ရန်ကုန် စတော့အိတ်ချိန်းဝင် ကုမ္ပဏီတခုဖြစ်သော First Myanmar Investment (FMI) က ယခုနှစ်တွင် ရှယ်ယာ အမြတ်ဝေစု ခွဲပေးမည် မဟုတ်ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်က ကျောက်တံတားမြို့နယ်ရှိ ရန်ကုန် စတော့အိတ်ချိန်းရုံး (YSX) ၌ ပြုလုပ်သော FMI ကုမ္ပဏီ၏ ၂၀၁၉ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် FMI ကုမ္ပဏီ၏ အမှု ဆောင် အရာရှိချုပ် ဦးထွန်းထွန်းက ရှယ်ယာ အမြတ်ဝေစုမှုနှင့် ပတ်သက်ပြီး ဧရာဝတီ၏မေးမြန်းမှုကို ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
FMI ကုမ္ပဏီအနေဖြင့် ၂၀၁၉ ဘဏ္ဍာနှစ်၌ ဝင်ငွေသည် ကျပ် ၂၇၉ ဒသမ ၇ ဘီလီယံ အထိ ရှိခဲ့ကာ စုစုပေါင်း အမြတ် ငွေသည် ကျပ် ၁၁၀ ဒသမ ၇ ဘီလီယံ အထိရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း သိရသည်။
ဦးထွန်းထွန်း က“မခွဲတဲ့ဟာက လက်ရှိ ရှယ်ယာမှာ တန်ဖိုး ပိုရှိသွားတယ်။ တန်ဖိုးပိုရှိသွားတယ် ဆိုတာ အမြတ်တွေ ထပ် တိုးလာတယ်။ ဒါတန်ဖိုးပိုရှိတဲ့ အတိုင်း တန်ဖိုးတင်ပြီး အရောင်းအဝယ် လုပ်ကြဖို့ပဲ အစုရှယ်ယာရှင်တွေကို အကြံ ပြုလို ပါတယ်”ဟု ဆိုသည်။
လက်ရှိ စတော့အိတ်ချိန်း ဈေးကွက် အခြေအနေကြောင့် YSX က အမြတ်ဝေစု ခွဲဝေပေးခြင်း အစား လုပ်ငန်းများ ထပ် မံ တိုးချဲ့လုပ်ဆောင် တိုက်တွန်းမှုများ ရှိသလို FMI အနေဖြင့်လည်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အတွက် ရင်းနှီး မြှုပ်နှံမှုများ ရှိနေခြင်းကြောင့် ယခုလို အမြတ်ဝေစုခွဲမပေးရန် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ထားကြောင်း ဦးထွန်းထွန်း က ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး“ကျနော်တို့ စတော့အိတ်ချိန်း ဆက်ပြီး ဖွံ့ဖြိုး တိုးတက်သွားဖို့ ကုမ္ပဏီတွေအနေနဲ့ ဆက်ပြီး ကြီး ထွား ဖို့ လိုတယ်၊ ဈေးကွက်ကြီးထွားဖို့ လိုတယ်။ အလားတူပဲ ရှယ်ယာရှင်တွေ အနေနဲ့ ဈေးကွက်ကြီးထွားမှ သူ့ရဲ့ အကျိုးစီးပွား ပိုပြီးဖြစ်လိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
FMI အနေဖြင့် ယခင်နှစ်ထက် အမြတ်ငွေ မြင့်တက်ခဲ့သော်လည်း ကုမ္ပဏီအုပ်စု၏ အသုံးစရိတ်သည် ၄၉ ဒသမ ၇ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး ကျပ် ၁၀၄ ဒသမ ၇ ဘီလီယံ အထိ သုံးစွဲခဲ့ခြင်းကြောင့် အသားတင်အမြတ်သည် ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ကျပ် ၁၄ ဒသမ ၄ ဘီလီယံသာ ရှိတော့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်သော စာရင်း များ အရ သိရသည်။
မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇေယျသူက“မြန်မာပြည်ရဲ့ အစုရှယ်ယာရှင်တွေက ပုံစံက အမြတ် ဝေစုကို စောင့်ပြီး ယူချင်ကြတာပေါ့။ အမြတ်ဝေစုပေးတဲ့ ရှယ်ယာကို ပိုကြိုက်ကြတယ်။ တခြားနိုင်ငံတွေက ကုမ္ပဏီ တော်တော် များများကို အမြတ်ဝေစုကို မထုတ်ပေးဘဲ သူ့ရဲ့ လုပ်ငန်းတွေ တိုးချဲ့ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်ကြ တယ်။ FMI ကလည်း လက်ရှိ လုပ်ငန်းတွေက တော်တော်များလုပ်နေတာရှိတော့ အဲဒါတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အတွက်လို့ မြင်ရ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုကလည်း“သူကတော့ အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် ဒီလို မျိုး လုပ်မယ် ဆိုရင် အစုရှယ်ယာရှင်တွေရဲ့ သဘောထား လိုမယ်။ အခုက ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပဲဆိုတော့ လေ”ဟု ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး“စတော့ဈေးကွက်က ရှယ်ယာဈေးကတော့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအပေါ်မှာ ဖြစ်နေမှာ ပါ။ ပြီးတော့ လက်ရှိဈေးကွက်က ကုမ္ပဏီက နည်းနေသေးတော့ ရွေးချယ်ခွင့်များများ မရှိတဲ့ အတွက် ဈေးကွက်က အီနေတဲ့ သဘောဖြစ်နေတယ်။ YSX အနေနဲ့ကလည်း ကုမ္ပဏီတွေ ဒီထက်ပိုများအောင် လုပ်သင့်တယ် အဲ့ဒါမှ ဈေးကွက် က ကောင်းလာနိုင်မယ်”ဟုလည်း ပြောပြသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းသည် ကျပ် ၁၁၅၀၀ ဖြစ်ပြီး ရန်ကုန်စတော့ အိတ် ချိန်းသို့ စတင် ဝင်ရောက်ချိန်က ဈေးနှုန်းမှာ ကျပ် ၃၁၀၀၀ ဖြစ်သဖြင့် ယခုမှာ ဈေးနှုန်း ကျဆင်းလျက်ရှိသည်။
FMI ကုမ္ပဏီ၏ အစုရှယ်ယာရှင် တဦးက“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစုရှယ်ယာရရှင်တွေကို တရားဝင်အသိပေးတာ မရှိ သေးတော့ ဘာမှ မပြောချင်သေးဘူး။ သူကအရင်ကလည်း အမြတ်ဝေစုကို နည်းနည်းပဲပေးပြီး အပိုထပ်ဆောင်း အစု ရှယ်ယာတွေ ထုတ်ပေးလေ့ ရှိတယ်”ဟု ပြောသည်။
၂၀၁၈ ဘဏ္ဍာနှစ်တွင် FMI ကုမ္ပဏီက အစုရှယ်ယာတစုလျှင် ရှယ်ယာအမြတ်ဝေစု ကျပ် ၁၀၀ နှင့် မူရင်း အစုရှယ်ယာ ၂၀ ပိုင်ဆိုင်လျှင် အပိုဆု ရှယ်ယာ (Fully-paid bonus shares) ၁ စု ထုတ်ပေးခဲ့သည်။
လတ်တလောတွင် FMI ကုမ္ပဏီအုပ်စုက ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍဖြစ်သော ရိုးမဘဏ်၊ ဆောက်လုပ်ရေး လုပ်ငန်း ကဏ္ဍ Star City အိမ်ရာစီမံကိန်းနှင့် City Loft အိမ်ရာစီမံကိန်း၊ ကျန်းမာရေး လုပ်ငန်းကဏ္ဍ ပန်းလှိုင် စီလုံဆေးရုံ လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းကို Memories Group တွင် ရှယ်ယာ ရင်းနှီးမြှုပ်နှံပြီး အစရှိသည့် လုပ်ငန်းများ အဓိက လုပ်ကိုင်လျက် ရှိကြောင်း သိရသညိ။
ယင်းအပြင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာ တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး တည် ဆောက်နေသည့် အဆင့်မြင့် အိမ်ရာစီမံကိန်းများနှင့် ဟိုတယ် စီမံကိန်းများတွင်လည်း FMI ကုမ္ပဏီက ၁၂ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံလျက် ရှိသည်ဟု ဆိုသည်။