စီးပွားရေး

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း၌ လျှပ်စစ် မီတာခနှုန်းထားများ တိုးမြှင့် ပြောင်းလဲလိုက်သည့် အချိန်၌ အမေရိကန်နှင့် ဂျပန် နိုင်ငံတို့က  လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှုများ ရှိလာကြောင်း သိရ သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ကျနော် တို့ကို စိတ်ဝင်စားလို့ လာမေးတာတွေရှိပါတယ်။ အမေရိကန် လုပ်ငန်းရှင်ကလည်း ဒီကဏ္ဍမှာ ဝင်ဖို့ကြိုစား မယ်။ အထူး သဖြင့် ဂျပန်ဆိုရင် ၁၀၀၀ မဂ္ဂါဝပ်လောက် လုပ်ဖို့  ပရောဂျက်ရှိပြီးသား။ ကျနော်တို့လည်း မစ်ဆူဗစ်ရှီ ကုမ္ပဏီနဲ့ ပေါင်းပြီး လုပ်မယ်ဆိုရင် နောင်တချိန်မှာ လျှပ်စစ်ကဏ္ဍလည်း ဘာပဲပြောပြော ၂ နှစ်၊ ၃ နှစ်အတွင်း တက်လာ မယ် ဆိုရင်တော့ ကျနော်တို့ရဲ့ စက်မှုကဏ္ဍလည်း လုပ်ချင်ကိုင်ချင်စိတ်တွေ ပေါ်လာပြီးတော့ တက်လာမှာဖြစ်တယ်”ဟု ပြောသည်။

လက်ရှိ လျှပ်စစ်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနှင့် တရုတ်နိုင်ငံက အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက“လျှပ်စစ်ကဏ္ဍမှာ နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ၂၀ ရှိတယ်။ ခွင့်ပြုမိန့် တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံကျော်ဖိုးရှိတယ်”ဟု ပြောဆိုသည်။

လက်ရှိ ပြည်တွင်း လျှပ်စစ်ကဏ္ဍတွင် ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်နိုင်ငံမှ လုပ်ငန်း ၈ ခုနှင့် အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံကျော်၊ ထိုင်းနိုင်ငံမှ လုပ်ငန်း ၆ ခုနှင့် ဒေါ်လာ ၆ ဘီလီယံကျော်၊ စင်ကာပူနိုင်ငံမှ လုပ်ငန်း ၈ ခုနှင့် ဒေါ်လာ ၁ ဘီလီယံကျော်တို့နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း DICA က သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီးပွား ရေး လုပ်ငန်းများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရေးတို့ အပြင် အခြေခံပညာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘတ်ဂျက် ဘဏ္ဍာငွေကို တိုးမြှင့် လျာထားကြောင်း ပြောထားသော်လည်း မည့်သည့်ပမာဏသို့ တိုးမြှင့်သွားမည်ကို ပြောကြားခဲ့ခြင်း မရှိပေ။

ပြည်တွင်း စက်မှုဇုန်လုပ်ငန်းရှင် ဦးမြတ်သင်းအောင်က“အခုပေးရတာတော့ နိုင်ငံအများစုမှာ ပေးရတဲ့ နှုန်းထားပါ။ တောင်းတာကို လက်ခံပေးပါတယ်။ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် နိုင်ငံအများစုလိုပဲ မီးကို ဝန်ဆောင်မှု ကောင်း အောင် ပေးပါ။ မဖြတ်ပါနဲ့ နောက်ပြီး မီးရဲ့ အရည်အသွေး မီအောင်လည်း ပေးပါ”ဟု ဧရာဝတီသို့ ပြောသည်။

အခြားနိုင်ငံများနည်းတူ လျှပ်စစ်မီတာခ နှုန်းထားများမှာ ထုတ်လုပ်သူများအတွက် တွက်ခြေကိုက်မှသာ ပြည်ပမှ ရင်း နှီးမြှုပ်နံှသူများက ယင်းကဏ္ဍသို့ ဝင်ရောက်လာရန် ရှိပြီး ထို့အတူ မြန်မာနိုင်ငံ၏ လိုအပ်သော လျှပ်စစ်အားကို ဖြည့် ဆည်းနိုင်မှသာ အခြားလိုအပ်နေသော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်မည် လည်းဖြစ်သည် ဟု ပြည်တွင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လျှပ်စစ်မှ တိုးရလာမည့် ငွေကြေးပေါ်မူတည်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနှင့်လည်း ရင်းနှီးမြှုပ်နှံသူများကို အမြန်ဆုံး ကာလတို၊ ကာလလတ်၊ ကာလရှည် ပြင်ဆင်မှုများပြုလုပ်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်ဟု မျှော်မှန်းထား ကြောင်း လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်သည်၂၀၂၅ ခုနှစ်တွင် ၈ ဒသမ ၆ ဂီဂါဝပ် (GW) နှင့် ၂၀၃၀ တွင် ၁၂ ဒသမ ၆ ဂီဂါ (GW) အထိ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ထုတ်လုပ်နိုင်မှုသည် ၃ ဒသမ ၆ (GW) သာရှိပြီး ယင်း လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အလုံးစုံ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်သည် တနှစ်လျှင် ဒေါ်လာ ၂ ဘီလီယံ ရှိမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၉ မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁ ရက်မှစ၍ မီတာခနှုန်းထားကို ပြောင်းလဲ ကောက်ခံံမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်က လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ကြေညာထားသည်။

မူလ ကောက်ခံနေသော နှုန်းထားမှာ အိမ်သုံးမီတာခများကို တယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ် နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးများ အတွက် တယူနစ်လျှင် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှ နှုန်းထားသစ်တွင် တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစားများ အတွက် တယူနစ်လျှင် ၁၂၅ ကျပ် မှ ၁၈၀ ကျပ်အထိ အလွှာ အသီးသီးဖြင့် ပြောင်းလဲ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။

You may also like these stories:

လူထု လိုလားပါက ရေအားလျှပ်စစ် လုပ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

၂ မဂ္ဂါဝပ် ထွက်မည့် ဟုမ္မလင်း ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၀ ၌ အပြီးသတ်မည်ဟု ဆို

ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ မင်းဘူးတွင် ဖွင့်လှစ်

Did you find apk for android? You can find new Free Android Games and apps.
Loading