ရှမ်းပြည်နယ် အရှေ့ပိုင်း နမ့်ပန်ဒေသရှိ မြေဧရိယာအချို့ကို မည်သည့်နိုင်ငံခြား ကုမ္ပဏီကိုမှ ရောင်းချ၍ လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) က ရှင်းပြသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် ရှဲလ်ပေး နည်းပညာကုမ္ပဏီ က နမ့်ပန်းဒေသရှိ မြေဧရိယာ စုစုပေါင်း ၂၃၀ စတုရန်းကီ လိုမီတာ၊ ဧကအားဖြင့် ၅၅,၀၀၀ ခန့်ကို ပိုင်ဆိုင်ထားကြောင်း အဆိုပါ ဒေသတွင် ယုံးပန်းဒီဂျစ်တယ် စီးပွားရေးဇုန် တည်ထောင်သွားမည်ဆိုသည့် ကြေညာထားချက်အား စင်္ကာပူ အခြေစိုက် Channel News Asia သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
နမ့်ပန်းဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး ကိုစိုင်းမွန်း က “နမ့်ပန်ဒေသ၊ မိုင်းဆောဆိုတာ ဒီနေရာကိုပဲ ခေါ်တာ။ ယုံးပန်းဆိုတာ ကျနော်တို့ နေရာမှာ မရှိဘူး။ အရင် ငြိမ်းချမ်းရေး မယူခင် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ခေတ်တည်းက ဒီနေရာက မိုင်းဆောပဲ။ ဒီနေရာမှာ ဘယ်သူကိုမှ ရောင်းထားတာလည်း မရှိဘူး။ ကျနော်တို့လည်း သတင်းတွေ တွေ့လိုက်ရတော့ အံ့သြနေတာ” ဟု ပြောသည်။
တရုတ်ကုမ္ပဏီက ယုံးပန်းဒေသဟု အမည်တပ်ပြောဆိုနေသော အဆိုပါနေရာသည် တရုတ်နှင့် လာအို နှစ်နိုင်ငံအကြား အစွန်ထွက်နေသည့် မြန်မာ့ပိုင်နက်ဖြစ်ပြီး အဆိုပါနေရာသည် မိုင်းလားခေါ် NDAA အဖွဲ့ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ရှန်ဟိုင်းမြို့အခြေစိုက် တရုတ်နိုင်ငံ၏ နာမည်ကြီး ရှဲလ်ပေး နည်းပညာကုမ္ပဏီ အနေဖြင့် အဆိုပါ နမ့်ပန်ဒေ သတွင် ယုံးပန်းဒီဂျစ်တယ် စီးပွားရေးဇုန် တခု တည်ထောင်သွားမည်ဖြစ်ပြီး မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံသူ များအား ယုံးပန်းဒီဂျစ်တယ် နိုင်ငံသား ဖြစ်ခွင့်ပေးမည့်အပြင် ယုံးပန်း အုပ်ချုပ်ရေးစနစ်ဖြင့် သီးခြားတည်ထောင်သွားမည်ဟုဆိုကာ အွန်လိုင်းမှ တဆင့် မြေယာရောင်းချမှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကမ္ဘာ့နိုင်ငံအချို့မှ စီးပွားရေးသမားများအကြားတွင် ရေပန်းစား စိတ်ဝင်စားမှု မြင့်တက်ခဲ့ကြောင်း သိရသည်။
NDAA ၏ လယ်ယာနှင့် သစ်တောရေးရာ တာဝန်ခံ ဦးလော်စန်း က “ကျနော်တို့က ဒီကစ္စကို We Chat မှာ တွေ့လိုက်တော့ တော်တော်လေး အံ့သြသွားတယ်။ အခု NDAA ရဲ့ နှစ် ၃၀ ပြည့် ပွဲမှာ မီဒီယာတွေ လာမယ်ဆိုတော့။ ဒီကိစ္စဟာ မဟုတ်ဘူးဆိုတာကို ကမ္ဘာကသိအောင် ပြန်လည် ပြောကြားလိုတဲ့အတွက် ဒီဒေသကို လိုက်ပို့ပေးတာပါ။ ဒီနေရာက မြန်မာနိုင်ငံရဲ့ အချုပ်အခြာပိုင် နယ်မြေဖြစ် ပါတယ်။ ကျနော်တို့ အထူးဒေသ(၄) ရဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း ရောင်းပိုင်ခွင့် မရှိပါဘူး” ဟု သတင်းထောက်များကို ပြောသည်။
၎င်းကဆက်၍ “သူတို့ပြော တာကတော့ ဒီဒေသပါပဲ။ အခု ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ လူထုတွေက ဒီဒေသမှာ လုပ်ကိုင်စားသောက်နေကြ တာပါပဲ။ ဘယ်သူကိုမှ ရောင်းမထားပါဘူး။ ယုံးပန်း ကုမ္ပဏီနဲ့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးတာလည်း တခါမှ မရှိခဲ့ပါဘူး” ဟု ယတိပြတ် ပြောဆိုသည်။
အဆိုပါ သတင်းနှင့် ပတ်သတ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှလည်း ကွင်းဆင်းစစ်ဆေးမှုများ လာရောက်ပြု လုပ်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) အနေဖြင့်လည်း တရုတ်နိုင်ငံ အစိုးရ အပါအဝင် ရှဲလ်ပေး နည်းပညာကုမ္ပဏီထံ ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဒစ်ဂျစ်တယ်စီးပွားရေးဇုန် တည်ထောင်ရန် ခွင့်ပြုထားခြင်း မရှိဟု မိုင်းလားခေါင်းဆောင်များပြော
မိုင်းလား နောက်ကွယ်က စီးပွားရေးလုပ်ငန်းများ