုံးပေါ်မှုသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ မှ သန်း ၇၀၀ အထိ ရှိကြောင်း သိရသည်။

မေလအတွင်း၌ ရာသီဥတု အခြေအနေနှင့် ရေဝင်မှုနှုန်း ရပ်ဆိုင်းသွားမှုကြောင့် ပြည်တွင်းရှိ ဇောင်းတူ၊ မုန်း၊ ဖြူးချောင်း၊ မြစ်သာ၊ ရာဇဂြိုဟ်၊ တာပိန် စသည့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု ရပ်ဆိုင်းသွားခဲ့ပြီး လျှပ်စစ် ထုတ်လုပ်မှု မလုပ် ဆောင် နိုင်တော့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading