ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် မစိုက်ပျိုးနိုင်သဖြင့် ကုလားပဲနှင့် စားတော်ပဲများကို ပြည်ပနိုင်ငံများမှ တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ၌ ပြောခြင်းဖြစ်သည်။
ဒေါက်တာသန်းမြင့် က “ပြည်တွင်းမှာ လိုအပ်တဲ့ ပဲက ပြည်တွင်းမှာ ဈေးနည်းတဲ့အတွက် လယ်သမားတွေကလည်း လိုအပ်ချက်ကို မှီအောင် စိုက်ပျိုးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဒီပဲအမျိုးအစားတွေကို တောင်သူတွေ မထိခိုက်နိုင်အောင် ယာယီ တင်သွင်းဖို့ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယ ကြိုက်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်ကြိုက်တဲ့ ပဲတွေကို တိုးချဲ့ထုတ်လုပ်မယ်။ ဈေးကွက်ရှိတယ်” ဟု ပြောသည်။
ကုလားပဲနှင့် စားတော်ပဲများကို ယာယီတင်သွင်းရန် အတွက် စိုက်ပျိုးသူများ၊ ကုန်သည်များနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရန် လက်ရှိ၌ ဆွေးနွေးထားပြီး တင်သွင်းရာတွင်လည်း ကာလတခုအတွင်းသာ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့၊ သာကေတ မြို့နယ်နေ ကုမ္ပဏီဝန်ထမ်း ဒေါ်မာလာက “ကုလားပဲနဲ့ စားတော်ပဲ ဆိုတဲ့၂ မျိုးစလုံးက မြန်မာတွေ နေ့စဉ်လိုလို စားကြတဲ့ပဲတွေပါ။ ပြည်တွင်းမှာ စိုက်တာ လျော့ရင်တော့ ဈေးတက်မှာပေါ့။ အခုတောင် ကုလားပဲဆိုရင် အထုတ် သေးသေးလေးကို ၅၀၀ ကျပ် ပေးဝယ်ရတော့ နွမ်းပါးသူတွေဆို စားဖို့အတွက် စဉ်းစားရမယ်။ ပြည်တွင်းက စိုက်စိုက်၊ ပြည်ပက ပဲ သွင်းသွင်း အရည်အသွေးကောင်းဖို့နဲ့ ဈေးနှုန်းသက်သာမယ်ဆိုရင် အဆင်ပြေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တောင်သူများက ပြည်ပ ဝယ်လိုအားရှိသည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စသည့် ပဲအမျိုးအစားများကို ဦးစားပေး ရွေးချယ် စိုက်ပျိုးလာကြသဖြင့် ပြည်တွင်း၌ စားသုံးမှုများသည့် ကုလားပဲနှင့် စားတော်ပဲ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် တင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချနေသည့် ပဲအမျိုးအစားများဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံ တို့ကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံ အချို့ ဝယ်ယူလျက် ရှိသည်။
ပဲဈေးကွက်၌ ကုလားပဲခြမ်း ၁ ပိဿာလျှင် ကျပ် ၁၉၀၀ မှ ၁၉၂၅ ကျပ်နှင့် စားတော်ပဲ ၁ ပိဿာလျှင် ကျပ် ၁၂၀၀ မှ ၁၂၅၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဇွန်လ ၂၈ ရက်က ဘုရင့်နောင် ကုန်စည်ဒိုင်က သိရသည်။
အိန္ဒိယ အစိုးရက ယခုဘဏ္ဍာနှစ် အတွင်း မတ်ပဲတန်ချိန် ၁ သိန်းခွဲ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန် နှစ်သိန်းတို့ကို ပြည်ပမှ တင်သွင်းရန် ဧပြီလက ခွင့်ပြုပေးခဲ့သည်။
ထို့အပြင် လိုအပ်ချက်ရှိသည် ဟုဆိုကာ ဇွန်လတွင် ပဲစင်းငုံတန်ချိန် နှစ်သိန်း ထပ်မံ တင်သွင်းရန် ကြေညာခဲ့ပြီး ပဲစင်းငုံ စုစုပေါင်း တန်ချိန် ၄ သိန်းကို အောက်တိုဘာလ နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။
You May Also Like These Stories:
ပြည်ပ ဝယ်လိုအားများလာ၍ မတ်ပဲ နှင့် ပဲစင်းငုံ ဈေးမြင့်တက်
ဒေါ်လာဈေး ပြောင်းလဲ၊ ပြည်ပပို့ ပဲဈေးကွက် အေးစက်