မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံမှ ခရီးသည်များ၏ လာရောက် လည်ပတ်မှုများနှင့် ငွေကြေးသုံးစွဲမှုများကို ရန်ကုန်တိုင်းဒေသကြီး တရုတ်ခရီးသွား စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေး အဖွဲ့ဖြင့် စောင့်ကြည့် သွားမည် ဖြစ် ကြောင်း သိရသည်။
ထိုသို့ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ လာရောက်မှု များပြားလာရာ လည်ပတ်မှုများ တွင် စနစ်တကျ ရှိစေရန် အတွက် လမ်းညွှန်မှုများ ပေးရန်၊ ၎င်းတို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်၊ မြန်မာ့ဓလေ့နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များနှင့် လိုအပ်လာမည့် ဧည့်လမ်းညွှန် အရေအတွက်များကို ဖြည့်ဆည်း ပေးရန် စသည့် ကိစ္စရပ်များကြောင့် ဖြစ်ကြောင်း သိရသည်။
ယခုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ တရုတ် ကမ္ဘာ့လှည့် ခရီးသည်များကို သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများက ခရီးစဉ်များ ဆောင်ရွက်ခြင်း ကိစ္စများနှင့် ပတ်သက်၍ စိစစ်ခြင်း၊ ခရီးသွား လုပ်ငန်းများမှ အချက် အလက်များ ကောက်ယူခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုများကို စိစစ်သုံးသပ်ခြင်းနှင့် တရုတ်ခရီးသွားများမှ နေ၍ နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ အကျိုးအမြတ် ရရှိရေးအတွက် မည့်သို့ စီမံခန့်ခွဲသွားမည်များကို စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံ တချို့ကို ဆိုက်ရောက် ဗီဇာခွင့်ပြုပေးထားပြီး နိုင်ငံတွင်းသို့ တရုတ်ခရီးသွားများ အများဆုံး ဝင်ရောက်ကြောင်း စောင့်ကြည့်ရေး အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒါက တရုတ်မလို့ အိန္ဒိယ မလို့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်မယ့်ဟာ မဟုတ်ပါဘူး။ ပိုမိုစနစ် တကျဖြစ်စေဖို့ အတွက် လုပ်တာပါ။ ဆာဗေးလုပ်တဲ့ သဘောပါပဲ သူတို့က အဝင်များတဲ့ အတွက် စည်းကမ်းလေးနဲ့ ဘောင်လေးနဲ့ စနစ် တကျဖြစ်အောင်ပါ” ဟု ဆိုသည်။
ဦးနိုင်ဝင်းက ဆက်လက်၍ “ ကျနော်တို့ တရုတ်ခရီးသွားမှ မဟုတ်ပါဘူး။ ဝင်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေ အားလုံးရဲ့ ခရီးသွားလာမှု လွယ်ကူရမယ်၊ လုံခြုံ မှုရှိရမယ်။ သူတို့ဆီက ရသင့်ရထိုက်တဲ့ အခွန်အခလည်း နိုင်ငံတော်က ရဖို့လည်းလိုတယ်လေ”ဟု ပြောသည်။
ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ပြီးနောက် တရုတ် ခရီးသွားများအား Zero Budget ( ဇီးရိုးဘတ်ဂျက်) ဆိုကာ ခရီးသွား ပုံစံအသစ်ဖြင့် ဆွဲဆောင်နေသည့် ကိစ္စများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်း Zero Budget (ဇီးရိုး ဘတ်ဂျက်) ဆိုသည်မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသော တရုတ်နိုင်ငံသားများ အား တရုတ်ခရီးသွား အေဂျင်စီတို့က ၎င်းတို့နှင့် ချိတ်ဆက်လုပ်ကိုင်နေသော ပြည်တွင်းရှိ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင်တို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေး၍ အိမ်ပြန် အမှတ်တရ လက်ဆောင်အဖြစ် ကျောက်စိမ်း အရောင်းဆိုင်ကြီးများတွင် ဈေးတင်ရောင်းချခြင်း ဖြစ်သည်။
ထိုသို့ ဇီးရိုးဘတ်ဂျက် အရ အရောင်းအဝယ်လုပ်ဆောင်ရာတွင် ငွေပေးငွေယူကို တရုတ်နိုင်ငံ၏ အွန်လိုင်းငွေပေးချေမှု ကိုသာ အသုံးပြုကြသဖြင့် အိမ်ရှင်နိုင်ငံက ရသင့်ရထိုက်သော အခွန်များမရဘဲ နစ်နာရကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေး အသင်း၏ အကြံပေး ဦးဖြိုးဝေရာဇာက “ မြန်မာနိုင်ငံထဲကို လာရောက်လည် ပတ်ကြတဲ့ ဧည့်သည်တွေရဲ့ ငွေကြေး စီးဆင်းမှု ကိစ္စကိုတော့ လုပ်ရတာ ခက်လိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ Ali pay တို့ Wechat တို့နဲ့ ပေးတဲ့အခါကျတော့ ကျနော်တို့ ဘဏ်တွေကနေ ငွေကြေး စီးဆင်းသွားတာ မဟုတ်တော့ အဲ့ဒီအဖွဲ့က ဘယ်လို စောင့်ကြည့်လို့ရမလဲ”ဟု ဆိုသည်။
ဦးဖြိုးဝေရာဇာ က “စောင့်ကြည့်လေ့လာတယ် ဆိုတာ ဒီနေ့ ရွှေတိဂုံဘုရားမှာ တရုတ်ဧည့်သည် ဘယ်နှစ်ယောက်လာလဲ ဆိုတာ ရေတွက်ရုံကလွဲလို့ ဘယ်ကုမ္ပဏီက ဘယ်နှစ်ယောက်လဲ ဆိုတာ ကြည့်ဖို့ ဆိုတာကိုပဲ တော်တော်လေးကို လုပ်ယူ ရမယ် ထင်တယ် ” ဟု ပြောဆိုသည်။
တရုတ် ခရီးသည် စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေး အဖွဲ့ အနေဖြင့် တရုတ်ခရီးသည်များ လာရောက် လည်ပတ်သည့် အစီအစဉ်များကို သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ လေဆိပ်စီမံခန့်ခွဲရေး အဖွဲ့အစည်းများ၊ သယ် ယူပို့ဆောင်ရေးအသင်းများ၊ ဧည်လမ်းညွှန် အသင်းများနှင့် ချိတ်ဆက်ကာ လေ့လာစစ်တမ်း ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ တရုတ်ခရီးသွားများကို လေ့လာစောင့်ကြည့်ပြီး တွေ့ရှိချက်များကို ဇူလိုင်လ ပထမပတ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဟု ဦးနိုင်ဝင်းက ပြောသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာမှ ဇန်နဝါရီလ အထိ နိုင်ငံခြား ခရီးသွားဝင်ရောက်မှုသည် ၃၂၅၀၅ ရှိခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ အထိ တွင် ၃၈၀၁၇၂ အထိရှိခဲ့ကာ ယင်းအနက် ဥရောပနိုင်ငံများမှ ခရီးသည် လေးသောင်းဝန်ကျင်နှင့် ကျန်ခရီးသည်များမှာ တရုတ်နှင့် အာရှနိုင်ငံများက ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
ယခုနှစ်တွင် ယခင်နှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ အနည်းငယ် တိုးတက်လာခဲ့ပြီး ထိုအထဲတွင် တရုတ်ခရီးသွားဝင် ရောက်မှုသည် နှစ်ဆကျော်အထိ တိုးတက်လာလျက် ရှိသည်။
ယခုဖွဲ့စည်းသည့် စောင့်ကြည့်ရေး အဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်/ခရီး ဝန်ကြီးဌာန, မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး အသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အစရှိသည့် အသင်း အဖွဲ့မှ တာဝန်ရှိသူများ ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
You may also like these stories:
နိုင်ငံခြားသားခရီးသွားများ လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များ ရန်ကုန်တွင် ဖော်ထုတ်မည်
ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး
မန္တလေးသို့ အရှေ့တိုင်းခရီးသွား လာရောက်မှု ၅လအတွင်း ၃သိန်းခန့်ရှိ
မြန်မာနှင့်ထိုင်း ဟိုတယ်လုပ်ငန်းရှင်များ ဒေါ်လာ ၆၃ သန်းတန် စီမံကိန်း MOU ရေးထိုး