စီးပွားရေး

နိုင်ငံခြားသားများကို ကွန်ဒို ရောင်းချခွင့် ရရှိတော့မည်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များ အနေနှင့် လာမည့် နှစ်လ အတွင်း ကွန်ဒိုများ ကို နိုင်ငံခြားသားများသို့ ရောင်းချခွင့်ရရှိမည် ဖြစ်ကြောင်း စုပေါင်းပိုင် အဆောက်အအုံ စီမံခန့်ခွဲမှု ကော်မတီက သိရသည်။

စုပေါင်းပိုင် အဆောက်အအုံ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် ဦးမျိုးမြင့်က“အချိုးသင့် ပိုင်ဆိုင်မှု တွက်ချက်ဖို့ ကျနော်တို့ဆီမှာ ပညာရှင် မရှိဘူး။ နိုင်ငံခြားက ခေါ်ရမှာ။ အဲဒီအတွက် အမိန့်ကြေညာစာတွေ ထုတ်ရမယ်။ နောက်ပြီး နိုင်ငံခြားငွေ အဝင်၊ အထွက်နဲ့ ပတ်သက်ပြီး ဝင်လာရင် ဘယ်လို လုပ်မလဲ။ ထွက်သွားရင် ဘယ်လို လုပ်မလဲ ဆိုတာ ဗဟိုဘဏ်တို့ ဘဏ် အသင်း တို့နဲ့ ဆွေးနွေးဖို့ လိုတယ်။ ဒါလေး ဆွေးနွေးလိုက်ရင် နောက် နှစ်လလောက်ဆို ရောင်းလို့ ရနိုင်တယ်”ဟု ဧရာဝတီ သို့ ပြော သည်။

စုပေါင်းပိုင် အဆောက်အအုံ စီမံခန့်ခွဲမှု ကော်မတီကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် တိုင်းဒေသကြီး တခု လျှင် အဖွဲ့ တဖွဲ့စီ ဖွဲ့စည်းထားရှိပြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ဥက္ကဋ္ဌ အဖြစ် ပါဝင်၍ အိုး အိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။

စုပေါင်း အဆောက်အအုံ ဆိုင်ရာ ဥပဒေ (ကွန်ဒို ဥပဒေ) ကို၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ကို၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ကွန်ဒို နည်းဥပဒေတွင် လုပ်ထုံးလုပ်နည်းနှင့် နောက်ဆက်တွဲ အမိန့်ကြေညာ ညွှန်ကြားချက်တွေ ဆက်လက် လုပ်ဆောင်ရန် ရှိနေခြင်းနှင့် စုပေါင်းပိုင် အဆောက်အအုံ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့၍ လိုအပ်ချက်များကို ညိုနှိုင်း နေသော ကြောင့် အသက်ဝင်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။

ဦးမျိုးမြင့်က“လိုအပ်ချက်လေးတွေ ရှိနေလို့ နောက်၂ လလောက်မှ ဒါက နည်းနည်းအသက်ဝင်မှာပေါ့။ အချိုးသင့် ပိုင်ဆိုင် တယ် ဆိုတာက အခန်း အကျယ်အဝန်း၊ တည်နေရာ အလိုက် ပိုင်ဆိုင်မှုကို တွက်ချက်ဖို့ပါ”ဟု ပြောသည်။

ထို့ကြောင့် လက်ရှိတွင် အာဆီယံနိုင်ငံများထဲမှ ပညာရှင်ခန့်အပ်ရန် အတွက်လည်း ကော်မတီက စီစဉ်နေသည်ဟု ဆို သည်။

အဆိုပါ ဥပဒေ၌ စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤ ဥပဒေနှင့် အညီ ရောင်းချခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်း ဖြစ်သူ ဦးမျိုးမြင့်က“နိုင်ငံခြားသားကို ကွန်ဒို ရောင်းချခွင့်ရမယ် ဆိုရင် ထိုက်သင့်သလောက်တော့ ဆောက်လုပ်ရေး ဈေးကွက်နဲ့ ဆက်စပ်တဲ့ ဟာတွေက ပြန်ကောင်း လာနိုင်တယ်။ လက်ရှိကတော့ အေးနေတုံးပဲ”ဟု ပြောသည်။

နိုင်ငံခြားသားများကို ကွန်ဒိုများ ရောင်းချခွင့် ရှိမည် ဆိုလျှင် လက်ရှိတွင် အရောင်းအဝယ် အေးနေသော အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အထိုက်သင့် ပြန်လည် ကောင်းမွန်လာနိုင်သည်ဟု ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်း ရှင်များနှင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

iMyanmar House.com ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက“အဓိက ဈေးကွက်ထဲမှာ  ဖြစ်နေတဲ့ ပြဿနာက ကွန်ဒို မီဒီယမ် ဥပဒေနဲ့ ကိုက်ညီတဲ့ ကွန်ဒိုမီဒီယမ် ဆိုတာ နည်းနည်းလေးခြားနေသေးတာကို တွေ့နေရတယ်။ မြေအကျယ် အဝန်း စတုရန်းပေ၂ သောင်း အထက်ရှိမှသာလျှင် ကွန်ဒိုမီဒီယမ်လို့ ခေါ်ခွင့်ရှိမယ် ဆိုတဲ့ အချက်ပါတာကြောင့် ဒါနဲ့ ကိုက် ညီတာဆိုရင် ဈေးကွက်ထဲမှာ နည်းနေသေးတယ်။ ဥပဒေ ထွက်တာနဲ့ ဝယ်ယူခွင့် ရရှိမှာကိုတော့ အများကြီး မျှော်လင့်ပါ တယ်။ ဒါပေမယ့်လည်း ဥပဒေက ဈေးကွက်နဲ့ အမှန်တကယ် ကိုက်ညီရဲ့လား မကိုက်ညီဘူးလား ဆိုတာ အချိန်ကာလ တခု ပေးပြီးတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“ဥပဒေထဲမှာ အငြင်းပွားစရာအချက်တွေလည်း ရှိပါတယ်။ အားနည်းချက်၊ အားသာချက်တွေ ရှိနေ တယ်။ ဈေးကွက်အနေအထားစောင့်ကြည့်ရမယ်။ ပါဝင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်ပါတယ်။ ဥပဒေ က ပြင်ပြင်ဆင်ဆင်နဲ့ ဖြစ်လာပြီး နိုင်ငံခြားသားတွေ ရောင်းဝယ်ခွင့် ရှိမယ်ဆိုရင် အိမ်ခြံမြေ လောက အတွက် တမျိုးတဖုံ ပြန်လည် ဦးမော့လာနိုင်စရာ အကြောင်းရှိပါတယ်”ဟု ဆိုသည်။

နိုင်ငံခြားသားများအား လက်ရှိတွင် ရောင်းဝယ်ခွင့် ပြုထားခြင်းမရှိသဖြင့် အငှားဈေးကွက် တခုကိုသာ အားထားနေရပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံခြားသားအများဆုံး ငှားရမ်းနေထိုင်မှုမှာ လစဉ် မြန်မာကျပ်ငွေ ၅ သိန်းနှင့် ၁၀ သိန်း ကြားရှိ မီနီကွန်ဒိုများကို နေထိုင်မှုများသည်။ဂျပန်၊ တရုတ်နှင့် စင်ကာပူနိုင်ငံသားများက အများဆုံး ငှားရမ်းနေကြသည်။

Estate Myanmar အိမ်ခြံမြေ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဟိန်းမိုးမြင့်လွင်က“အခုကတော့ နိုင်ငံခြားက ဝယ်လို့ မရဘူး။ ဝယ်လို့ရမယ် ဆိုရင်တော့ အနည်းနဲ့ အများတော့ လာဝယ်ကြမှာပဲ။ ကွန်ဒိုတွေ အများကြီးရောင်း ရမလားတော့  အဲဒီလိုမျိုး ကျနော်မပြောသေးဘူး။ သေချာတာက အခုက သုည ဆိုရင် ဥပဒေထွက်လို့ ခိုင်မာရင် ဈေးကွက်ကတော့ အနည်း နဲ့ အများတော့ လှုပ်ရှားမှုရှိမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ရန်ကုန်မြို့အတွင်းရှိ ကွန်ဒို ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကျပ်သိန်း ၇၀၀ ကျော်မှ ကျပ်သိန်းပေါင်း သောင်း ဂဏန်း အထိ ဈေးနှုန်းရှိကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၄ ခုနှစ်တွင် အမြင့်ဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်း၌ တဖြည်းဖြည်း ဈေးနှုန်းနှင့် အရောင်း အဝယ်များ ကျဆင်းခဲ့သည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်း အနည်းငယ်လျော့ကျနေပြီး အရောင်းအဝယ် အနေနှင့် ပုံမှန် လိုအပ်ချက်ရှိသော သူများကသာ ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။

You may also like these stories:

ကွန်ဒို ဥပဒေကို စည်းကမ်း လိုက်နာစေရန် ရေးဆွဲခြင်း ဖြစ်ဟု ဆို

တန်ဖိုးနည်းအိမ်ရာ မြေတန်ဖိုး သုည ရာခိုင်နှုန်း အထိ လျှော့ချမည်ဟု ဦးဖြိုးမင်းသိန်း ပြော

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး မျှော်မှန်းချက်မှ အရေးပါသော ၆ ချက်

Did you find apk for android? You can find new Free Android Games and apps.
Loading