မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသွားများသည် ရန်ကုန်မြို့တွင် တညအိပ်ခန့်သာ လည်ပတ် သွားလာနေသည့်အတွက် ရက်ကြာကြာ လည်ပတ်နိုင်စေရန် ခရီးစဉ် အသစ်များ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားများသည် အဓိက ခရီးသွားဒေသများဖြစ်သော ပုဂံ၊ အင်းလေးနှင့် ငပလီ တို့တွင်သာ အချိန်ကြာကြာ လည်ပတ်ကြပြီး ရန်ကုန်မြို့တွင်မူ ရွှေတိဂုံဘုရားနှင့် ဗိုလ်ချုပ်ဈေးကို အဓိက လည်ပတ်ကြကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။
“ရန်ကုန်ကို ဝင်လာတဲ့ ခရီးသွား ဧည့်သည်တွေက နှစ်မျိုးရှိပေါ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဝင်လာတဲ့ ဧည့်သည် တွေရှိသလို အခြား ဒေသတွေကို သွားဖို့ ရောက်လာတဲ့ ဧည့်သည်တွေရယ် တော်တော်များများ ကတော့ ရန်ကုန်မှာ တည အိပ်ပြီး သက်ဆိုင်မြို့တွေကို လည်ပတ်ကြတာ ပြီးရင် ရန်ကုန်ပြန်လာပြီး နောက် ပြန်သွား ကြတယ်။ အခုက လုပ်မယ့် အစီအစဉ်တွေက အဲ့ဒါကို ပြောင်းလဲချင်တာ” ဟု ဆိုသည်။
ယင်းကြောင့် ရန်ကုန်မြို့၏ သမိုင်းဝင်နေရာများ၊ ရှေးဟောင်းအဆောက်အအုံများ နှင့် လူသိနည်းပါးသည့် နေရာများအား လည်ပတ်ခြင်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာများကို တင်ဆက်ပြသခြင်း၊ ရန်ကုန်မြို့၏ လူနေမှုဘဝကို အနီးကပ် လေ့လာ ရေး ခရီးစဉ်များ၊ နေ့စဉ် စားသုံးနေသည့် အစား အသောက်များကို မြည်း စမ်းကြည့်နိုင်မည့် အစီအစဉ်များ၊ ပြည်တွင်းစက်မှု လက်မှုထုတ်ကုန်များ၏ လုပ်ငန်းခွင်များ လေ့လာခြင်း နှင့် ရန်ကုန်မြို့တွင်း အများသုံး မြို့ပတ်ရထားများ၊ ဘတ်စ်ကားများ ဖြင့် ရန်ကုန်မြို့အား လေ့လာခြင်း စသည့် ခရီးစဉ်အသစ်များ ဖော်ဆောင်ပြီး ခရီးသွားများကို ဆွဲဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါအစီအစဉ်များကို မိတ်ဆက်ပြသမည့် Yangon Hotel Expo 2019 ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Myanmar Expo ခန်းမ၌ လာမည့် အောက်တိုဘာလ ၁၈ မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲတွင် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းများ၏ ပြခန်းများ၊ အခြားသော ဆက်စပ် လုပ်ငန်းများ၏ ပြခန်းများ၊ မြန်မာပြည်၏ ထုတ်ကုန်များကို ပြသမည့် ပြခန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပြခန်း အပြင် ရန်ကုန်မြို့၏ သမိုင်းကြောင်းများ၊ အထင်ကရနေရာများကို ရှင်းလင်းပြသမည့် ပြခန်းပေါင်း ၂၅၀ ကျော် ပြသသွားမည်ဖြစ်သည်။
ဦးတင်မြင့်က “ကျနော်တို့က ဧည့်သည်တွေမရောက်ဖူးသေးတဲ့ နေရာသစ်တွေ ရှာဖွေ ဖော်ထုတ်ပြီးတော့မှ စီစဉ် ဆောင်ရွက်သွားမယ့် အနေအထားပါ။ ရှေးဟောင်း အဆောက်အဦးတွေဆိုရင် ရန်ကုန်မှာတော်တော်များများရှိပါတယ်။ သန်လျင်ဘက်တွေမှာလည်း ရှိပါတယ်။ သန်လျင်ဘက်တွေကို တရက်လောက်သွားလည်လို့ရအောင် ခရီးစဉ်တွေဆွဲပေးလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ဧည့်သည်တွေ တရက်ထက်ပိုပြီး ရန်ကုန်မှာ ပိုနေလာအောင် ရန်ကုန်မြို့ကြီးကို လူတွေက ပိုပြီး စိတ်ဝင်စားလာအောင် အစိုးရ အနေနဲ့လည်း လုပ်ဆောင် နေတာတွေ ရှိပါတယ်။ ဥပမာ ဒီနှစ်ထဲမှာပဲ ဂျပန် အစိုးရနဲ့ ပူးပေါင်းပြီးလုပ်တဲ့ ချယ်ရီပန်း ပွဲတော်လိုမျိုးပေါ့” ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး “ ခရီးသွားကို ဆွဲဆောင်ဖို့ အတွက်ဆိုရင် ကျမတို့ တီထွင် ဆန်းသစ်မှုတွေ ရှိတဲ့ ခရီးသွားအစီအစဉ် တွေ ဖော်ဆောင်ဖို့လိုတယ်။ သူများ နိုင်ငံတွေမှာဆိုရင် လစဉ် ကျင်းပနေတဲ့ စီးပွားရေးဆိုင်ရာ Tour တွေလိုမျိုး လုပ်ဖို့ ကျမတို့ နိုင်ငံမှာလည်း အခုဆိုရင် ဟိုတယ်တွေ ပြပွဲခန်းမတွေ စတဲ့ အခြေခံအဆောက်အအုံတွေလည်း လုံလောက်မှု ရှိနေပါပြီ” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လျက်ရှိသော နိုင်ငံခြားသား ခရီးသွားများသည် ရန်ကုန်မြို့တွင် အချိန်ကြာကြာ လည်ပတ်ရန် စိတ်ဝင်စားမှုများ ရှိသော်လည်း ကုန်ကျစရိတ်ကြီးမားခြင်း နှင့် လေကြောင်းလိုင်း အချိန်များ အခက်အခဲ ရှိခြင်းကြောင့် အခြားဒေသများကို သွားရောက် လည်ပတ်ကြခြင်းမှာ များခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောသည်။
“ဧည့်သည်တွေက စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ စရိတ်ကြီးတာလည်းပါတယ် လေကြောင်းလိုင်း အချိန်တွေကြောင့် ရန်ကုန် ရောက်ပြီးရင် ခဏလည်ပတ်ပြီး တခြားဒေသကို တန်းသွားကြရတာ တကယ်တော့ ဧည်သည်တွေ ကိုယ်တိုင် လည်း ပင်ပန်းကြတယ်။ အမှန်က ရန်ကုန်တရက်လောက် နေသင့်တာပါ” ဟု ဆိုသည်။
နိုင်ငံခြားသား ခရီးသွားများ အတွက် ရန်ကုန်မြို့တွင် မြို့တွင်း လည်ပတ်စရာ နေရာများကို လည်ချင်စဖွယ်နေရာများ ဖြစ်အောင် ဖန်တီးပေးခြင်း၊ ည အချိန်ပိုင်းများတွင် မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာ ဖျော်ဖြေရေးပွဲ နှင့် အစားအသောက်များကို လေ့လာ လည်ပတ်နိုင်မည့် နေရာများနှင့် ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ တွင် တရက် လည်ပတ်ရသည့် ကုန်ကျစရိတ်သည် အခြား အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများထက် ကုန်ကျစရိတ်သည် ၃၀ ရာခိုင်နှုန်းခန့် ပိုများလျက်ရှိကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် မလေးရှားနိုင်ငံမှ လွဲ၍ ကျန်အာဆီယံနိုင်ငံများ နှင့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင် နှင့် တရုတ်နိုင်ငံတို့ကို ဆိုင်ရောက်ဗီဇာ ခွင့်ပြုပေးထားပြီး လာမည့် အောက်တိုဘာလတွင်လည်း ဥရောပနိုင်ငံ ၆ နိုင်ငံခန့်ကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးသွားရန် စီစဉ်လျက်ရှိသည်။
ယင်းသို့ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ရခိုင်အရေးကြောင့် ခရီးသွား ဝင်ရောက်မှု ကျဆင်းနေခြင်း များသည် ယခုနှစ်ပိုင်းတွင် အရှေ့ဘက် နိုင်ငံများမှ ခရီးသွား ဝင်ရောက်မှု များသည် ပြန်လည်တိုးတက်လာခဲ့ပြီး တရုတ်ခရီးသွား ဝင်ရောက်မှုမှာ ယခင်ကထက် နှစ်ဆကျော်အထိ တိုးတက်လာလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် လူဦးရေးသုံးသန်းကျော်အထိရှိသည်။
You may also like these stories:
လည်ပတ်သင့်တဲ့ ရန်ကုန်မြို့တွင်း နေရာများ
ပြည်မြို့သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား များပြားလာ
နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ အာရှ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်
ဥရောပ ၆ နိုင်ငံ ခရီးသွားများကို ဆိုက်ရောက် ဗီဇာပေးမည်