စီးပွားရေး

စီးပွားရေး လုပ်ငန်းများ တရားမျှတမှု မရှိလျှင် တိုင်ကြားနိုင်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ အတွင်း တရားမျှတမှု မရှိသည့် လုပ်ငန်းများကို တိုင်ကြားနိုင်ရန် အတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်သည် စတင်ဖွဲ့စည်းသည့် အချိန်မှ ယနေ့အထိ တိုင်ကြားမှု အလွန် နည်းပါးသေးကြောင်း သိရသည်။

ကော်မရှင်ဖွဲ့စည်းပြီး ၉ လနီးပါး ကြာမြင့်သည့် အချိန်အထိ တိုင်ကြားမှု အရေအတွက် နည်းနေခြင်းကြောင့် တိုင်းဒေ သကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့ကြီး တချို့၌ ယင်း ကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားများ ပြုလုပ်လျက်ရှိရာ ဇွန် လ ၂၄ ရက်က  မန္တလေးမြို့တွင် လာရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးမင်းမင်းက ပြော သည်။ 

ဦးမင်းမင်းက“အခုဆိုရင် ၉ လအတွင်း တိုင်ကြားမှု ၂ ခုသာ လက်ခံရရှိသေးတယ်။ အဲဒီလို တိုင်ကြားမှုတွေမှာ ကျ နော် တို့ ကော်မရှင် အနေနဲ့ ဒီတိုင်ကြားမှု နှစ်ခုအတွက် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ဖွဲ့ပြီးသွားပြီ။ စစ်ဆေးဖော်ထုတ်ပြီး အရေး ယူပြီးရင်တော့ ထုတ်ပြန် ကြေညာပေးမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။ 

စားသုံးသူအတွက် နစ်နာမှု ရှိသည့် ဈေးကွက်ယှဉ်ပြိုင်မှုများ၊ မသမာမူများ ဖြစ်ပေါ်လာပါက ပြိုင်ဘက် လုပ်ငန်းရှင်မှ မဟုတ်ဘဲ အများပြည်သူ အနေဖြင့်လည်း ကော်မရှင်သို့ တိုင်ကြားနိုင်သည်ဟု ကော်မရှင်က ပြောဆိုသည်။ 

စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးနိုင်ရန် အတွက် ယှဉ်ပြိုင်မှု ဥပဒေ (Competition law) ကို ၂၀၁၅ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို၂၀၁၇ ခုနှစ် အတွင်း ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်မှ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မ ရှင်ကို၂၀၁၈ ခုနှစ် အောက်တိုဘာလက စတင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဥပဒေ၏ ရည်ရွယ်ချက်မှာ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှင်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ၊ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့ မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်ရန် ဟု ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်း ပြည်ပ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်တွင် မျှတမှု မရှိသော ဈေးကွက် ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ရန်၊ ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်၊ စီးပွားရေး လုပ်ငန်းများကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံများကို ထိန်းချုပ်နိုင်ရန် အစရှိသည်တို့ ဥပဒေ ၌ ပါရှိသည်။

စီးပွားရေး လေ့လာသုံးသပ်သူ တဦး ဖြစ်သည့် ဦးသုတအောင်က“ဈေးကွက် ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး ကိုယ့်အနီး အနား က လူတွေ ဥပဒေချိုးဖောက်နေရင်လည်း ဒီအတိုင်း ကြည့်မနေဘဲ တိုင်ကြားဖို့ လိုပါတယ်။ ဒါမှသာ ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ရရှိမှာ ဖြစ်သလို စားသုံးသူ အတွက်လည်း ရွေးချယ်ခွင့် ပိုများလာ မယ်” ဟု ပြောသည်။ 

ကော်မရှင်အား ပြဿနာရှာသော အဖွဲ့အစည်းဟု မမြင်ဘဲ စားသုံးသူ အပေါ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက မသမာနည်းဖြင့် အမြတ်တင်ခြင်း၊ ဈေးကွက် လွှမ်းမိုးခြင်း မဖြစ်ရန် အတွက် မြေပြင်အခြေအနေမှန် သိရှိရန် တိုင်ကြား မှုများ လိုအပ်ပြီး တိုင်ကြားခံရသော ကုမ္ပဏီသည်လည်း နောင်တွင် ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြုအမူမျိုး ဆင်ခြင် မည်ဟု ၎င်းက ဆိုသည်။ 

မန္တလေးမြို့မှ ရေသန့် လုပ်ငန်းရှင် တဦးဖြစ်သူ ဦးအောင်က“တချို့ကိစ္စတွေကျတော့ စီးပွားရေး လုပ်ရိုးလုပ်စဉ် အ တိုင်း ပြဿနာ မရှိဘူး ဆိုပြီး ထင်ထားတဲ့အရာတွေက ဒီယှဉ်ပြိုင်မှု ဥပဒေ အရ ငြိနေတာတွေ ဖြစ်နိုင်တယ်။ အဲဒီ တော့ ဘယ်လိုအချက်တွေကတော့ လုပ်ခွင့်ရှိတယ်။ မရှိဘူး ဆိုတာမျိုး ကော်မရှင်ဆီက အကြံဉာဏ် တောင်းခံလို့ ရရင်တော့ ကောင်းတယ်”ဟု ပြောသည်။ 

ယှဉ်ပြိုင်မှု ဥပဒေ အရ မည်သည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းမဆို ဈေးကွက် ယှဉ်ပြိုင်မှုကို တရားမမျှတသော နည်း လမ်းများဖြင့် ကန့်သတ်ထိန်းချုပ်ရန် ဆောင်ရွက်ပါက အနည်းဆုံး ဒဏ်ငွေ ကျပ်သိန်း ၅၀ မှ အများဆုံး သိန်း ၁၅၀ (သို့မဟုတ်) အနည်းဆုံး ထောင်ဒဏ် ၁နှစ်မှ အများဆုံး ၃ နှစ် (သို့မဟုတ်) ငွေဒဏ်ရော ထောင်ဒဏ်ပါ ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဟု ပြဋ္ဌာန်း ထားသည်။

You may also like these stories:

နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရေး ဥပဒေသစ် အလုပ်သမား အားလုံး အကျုံးဝင်ရန် ဆောင်ရွက်

စီးပွားရေး လုပ်ကိုင်ရ လွယ်မှု အဆင့် တက်ရန် ပြောင်းလဲမှုများ လုပ်ဆောင်နေဟု ဆို

ကမ္ဘာ့ဘဏ် စီးပွားရေး လုပ်ကိုင်လွယ်ကူ သတ်မှတ်အဆင့် မီရေး ကြိုးပမ်းနေဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading