စစ်တွေတွင် ဧက ၇၀၀၀ စီမံကိန်း ပြည်ပဆောက်လုပ်ရေး လုပ်ငန်း အဆိုပြု
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့စွန်တွင် အမေရိကန်ဒေါ်လာ ၃၈ ဘီလျံကုန်ကျမည့် မြို့သစ်စီမံကိန်းကို ပြည်ပဆောက်လုပ်ရေး လုပ်ငန်းဖြစ်သော Gold Coast KTMG Myanmar က အဆိုပြုလိုက်သည်။
စစ်တွေသည် လတ်တလော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၈ ခု အနီးတွင် ရှိသည်။
KTMG မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များနှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့သည်။
KTMG မှ ကိုယ်စားလှယ်များက မြေဧက ၇၀၀၀ တွင် တည်ဆောက်မည့် ထိုစီမံကိန်းအတွက် အဆိုပြုချက်ကို တင်ပြခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ၏ အဆိုအရ သိရသည်။
စစ်တွေမှ ဆတ်ရိုးကျ ချောင်းတဖက်ကမ်းရှိ ကျေးတောနှင့် ရွှေမင်းဂံ ရွာများအနီးတွင် စီမံကိန်းအတွက် KTMG က ပဏာမ ရွေးချယ်ထားကြောင်း သူကပြောသည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၃၈ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဦးစံကျော်လှက ဆိုသည်။ ထိုစီမံကိန်းကို ပြည်ထောင်စုအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများနှင့် အညီ ခွင့်ပြုရန် လိုကြောင်းလည်း သူက ရှင်းပြသည်။
KTMG မှ တာဝန်ရှိသူ Yeap Poh Hooi က ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃၈ ဘီလျံရှိသည်ဟု ပြောကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူး ဦးထူးမင်းသိန်းက ဧရာဝတီသတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။
ထိုကုမ္ပဏီသည် မလေးရှားနိုင်ငံ အခြေစိုက် ပြည်ပလုပ်ငန်းအဖြစ် DICA တွင် မှတ်ပုံတင်ထားသော်လည်း နောက်ကွယ်တွင် မည်သည့် လုပ်ငန်းစုကြီးများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်းလည်း သူက ပြောသည်။
မြေယာနှင့် လယ်မြေထောင်ပေါင်းများစွာကို ရွာသားများက ပိုင်ဆိုင်နေသောကြောင့် ထိုကုမ္ပဏီအတွက် အကြီးမားဆုံး အခက်အခဲမှာ မြေအသုံးပြုခွင့် ရရေးဖြစ်ကြောင်း ဦးစံကျော်လှက ဆိုသည်။ မြို့တွင်း အချက်အခြာ နေရာများနှင့် စစ်တွေမြို့စွန်ရှိ လယ်မြေ အပါအဝင် အိမ်ခြံမြေများမှာ ဈေးနှုန်းလွန်စွာ မြင့်တက်နေကြောင်းလည်း သူကပြောသည်။ မြေကို ဒေသခံများထံမှ ကာလပေါက်ဈေးအတိုင်း ဝယ်ယူမည်ဟု ထိုကုမ္ပဏီအရာရှိများက လွှတ်တော် ကိုယ်စားလှယ်များကို ပြောသည်။
“စီမံကိန်းအတွက် မြေဧက ၇၀၀၀ ရဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အထူးသဖြင့် စစ်တွေမှာဆို ပိုခက်တယ်” ဟု ဦးစံကျော်လှက ဆိုသည်။
ထိုစီမံကိန်းကို စစ်တွေမြန်မာမြို့တော် ၂၀၃၀ ဟု ခေါ်တွင်စေမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် အွန်လိုင်း သတင်းအရ သိရသည်။
မြေအသုံးပြုမှု လုပ်ငန်းများ အဆင်ပြေစေရေးအတွက် အိမ်ခြံမြေ ကိုယ်စားလှယ်အဖြစ် ထိုကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တကမ္ဘာလုံးမှ ဆောက်လုပ်ရေး လုပ်ငန်းများပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း KTMG က ပြောသည်ဟု ဦးစံကျော်လှက ရှင်းပြသည်။
ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် KTMG ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့ လာရောက်ကြောင်း ရခိုင်ပြည်နယ် အခွန်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အတည်ပြုသည်။
ထိုစီမံကိန်းသည် လွန်စွာကြီးမားပြီး အကြီးစား၊ အသေးစား စက်မှုလုပ်ငန်းများ၊ အိမ်ယာများ၊ စက်ရုံများ၊ ဟိုတယ်ဇုန်များ၊ ပန်းခြံများနှင့် ရေနံနှင့် ဓာတ်ငွေ့ဆိပ်ခံတံတားများ ပါဝင်ကြောင်း သူက ပြောသည်။
ပဋိပက္ခကြောင့် ထိခိုက်မှု ရှိနေသောနေရာနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စီးပွားရေးလုပ်ကိုင်ရခြင်း၏ ဆုံးရှုံးနိုင်ခြေကို တချို့ လေ့လာသူများက ထောက်ပြခဲ့သည်။ လွန်ခဲ့သောတပတ်က စစ်တွေရှိ ဆတ်ရိုးကျ ချောင်းတွင် ဆိုက်ကပ်ထားသော မြန်မာရေတပ်မှ ဆွဲသင်္ဘောတစင်းကို ရက္ခိုင့်တပ်မတော် (AA) က ဒုံးကျည်ဖြင့် ပစ်သောကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်မြို့တော် ၈ ခုတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံ ၄၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တပ်မတော်သည် အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။
ယခု ပြည်ပ အခြေခံ အဆောက်အအုံ စီမံကိန်းသည် မကြာသေးမီနှစ်များအတွင်း စစ်တွေအနီးတွင် အဆိုပြုသော ဒုတိယစီမံကိန်း ဖြစ်သည်။ တောင်ကိုရီးယား လုပ်ငန်း BXT Internal နှင့် ရခိုင်ပြည်နယ် အစိုးရတို့သည် စစ်တွေဆိပ်ကမ်းနှင့် ကပ်လျှက်တွင် ပင်လယ်ကမ်းခြေ မြေဧက ၉၀ ဖော်ထုတ်မည့် ဒေါ်လာ ၁၀ သန်းတန် မြေဖော်ထုတ်ရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်က လုပ်ကိုင်ခဲ့သည်။
(Moe Myint ၏ Foreign Developer Proposes 7,000-Acre Project in Sittwe ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ရင်းနှီးမြှုပ်နှံသူများကို ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ဆွဲဆောင်
ရခိုင်ပြည်နယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိရေး ဂျပန် ဦးဆောင်မည်
ရခိုင်တွင် ရင်းနှီးမြှုပ်နှံမှုအားပေးရန် တောင်ကိုရီးသံအမတ် စိတ်အားထက်သန်