တကမ္ဘာလုံးတွင် စီးပွားရေးနှေးကွေးနေသော်လည်း နောက်ဆုံးထုတ် ကမ္ဘာ့ဘဏ် အစီရင်ခံစာက မြန်မာ့စီးပွားရေးကို အကောင်းမြင်သည်။ ထိုသို့အကောင်းမြင်ခြင်းမှာ အရှိန်အဟုန်မြင့်မားလာသော ပြုပြင်ပြောင်းလဲရေးအကောင်အထည်ဖေါ်မှု၊ အခြေခံအဆောက်အအုံ အသုံးစရိတ်အပြင် လက်လီ လက်ကား အရောင်း၊ အာမခံနှင့် ဘဏ်လုပ်ငန်းကဲ့သို့သော ကဏ္ဍမျာအား ဖြေလျော့ပေးခြင်းနှင့် ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။
ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor Building Reform Momentum အစီရင်ခံစာအရ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းသည် စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် စွမ်းဆောင်ရည်ကောင်းသောကြောင့် အောက်တိုဘာလ ၁ ရက်နေ့က စတင်သည့် ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် ၆.၅ ရာခိုင်နှုန်းသို့ တက်လာမည်ဟု မျှော်လင့်ရသည်။ ထိုတိုးတက်မှုနှုန်းကို ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလ အကူးအပြောင်းကာလအတွင်း တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
အထည်ချုပ်နှင့် ဆောက်လုပ်ရေးကဏ္ဍများ စွမ်းဆောင်ရည်ကောင်းသောကြောင့် စက်မှုလုပ်ငန်းများ ပြန်လည်အသက်ဝင်လာသည်ကို မျှော်လင့်နိုင်သည်။ ပြုပြင်ပြောင်းလဲရေး၏ အထောက်အကူဖြင့် လက်လီ၊ လက်ကား အရောင်းကဏ္ဍများတွင် အရှိန်ရစပြုလာပြီး ဝန်ဆောင်မှုကဏ္ဍသည် တိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်နေသည်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆.၇ ရာခိုင်နှုန်သို့ မြင့်တက်လာမည်ဟုလည်း ထိုအစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုကို ထိခိုက်ပြီး ငွေကြေးဖေါင်းပွမှုကို ဖြစ်စေသည့် နာတာရှည်ငွေလဲနှုန်း မတည်ငြိမ်မှုကို ခံစားခဲ့ရသည်။ သို့သော် မြန်မာ့စီးပွားရေးသည် ယခုနှစ်အတွင်း ဈေးနှုန်းကျားကန်ပေးခြင်းနှင့် ငွေလဲနှုန်းကို ဈေးကွက်နဲ့အညီဖြစ်စေခြင်းတို့ကြောင့် တဖြည်းဖြည်း အရှိန်ရလာပြီး တည်ငြိမ်မှုပြန်လည်ရရှိလာသည်ဟု ထိုအစီရင်ခံစာကဆိုသည်။
ထို့အပြင် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်နှင့် အခြား စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းများ အကောင်အထည်ဖေါ်မှုကြောင့် စီမံကိန်းကြီးများ အကောင်အထည်ဖေါ်မှုနှုန်း တိုးတက်လာမည်ဟု မျှော်လင့်ရသည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှ အရှိန်အဟုန်သည်လည်း ဆက်လက်တိုးတက်နေမည်ဟု ထိုအစီရင်ခံစာကဆိုသည်။
စီးပွားရေးတိုးတတ်ခြင်းရဲ့ အန္တရာယ်ဖြစ်နိုင်ချေများမှာ ပြင်ပ အကြောင်းအရာများကြောင့်ဖြစ်ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်ရေးအထူးအခွင့်အရေးများ ရုတ်သိမ်းခြင်းကလည်း အကြောင်းရင်းတရပ် ဖြစ်နိုင်သည်။
ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသတွင်း အထူးသဖြင့် တရုတ်နိုင်ငံ တိုးတက်မှုနှေးကွေးခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှု မြင့်မားလာခြင်းသည် ပို့ကုန်နှင့် ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းကို နှေးကွေးစေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်သည်။ အကြမ်းဖက်မှုနှင့် ဒုက္ခသည်များ ထွက်ပြေးရခြင်းတို့နှင့်အတူ နယ်စပ်ဒေသများ မတည်ငြိမ်မှု၊ ရခိုင်အကျပ်အတည်း၊ ရက္ခိုင့်တပ်မတော်နှင့် တိုက်ပွဲများ မကြာသေးမီက ပြင်းထန်လာခြင်းတို့သည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှုကို ထိခိုက်စေနိုင်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည်လည်း မရေရာမှုများ၏ ရင်းမြစ်တခုဖြစ်နေသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှ အဓိက သုံးသပ်ချက် ၆ ချက်ကို အောက်တွင်ဖေါ်ပြလိုက်သည်။
စီးပွားရေးခြုံငုံတိုးတက်မှု
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသည် ကာလကြာရှည်စွာ ငွေလဲနှုန်းမတည်ငြိမ်မှုကို ခံစားနေရပြီး ငွေကြေးဖေါင်းပွမှုနှုန်း အလျှင်အမြန်မြင့်တက်လာကာ သွင်းကုန်ကို ထိခိုက်ပြီး လောင်စာဆီ၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် စားသုံးသူများ၏ ခြုံငုံကုန်ကျစရိတ်မြင့်မားလာခြင်းတို့ကို ဖြစ်စေခဲ့သည်။
သို့သော် မြန်မာ့စီးပွားရေးတိုးတက်မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အနည်းငယ်အရှိန်ရလာပြီး ၂၀၁၈ ဧပြီမှ စက်တင်ဘာလ အကူးအပြောင်းကာလအတွင်းက ၆.၄ ရာခိုင်နှုန်းသာရှိရာမှ ၆.၅ ရာခိုင်နှုန်းသို့ တက်လာသည်။ ထိုသို့တက်လာခြင်းမှာ ဈေးနှုန်းများကျားကန်ပေးခြင်း၊ ငွေလဲနှုန်းကို ဈေးကွက်နှင့်အညီ ဖြစ်စေခြင်း နှင့် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကြောင့်ဖြစ်သည်ဟု ဆိုသည်။
စက်မှုကဏ္ဍမှ ကုန်ထုတ်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုတိုးတက်မှုသည် တနှစ်ကြာနှေးကွေးနေပြီးနောက် ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် အထည်ချုပ် ပို့ကုန်တိုးတက်မှု ခိုင်မာသောကြောင့် ပြန်လည်နာလန်ထလာမည်ဟု မျှော်လင့်ကြောင်း အစီရင်ခံစာက ဆိုသည်။
အခြေခံအဆောက်အအုံ စီမံကိန်းသစ် အများအပြား စတင်လာသောကြောင့် ဆောက်လုပ်ရေးကဏ္ဍတွင် အားပျော့သော နာလန်ထမှု လက္ခဏာများတွေ့ရသည်ဟု ဆိုသည်။ ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၇.၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် ပိုမိုကောင်းမွန်လာသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအပါအဝင် အိမ်ခြံမြေနှင့် ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံတည်ဆောက်ရေးများကြောင့် ၈.၂ ရာခိုင်နှုန်းသို့ တိုးလာမည်ဟု ခန့်မှန်းရသည်။
လက်လီနှင့် လက်ကားအရောင်းကဏ္ဍတွင် ပိုမို လှုပ်ရှားမှု များပြာလာခြင်းသည် ဝန်ဆောင်မှုကဏ္ဍ၌ ကောင်းမွန်သော စွမ်းဆောင်မှုကို အထောက်အကူပြုပြီး ယခင်ဘဏ္ဍာရေးနှစ်က ၈.၂ ရာခိုင်နှုန်းမှ ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် ၈.၃ ရာခိုင်နှုန်းသို့ တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။
သို့သော် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပဝယ်လိုအား ကျဆင်းခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုသည် ၁.၃ ရာခိုင်နှုန်းမှ ၁.၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
ကုန်သွယ်ရေး လိုငွေပြမှု
ကုန်သွယ်ရေးတိုးတက်ခြင်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်မှု (FDI) ကတိကဝတ်များ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်တွင် အနည်းငယ် အရှိန်ရလာခြင်းကြောင့် စုစုပေါင်း လိုငွေမှာ ကျဉ်းမြောင်းသွားသော်လည်း ၂၀၁၇-၁၈ အဆင့်၏ သုံးပုံတပုံတွင်သာ ရှိနေသေးသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေမှာ ၂၀၁၄-၁၅ မှစတင်ပြီး ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ဇူလိုင်မှ စက်တင်ဘာလ (အကူးအပြောင်းကာလ ၂ ) အတွင်း ပိုငွေပြခဲ့သဖြင့် ပို့ကုန်ခိုင်မာပြီး သွင်းကုန်ကျဆင်းကြောင်း ပြသနေသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ဓါတ်ငွေ့ပို့ကုန် မှန်မှန်ကျဆင်းနေခြင်းနှင့် တနှစ်အတွင်း ပထမသုံးလပတ် အထည်ချုပ်ပို့ကုန် ပထမဆုံးအကြိမ် ကျဆင်းခြင်းကြောင့် ကုန်သွယ်ရေးချိန်ခွင်လျှာသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်း လိုငွေပြန်လည်ပြသခဲ့ပြီး ထိုလိုငွေပြခြင်းမှာ အချိန်ရာသီအလိုက်ဖြစ်ပေါ်သော အကြောင်းရင်းများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သွင်းကုန် ကျဆင်းခြင်းကြောင့် သွင်းကုန်တိုးတက်မှုမှာ ကျဆင်းပြီး ကုန်ထုတ်လုပ်ငန်းများ လှုပ်ရှားမှု တိုးလာခြင်းနှင့်အညီ ကုန်ချောထုတ်ရန် ကြားခံကုန်များ တင်သွင်းမှုမှာ ဆက်လက်တောင့်တင်းကြံ့ခိုင်နေသည်ဟု အစီရင်ခံစာအရ သိရသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်တွင် ယခင်နှစ်ကထက် အနည်းငယ် အရှိန်ရလာသော်လည်း ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ်တွင် ရရှိခဲ့သည့် တနှစ်စာ ကတိကဝတ်၏ သုံးပုံတပုံသာ ရှိသေးသည်။
ငွေကြေးဖေါင်းပွမှု
စားသောက်ကုန်ကဲ့သို့သော ဈေးနှုန်းများ ယာယီအတက်အကျဖြစ်ခြင်းကို ထည့်သွင်းတွက်ချက်မှု မရှိသည့် ပင်မငွေကြေးဖေါင်းပွမှု core inflation မှာ တည်ငြိမ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ ငွေကြေးဖေါင်းပွမှုသည် ၂၀၁၈ အောက်တိုဘာက အထွဋ်အထိပ်ရောက်နေရာမှ ငွေလဲနှုန်းတည်ငြိမ်လာခြင်းနှင့် လောင်စာဆီဈေးနှုန်းများ ကျဆင်းလာသောကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ၆.၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
သို့သော် လောင်စာဆီဈေးနှုန်းမြင့်မားခြင်းနှင့် အစားအသောက်ဈေးနှုန်းများတက်ခြင်းကြောင့် ငွေကြေးဖေါင်းပွမှုသည် ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ်အကုန်တွင် ၇.၉ ရာခိုင်နှုန်းသို့ ပြန်တက်လာသည်။
တချိန်တည်းတွင် အစားအစာနှင့် စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုကို ထည့်မတွက်သည့် core inflation မှာ ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်၏ ပထမနှင့် ဒုတိယ သုံးလပတ်များတွင် ၆.၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိပြီး တည်ငြိမ်သောအခြေခံဈေးနှုန်းလမ်းကြောင်းကို ပြသနေသည်။
ဘဏ္ဍာရေးဆိုင်ရာ ပါဝင်မှု
ဘဏ်လုပ်ငန်းကဏ္ဍ၏ ထုတ်ချေးငွေကြီးထွားမှု ဆက်လက်အေးစက်နသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပါဝင်မှှုသည် တိုးတက်လာနေသည်ဟု အစီရင်ခံစာက ဆိုသည်။ ဘဏ်များသည် အရေးပါသော စဉ်းစားချင့်ချိန်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ကြိုးစားလာသောကြောင့် ထုတ်ချေးငွေကြီးထွားမှုသည် ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် ဆက်လက်နှေးကွေးနေသည်။
ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေမှာ ၂၀၁၈-၁၉ ခုနှစ် ပထမသုံးလပါတ်တွင် ၂၀ ရာခိုင်နှုန်းရှိပြီး အကူးအပြောင်းကာလ၂ တွင်မူ ၂၁ ရာခိုင်နှုန်းသို့ မြင့်တက်သွားသည်။
စုစုပေါင်းထုတ်ချေးငွေကြီးထွားမှု နှေးကွေးနေသော်လည်း အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် ဘဏ္ဍာငွေ အသုံးပြုနိုင်မှု တိုးတက်နေသည့် လက္ခဏာများ ရှိနေသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်တွင် အသေးစား အလတ်စား လုပ်ငန်းများသို့ ချေးငွေမှာ ယခင်နှစ်ကထက် ၈၀ ရာခိုင်နှုန်း တိုးတက်လာသည်။ နိမ့်ကျသောအခြေခံမှ စတင်ခဲ့သော်လည်း အသေးစားချေးငွေလုပ်ငန်းများ အလျှင်အမြန် ကျယ်ပြန့်လာနေကြသည်ဟု အစီရင်ခံစာက ဖေါ်ပြသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ လူ ၅ သန်းသည် အသေးစားချေးငွေရရှိခဲ့ကြပြီး ချေးငွေပမာဏမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ကျပ် ၁.၃ ထရီလီယံရှိပြီး ယခင်နှစ် အလားတူကာလက ကျပ် ၈၀၀ ဘီလီယံမှ တက်လာခြင်းဖြစ်သည်။
ဘတ်ဂျက် လိုငွေပြမှု
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း အသုံးစရိတ်လိုငွေသည် အမှန်တကယ် သုံးစွဲမှု လျှော့ချခြင်းကြောင့် ရည်မှန်းထားသော စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၅.၄ ရာခိုင်နှုန်းအောက်သို့ လွန်စွာနိမ့်ကျနေမည်ဟု ခန့်မှန်းရသည်။
အမှန်တကယ် အသုံးစရိတ်သည် နှစ်ဝက်အသုံးစရိတ် ရည်မှန်းချက်ထက် ၂၀ ရာခိုင်နှုန်း လျှော့နည်းနေပြီး ငွေလုံးငွေရင်းအသုံးစရိတ်သည် ယခုဘဏ္ဍာရေးနှစ် နှစ်ဝက်ရည်မှန်းချက်၏ ထက်ဝက်ကျော်ရုံ (၅၅.၂ ရာခိုင်နှုန်း အမှန်တကယ်သုံးစွဲမှု) သာဖြစ်သည်။
စုစုပေါင်း အသုံးစရိတ် အမှန်တကယ်သုံစွဲမှု စိန်ခေါ်မှုများ ရှိသော်လည်း လျှပ်စစ်ဓါတ်အားအတွက် အစိုးရက ထောက်ပံ့ငွေ အသုံးစရိတ်မှာ ဆက်လက်မြင့်မားနေပြီး အသုံးစရိတ်ငွေစာရင်းကို ဖိအားဆက်လက်ဖြစ်ပေါ်နေစေသည်။ စွမ်းအင် အကူအညီအတွက် အစိုးရက နောက်ထပ်ထုတ်သုံးငွေသည် ၂၀၁၈-၁၉ ဘာဏ္ဍာရေးနှစ်တွင် စုစုပေါင်းအစိုးရအသုံးစရိတ် ၆ ရာခိုင်နှုန်းအထိ တက်နိုင်ပြီး ၂၀၂၁-၂၂ ဘာဏ္ဍာရေးနှစ်တွင် ၁၁ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
လျှပ်စစ်ဓါတ်အားကဏ္ဍ
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းကို ထိုအစီရင်ခံစာတွင် အထူးခေါင်းစဉ်အနေဖြင့် ဖေါ်ပြထားသည်။ မြန်မာနိုင်ငံသည် ကြီးထွားနေသော ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် နှစ်ဆ ပိုမိုရင်းနှီးမြှုပ်နှံပြီး စီမံကိန်းများကို သုံးဆ ပိုမို လျှင်မြန်စွာ အကောင်အထည်ဖေါ်ရန် လိုကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းခြေအရ လျှပ်စစ်ဓါတ်အားသုံးစွဲမှုသည် ၂၀၂၀ အထိ နှစ်စဉ် ၁၁ ရာခိုင်နှုန်း တိုးတက်နေမည်ဖြစ်သည်။ အများဆုံး လိုအပ်ချက်မှာ ၂၀၂၅ တွင် ၈.၆ ဂိုက်ဂါဝပ်ဖြစ်ပြီး ၂၀၃၀ တွင် ၁၂.၆ ဂိုက်ဂါဝပ်အထိ ဖြစ်သည်။ ထိုပမာဏမှာ လက်ရှိ ၃.၆ ဂိုက်ဂါဝပ်မှ အကြီးအကျယ် တိုးတက်လာခြင်းဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံသည် ယခင်ကထက် ရင်းနှီးမြှုပ်နှံမှု၏ နှစ်ဆ တနှစ်လျှင် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုစွမ်းရည်သစ် ၅ ဂိုက်ဂါဝပ် လိုအပ်မည်ဖြစ်ပြီး ထိုပမာဏမှာ ယခင်က အလားတူကာလအတွင်း တည်ဆောက်ခဲ့ခြင်း၏ သုံးဆခန့်နှင့် ညီမျှသည်။
အယ်ဒီတာမှတ်ချက်။ ။ မြန်မာအစိုးရသည် ဘဏ္ဍာရေးကာလကို ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ်တွင် ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်မူ အောက်တိုဘာလ ၁ ရက်မှ နောက်နှစ် စက်တင်ဘာလ ၃၀ အထိ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီမှ အောက်တိုဘာလ အထိ ကြားကာလကို အကူးအပြောင်းကာလဟု ခေါ်ပြီး ထိုကာလကို နှစ်ပိုင်းခွဲထားသည်။ အကူးအပြောင်းကာလ-၁ သည် ၂၀၁၈ ဧပြီမှ ဇွန်လအထိဖြစ်ပြီး အကူးအပြောင်းကာလ-၂ သည် ၂၀၁၈ ဇူလိုင်မှ စက်တင်ဘာလအထိဖြစ်သည်။
( Nan Lwin ၏ World Bank’s Economic Outlook for Myanmar in 6 Points ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို
နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများမှ Other Account များ ပိတ်သိမ်းမည်
ဒေါ်လာဆို အသစ်မှ ယူချင်နေတုန်းလား